ငါ့ပိုင်ဆိုင်မှု

2.3K 212 17
                                    

အပိုင်း နှစ်ဆယ့်သုံး

ငါ့ပိုင်ဆိုင်မှု

တစ်ခါတလေမှာ တစ်ချို့အရာတွေဟာ ကိုယ်နဲ့တန်ရဲ့လားလို့ ဇဝေဇဝါဖြစ်လာတဲ့အခါ လူတွေက လွတ်ချလိုက်ဖို့ ရွေးချယ်တတ်ကြတယ်။ အဲဒီထဲမှာ အတိတ်တွေပါမယ်။ ပစ္စုပ္ပန်နဲ့ အနာဂတ်လည်း ပါကောင်းပါလိမ့်မယ်။

ကမ္ဘာကြီး ပုံမှန်ပြန်လည်ပတ်ဖို့ အိတ်ကပ်ကြီးနဲ့အပြည့် ငါ့ပိုင်ဆိုင်မှုတွေ လွှတ်ချခဲ့ရတယ်။ ထည့်သိမ်းထားတဲ့ လိမ္မော်သီးလေးတစ်လုံး လွှတ်ကျသွားခဲ့တယ်။ ဒါဟာ ရှိရှိသမျှ အကုန်ပါပဲလေ။

မုသာဝါဒါဟာ အိတ်ကပ်ရဲ့ ဟိုးဒေါင့်ဆုံးမှာ ဖက်တွယ်ကျန်နေလေရဲ့။

................

ပြင်ဦးလွင်မြို့ရဲ့ မနက်ခင်းလေက နှာဝဆီတိုးဝင်လာတော့ အပြည့်အဝ ရှုရှိုက်လိုက်သည်။ လတ်ဆတ်သော၊ အေးမြသော အငွေ့အသက်နဲ့အတူ ခံစားရမှုက နှုတ်ဆက်ခွဲခွာခြင်း။

တစ်ခါတလေ တောင်ပေါ်မြို့လေးတစ်ခုမှာပဲ ခြေချဖို့တွေးမိပါတယ်။ လသာတဲ့အချိန် ကြယ်တွေကို အနီးဆုံးမြင်ရမယ့် နေရာမျိုး။ ဟွန်းတီးသံတွေ မဆူညံဘဲ လမ်းတစ်လျှောက် နှုတ်ဆက်စကားသံတွေ ပြည့်နေမယ့် နေရာမျိုး။ အဲလိုနေရာမျိုးမှာ လတ်ဆတ်တဲ့လေတွေ တစ်ဝကြီးရှုပြီး ဘဝဟာ နှစ်လိုစရာချည်းပါလို့ တွေးနေချင်မိတယ်။ သို့ပေမဲ့လည်း ကျွန်တော်တို့ အိပ်မက်တွေကိုဖန်တီးဖို့ ကြိုးတွေအားလုံး ပြတ်တောက်ရန်လိုတဲ့အခါ ဘယ်ကြိုးတွေကို အရင် ဖြတ်တောက်ပြစ်ရမလဲ။ ဖြတ်တောက်နိုင်ပါ့မလား။ ဒါဟာ ဖြေရန်မလိုတဲ့ မေးခွန်းတစ်ခုမို့ ဖြေဖို့ကို မကြိုးစားချင်ပါနဲ့။

သုခ ဘုန်းရောင်နေလင်း၏ ကျယ်ပြန့်သော ပုခုံးပြင်နှင့် ရှည်လျားသော အရပ်အမောင်းကို နောက်ကျောမှကြည့်ရင်း တွေးမိတာက လင်းလည်း အရပ်ရှည်တယ်။ ညီအစ်ကိုနှစ်ယောက်လုံး အရပ်ရှည်တာပဲ။

"ကျွန်တော်ကားမောင်းခဲ့မယ်။ ခင်ဗျားအိပ်ချင်အိပ်လိုက်ခဲ့။ မန္တလေးရောက်ရင် နှိုးမယ်။"

ပြင်ဦးလွင် အပြန်ခရီးကို သုခပြည့်လျှံက ကားမောင်းပြီး ဘေးထိုင်ခုံမှာတော့ ဘုန်းရောင်နေလင်းက အိပ်လိုက်ရန် သဘောတူခဲ့သည်။ သိပ်ကို အိပ်ချင်လွန်း၍သာ ခေါင်းငြိမ့်လိုက်ရသော်လည်း သုခ၏ ကားမောင်းစကေးသည် တော်ရုံမဟုတ်သည်ကို ရောင်နေအားအတည်ပြုလိုက်တာက နံနက်ကိုးနာရီမတ်တင်းတွင်ဖြစ်သည်။ ရှစ်နာရီတုန်းကမှ ပြင်ဦးလွင်မှာရှိသေးတယ် အခုတော့မန္တလေးရောက်ပြီတဲ့။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now