အချစ်ဦး

4.4K 392 24
                                    

အပိုင်း ငါး

အချစ်ဦး

တစ်ခါမှ မချစ်ခဲ့ဘူးလို့ ကိုယ်က စွပ်စွဲခဲ့သလို
ကိုယ့်ကိုလည်း ပြန်စွပ်စွဲကြတဲ့ အချစ်ရူး အချစ်ဦးများပေါ့

လှလှလေး လွှဲချော်ခဲ့ကြတော့ အပြန်အလှန် အပြစ်တွေတင်ရင်
ဇာတ်လမ်းမစဘဲ အဆုံးသာ သတ်ခဲ့ရ

နှစ်ထောင်ခုနှစ်များရဲ့ အစမှာတော့ ငါချစ်ခဲ့တာ ထိုလူသားတစ်ယောက်ပဲလို့ ဝန်ခံပါတယ်။

................

အခန်းတွင်းအပြည့် ချိတ်ဆွဲထားသော ပန်းချီကားများနှင့် ထည်ဝါစွာ ရှိနေသော ဧည့်ခန်းအတွင်းထဲ ဘယ်လျှောက်ညာလျှောက်ဖြင့် ဂဏာမငြိမ်ဖြစ်နေသော ကောင်လေးတစ်ယောက်ရှိပြီး သူ့နာမည်ကို လင်းဟုခေါ်သည်။ ပုခုံးပေါ်ဝဲကျနေသော ဆံပင်ရှည်တွေကို တစ်ဝက်ကနေ ဖြတ်စီးထားပြီး သူ့မျက်နှာရှင်းရှင်းလေးကို ဖော်ထားသဖြင့် လေးထောင့်မကျချင်ကျချင် သူ့မျက်နှာထားက ဝင့်ကြွားစွာ။ သို့သော် လက်ရှိအခြေအနေတစ်ချို့ကြောင့် ထိုမျက်နှာလေးက ငြိုငြိုငြင်ငြင် အညိုရောင်မျက်ဝန်းတွေဖြင့်။ စကားပြောနေရင်း လက်ဟန်ခြေဟန်ပါလာပုံက တစ်ခုခုကို အသည်းအသန်ငြင်းဆိုနေပုံရသည်။

"တော်ပြီ ဆက်မပြောနဲ့တော့ သုခပြည့်လျှံ။"

ရောင်နေ ရေနွေးပန်းကန်လုံးထဲ အဖန်ရည်ထုတ်ကို ဆယ်လိုက်နစ်လိုက်လုပ်ရင်း ခပ်လှမ်းလှမ်းမှ ဖုန်းပြောနေသော ကိုငယ်ကို လှမ်းကြည့်လိုက်သည်။ မျက်နှာကတော့ သိပ်မဟန်ချင်ပါ။ သုခပြည့်လျှံကို ဒီခရီးမှာ ရအောင်ခေါ်မည်ဟု ဆုံးဖြတ်ထားပြီး သွားခါနီးမှ တစ်ဖက်က ငြင်းလိုက်သဖြင့် ကိုငယ်ပြာနေရပြီ။

ကိစ္စအကြီးကြီးလဲ မဟုတ်ပါဘဲ ဘာဖြစ်လို့ ကိုငယ်စကားတွေ အများကြီးပြောနေရတာလဲဟု ရောင်နေ တစ်ဖက်သတ်တွေးမိသော်လည်း ထုတ်မပြောဖြစ်ပါ။ သူငယ်ချင်းလို့ ပြောနေပေမဲ့ သူတို့အခြေအနေအမှန်ကို ကိုယ်မှ မသိဘဲမဟုတ်လား။ ဒါမှမဟုတ် ကိုယ်က မသိချင်ယောင်ဆောင်ထားပါတယ် ပြောရမလား။

"ဘာတဲ့လဲ ကိုငယ်။"

နောက်ဆုံး တစ်နာရီကျော်လောက် ဖုန်းပြောပြီးနောက်မှာ လင်းက လက်လျှော့လိုက်ပုံရ၏။ လက်ကိုင်ဖုန်းကို စားပွဲခုံပေါ်ချရင်း ရောင်နေဘေးက နေရာလွတ်မှာ ဝင်ထိုင်လိုက်သည်။ စပို့ရှပ်အဖြူရောင်လေးနှင့် ဂျင်းဘောင်းဘီရှည်အနက်ရောင် တွဲဖက်ကာ ဘာကိုမှဆန်းဆန်းပြားပြား ဝတ်ဆင်ထားခြင်း မရှိသော်လည်း ဒီဧည့်ခန်းထဲမှာ အတောက်ပဆုံးက လင်းဖြစ်နေ၏။ လက်ဖျံကြောပေါ်မှာရှိသည့် ဖဲချပ်အမှတ်အသားတက်တူးတွေဟာ တစ်ခုကိုအရောင်တစ်မျိုးဆီဖြင့် ရည်ညွှန်းရာ အဓိပ္ပာယ်ရှိမည်မှာ သေချာသော်လည်း ရောင်နေက ဖဲသမားမဟုတ်သည်မို့ ချက်ချင်းတော့ နားမလည်နိုင်ပါ။ ပြီးတော့ အင်္ဂလိပ်အက္ခရာ "အေ"ကို လက်ကောက်ဝတ်မှာ နီရဲစွာဖြင့် ရေးလို့ထား၏။ တက်တူးထိုးထားသည့် ရုပ်ပုံတွေဟာ ရည်ရွယ်ချက်တစ်ခုခုများ ရှိနိုင်မလားလို့ တွေးမိပါတယ်။ ဝက်ဝံရုပ်သေးသေးလေးနဲ့ မျောက်ကလေးတစ်ကောင်၊ ဘာကိုဆိုလိုချင်မှန်းမသိတဲ့ ဂဏန်းအက္ခရာတွေ၊ ပျံလွှားငှက်နဲ့ သူဦးတည်ရာ တိမ်တိုက်ပုံတွေ၊ အသေးစိတ်ကြည့်ရင်တောင် ရှင်းရှင်းလင်းလင်း အဖြေမရနိုင်မယ့် မေးခွန်းတွေနဲ့ ထိုတက်တူးတွေဟာ ဘေးလူတွေအတွက် ပဟေဠိတစ်ခုလို။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now