ဝေး

2.7K 289 40
                                    

အပိုင်း တစ်ဆယ့်ခုနှစ်

ဝေး

ပထမအရွယ်တုန်းက တစ်ချိန်မှာ အိမ်ကနေ ဝေးရာဆီကို ထွက်သွားမယ်လို့ ငါကြံရွယ်ခဲ့တယ်။ အဲဒီတုန်းက မင်း မရှိသေးဘူး။

အခု မင်းရှိလာတဲ့ ဒုတိယအရွယ်၊ ဒီတစ်ကြိမ်တော့ မင်းဆီကနေ အဝေးဆုံးကို ထွက်သွားချင်မိပြန်တယ်။

ဒါပေမဲ့ အဝေးဆုံးဆိုတာလည်း ငါ့အတွက်တော့ မင်းလက်တစ်ကမ်းလောက်ကို အရဲစွန့် ထွက်ပြရခြင်းပါပဲ။ ချည်တိုင်တွေ မရှိလည်း ဒီတိုင်မှာပဲ တဝဲလည်လည် ရစ်ပတ်နေခဲ့တယ်။ အိပ်ကပ်ထဲက နောက်ဆုံးလက်ကျန် ဆေးပေါ့လိပ်လို မင်းကို ငါစွဲလမ်းခဲ့ပုံများ။ သံယောဇဉ်တွယ်ခဲ့ရပုံများ။

နောက်တစ်ကြိမ် ဆေးပေါ့လိပ်လေး ခဲပြီး မင်းအိမ်ရှေ့ကို ငါရောက်ရှိပြန်တော့၊ သေချာပါတယ်... ပထမအရွယ်တုန်းက ငါ့အိမ်ကနေ ဝေးရာဆီကို ထွက်သွားချင်ခဲ့တာ။

.......................

"ကိုယ်ရည်ကိုယ်သွေး သာမန်ဖြစ်တာနဲ့ သာမန်မဖြစ်တာကို စိတ်ပညာမှာ ဘယ်လိုသတ်မှတ်ထားလဲ။"

သုခ သူသိပ်ကို သိချင်နေသည့် မေးခွန်းကို ဘုန်းရောင်နေလင်းအား မေးဖြစ်ခဲ့သည်။ သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးဆက်ရှင်လို့ ကိုကြီးရောင်နေ ပြောခဲ့တဲ့ အပတ်မှာပေါ့။ အနာကပ်ပလာစတာလေး ကပ်ထားဆဲဖြစ်ပေမဲ့ သုခလက်တွေက ထပ်ပြီးကုပ်ဖဲ့ခြင်းမျိုးတော့ မရှိတော့ပြီဖြစ်သည်။ အရင်လက်ကျန် အနာလေးတွေ သွေးစို့နေတုန်း ဖြစ်တာကြောင့်သာ ဖုန်တွေသဲတွေ မဝင်အောင် အကာအကွယ်ယူထားခြင်း သဘောသာဖြစ်၏။

စိတ်တွေလည်း ပိုမိုပေါ့ပါးလာသလို အရာရာကို ရှင်းလင်းစွာ သိလာရခြင်း၏ အကျိုးဆက်ကြောင့် သတ္တိပင် ပိုကောင်းလာခဲ့သော သုခပြည့်လျှံသည် အခုဆို ဘုန်းရောင်နေလင်းဖြင့်လည်း အတော်ရင်းနှီးနေပြီဖြစ်သည်။ တစ်ခါတလေ အေးတိအေးစက်နိုင်ပေမဲ့ ကြင်နာသနားတတ်ပြီး စိတ်ရှည်သော ကိုကြီးရောင်နေက စိတ်ရောဂါကု စိတ်ကုထုံးဆရာဝန်ဖြစ်နေသည်မှာ အလုပ်နှင့်လူ လိုက်ဖက်သည်လို့ပင် ဆိုလို့ရ၏။

လွတ်မြောက်ရန် မစွမ်းနိုင်သော (Trapped)Where stories live. Discover now