ဆု

3.1K 312 45
                                    

အပိုင်း တစ်ဆယ့်သုံး

ဆု

မိုးနတ်မင်းရှိတယ်ဆိုရင် မြေစောင့်နတ်လည်း ရှိတန်ကောင်းရဲ့။

တစ်စုံတစ်ရာကို မှန်လို့ချမယ့် ဆုံးဖြတ်ချက်တွေအတွက် တရားစောင့်နတ်လည်း ရှိနေသင့်ပါရဲ့။ ကိုယ်တရားတာကို သိနိုင်ဖို့၊ ကိုယ်တရားတယ်ဆိုတာကို ပြောပြနိုင်ဖို့ပေါ့။

အော်...လူသားတွေလား။ သူတို့က လောဘကို စကားလုံးလှလှနဲ့ သုံးကြတယ်။ "ဆုတောင်း"တဲ့။ ကြွေချင်ရာကြွေ သူတို့မှ ဝေချင်တယ်။

......................

တက္ကသိုလ်မဝင်ခင် ဖြေဆိုရသော ဗိုလ်ရွေးစာမေးပွဲအောင်သည်ဆိုသည့် သတင်းသည် သူတို့မိဘများအတွက် ဝမ်းသာစရာဖြစ်သော်လည်း ကာယကံရှင်ဖြစ်သည့် သုခနှင့်လင်းတို့နှစ်ယောက်ကတော့ စိတ်ပျက်သွားရ၏။ မိဘနှစ်ပါးတို့ရဲ့ ရင်းနှီးမှုကြောင့် ဆယ်တန်းပြီးကတည်းက မကြာခဏတွေ့ဖြစ်ကာ ဒီလူနဲ့ဒီလူ ပိုပိုပြီးခင်မင်လာခဲ့သည်မှာ မထူးဆန်းပေ။ နောက်ထပ် အဆင့်ဆင့်သော စာမေးပွဲတွေကျော်ဖြတ်ပြီးနောက် အောင်မြင်လာသော သူတို့နှစ်ယောက် ပြင်ဦးလွင်မှာရှိသည့် တပ်မတော်နည်းပညာတက္ကသိုလ်သို့ သွားရန် ပြင်ဆင်ရတော့သည်။

ဆံပင်ကိုညှပ်၊ ကေကိုဖြတ်ကာ ပုဆိုးနှင့်တိုက်ပုံလည်း ချုပ်ကြရ၏။ ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီး မျက်ရည်ထွက်အောင် ရီခဲ့ရတာတွေ၊ တိုက်ပုံနဲ့ပုဆိုးကို အသားမကျခဲ့တာတွေ တကယ့်ကို နှစ်ယောက်သား ကမှောက်ကမ ဖြစ်ခဲ့ကြသည်။

"ငါအကျင့်ကလည်း စာမေးပွဲဆို စာစစ်သူအထင်ကြီးအောင် ဖြေရမှ၊ အခုလို အရည်အချင်းစစ် စာမေးပွဲဆို ပြောမနေနဲ့တော့။ တက္ကသိုလ်သာ မတက်ချင်တာ အထင်သေးခံပြီး စာမေးပွဲလည်း ကျအောင်က မဖြေချင်ပြန်ဘူး။"

ဟုတ်တာ မဟုတ်တာထက် ထိုကဲ့သို့ ကြီးကြီးကျယ်ကျယ်တွေ ပြောပြီးနောက် နှစ်ယောက်သား ရီကြပြန်သည်။ ဘာပဲပြောပြော ထိုတက္ကသိုလ်ဆီကို သေတ္တာကလေးတစ်လုံးစီဖြင့် သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကိုးစွာဖြင့် ရောက်ရှိလာခဲ့ကြ၏။ အနိုင်ကျင့်မှာတွေ၊ အဆူခံ၊ အပြောခံရမှာတွေကို ကြိုတင်သိထားရင်း အားတင်းခဲ့နိုင်တာလည်း အနားမှာ ငါ့သူငယ်ချင်းရှိတယ်ဆိုတဲ့စိတ်ကြောင့်သာ။ မဟုတ်ရင် မလွယ်လောက်ပါဘူး။ ဒေါက်တင်ပွဲပြီးလို့ စီနီယာတွေနဲ့ ရင်ဆိုင်ရချိန် သူတို့နှစ်ယောက်အပါအဝင် ပထမနှစ်ဗိုလ်လောင်းအားလုံးက ရှိ၊ မရှိ၊ ဟုတ်၊ မဟုတ် ဖြင့်သာ လုံးချာလည်ပတ်ရမ်းနေခဲ့ကြသည်။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Onde histórias criam vida. Descubra agora