ကြွေလွင့်ခဲ့ရငေး အမှတ်တရ

3K 297 33
                                    

အပိုင်း တစ်ဆယ့်နှစ်

ကြွေလွင့်ခဲ့ရငေး အမှတ်တရ

အသက်တွေကြီးလာခြင်းဟာ အမှတ်တရတွေ ပိုတိုးလာခဲ့ခြင်းလို့ ထင်တယ်။ 

ပင်ပန်းတဲ့ အခိုက်အတန့်မှာတောင် ပြုံးနေနိုင်ခဲ့ရင် ဒါကလည်း အမှတ်တရ။ 

မင်းကိုမှ တမ်းတစွဲလမ်းမိလို့ အတ္တကြီးခဲ့ နွေညတွေဟာလည်း အမှတ်တရ။ 

အနားမှာရှိပေးဖို့ ဆွဲထားခဲ့တဲ့ လက်တစ်စုံကို ပြန်လှည့်ကြည့်မိတော့ မဖြစ်နိုင်တာကိုလည်း အမှတ်တွေရ။ 

အမှတ်တရဆိုတာ ပျောက်ကွယ်သွားမယ့် အရာတွေကို တမ်းတခြင်းလား။ ပျောက်ကွယ်သွားမှာမို့ အမှတ်ရခြင်းလား။ အချစ်နဲ့ ဝေးရတော့လည်း ကြွေလွင့်ခဲ့ရ။ 

လည်ပြန်ငေးကြည့်မိသမျှ အမှတ်တရတွေအနား မင်းရှိနေခဲ့လို့ ပိုလွမ်းရပါတယ်။

..............

ရွေဝါရောင်နံနက်ခင်းတွင် အရာရာသည် ငြိမ်းချမ်းခြင်းသဘောကိုသာ ဆောင်နေသည်။ သစ်ပင်တွေမှတဆင့် ဖြတ်သန်းတိုက်ခတ်လာသော လေနုအေးသည် ကောင်လေး၏ ပါးပြင်ကို ထိကပ်၍ အနမ်းမြမြမွှေးသည်၊ ကောင်လေး၏ဆံပင်များကြား တိုးဝှေ့၍ အကြင်နာနွေးနွေးပေးသည်။ လေနှင့်အတူ ပါလာသော သစ်ပင်ပန်းမာန်များ၏ လတ်ဆတ်သောအထိအတွေ့က ထိုကောင်လေး၏ အပြုံးကို ထပ်လောင်းအားဖြည့်နေသယောင်။

"ကလေးရေ။"

စီးနင်းလာသော စက်ဘီးကို ဒေါက်မထောက်ဘဲ မြေကြီးပေါ် အလျင်စလို လှဲချလိုက်တော့ သစ်ရွက်ကြွေတွေကြား စက်ဘီးကလေး ပုံလျက်သားပင် လဲကျသွားတော့သည်။ ကောင်လေးကတော့ လှည့်ပင်မကြည့်။ သရေခံဖိနပ်နီညိုရောင်ကို အိမ်အဝင်ဝမှာပင် ပြီးစလွယ်ချွတ်လိုက်သောကြောင့် တဖက်ကမှောက်၊ တဖက်ကလှန်။ ဖရိုမရဲဝတ်ထားသော ကျောင်းစိမ်းပုဆိုးမှာ ခါးပုံစရှည်ထွက်နေပြီး အင်္ကျီအဖြူလေးမှာတော့ ဘယ်မှာပေပွလာသည် မသိအောင်ကို မဲညစ်ပေတူးလျက်။ ခပ်တိုတိုညှပ်ထားသည့် ဆံပင်တွေကြောင့်သာ မျက်နှာကိုမြင်ပြီး ဘယ်သူဘယ်ဝါမှန်း ခွဲခြားလို့ရနိုင်ခြင်းဖြစ်သည်။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now