၈၂၆ - ၈၃၀

204 19 0
                                    


အပိုင်း(၈၂၆)အဆင့်သုံးဝိညာဉ်လက်နက်ဓား

.    ဒက်ခံမင်းဆက်မြို့တော် လှောင်အိမ်တိုက်ပွဲက ပွဲကြည့်စင်များ၏ အဆင့်ခြားနားချက်သည် အနည်းငယ်စုံစမ်းရုံဖြင့်ပင် သိနိုင်သောအရာဖြစ်သည်။     ကင်းရုံကိုမေးခဲ့သောအဘိုးအိုသည် ထိုအကြောင်းသိပြီမှာကြာပြီဖြစ်ကြောင်း ထင်ရှားသည်။
     “ဟုတ်တယ်"     ကင်းရုံသည် အဘိုး၏ မေးခွန်းနှင့်ရင်ဆိုင်ရချိန်၌ ခေါင်းညိတ်လိုက်သည်။         “သူက အစောက ဖုန်ကလန်လို့ ပြောလိုက်တာလား...ဖုန်ကလန်...ဟိုဖုန်ကလန်လား"    သွမ့်လင်းထျန်နှင့် ဖုန်ကလန်ကလူသုံးယောက် သူတို့မျက်စိရှေ့က ပျောက်ကွယ်သွားချိန်၌ နောက်ထပ်အဘိုးအိုတစ်ယောက်သည် သွမ့်လင်းထျန်၏ စကားလုံးများထဲက အဓိပ္ပာယ်ကိုသတိထားမိလိုက်ပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်စွာဖြင့် မေးလိုက်သည်။
    နောက်ပိုင်း၌ အဘိုးအိုများ၏ အကြည့်သည့် ကင်းရုံအပေါ် စုပြုံကာကျဆင်းလာသည်။
     ဒက်ခံမင်းဆက်၏ နယ်နမိတ်ထဲတွင် ဖုန်ကလန်ကို မသိသူ မည်သူရှိပါမည်နည်း ....
    ဖုန်ကလန်သည် ဒက်ခံမင်းဆက်ထဲတွင် အင်ပါယာမိသားစုထက်သာနိမ့်ကျသောကလန်ဖြစ်သည်။    ပြောစကားများအရ ဒက်ခံမင်းဆက်၏ အင်ပါယာမိသားစုပင် ဖုန်ကလန်နှင့် တကယ်ပဋိပက္ခမဖြစ်ရဲဟု ဆိုသည်။    အင်ပါယာမိသားစု၏ လျှို့ဝှက်အင်အားများ အရင်းအမြစ်များဖြင့် ဖုန်ကလန်ကို ရှင်းပစ်ချင် ရှင်းပစ်နိုင်လောက်သည်။    သို့သော်လည်း ဖုန်ကလန် အရှင်းပစ်ခံရလျှင်ပင် အင်ပါယာမိသားစုသည်လည်း သေချာပေါက် အကြီးအကျယ်အထိနာလိမ့်မည်ဖြစ်သည်။    ၎င်းကိုကြည့်၍ ဖုန်ကလန်မည်မျှ ကြောက်ဖို့ကောင်းကြောင်းကိုသိနိုင်သည်။    ထို့ကြောင့် ဒက်ခံမင်းဆက်တွင် ဖုန်ကလန်၏ အဆင့်အတန်းသည် အလွန်မြင့်မားကာ အင်ပါယာမိသားစုထက်သာနိမ့်ကျနေခြင်းဖြစ်သည်။    ယခု၌ ကျောက်တုံးနက်အင်ပါယာက လူရွယ်တစ်ယောက်သည် ဖုန်ကလန်၏ အဆင့်မြင့်ပုဂ္ဂိုလ်များနှင့် အဆက်အစပ်ရှိနေသည်လော....    ၎င်းက သူတို့ကို အံ့ဩစေသည်။
     “ဟုတ်တယ်...အဲ့ဖုန်ကလန်ပဲ"    အဘိုးအိုများ၏ မေးခွန်းနှင့် ရင်ဆိုင်ရချိန်၌ ကင်းရုံခေါင်းညိတ်လိုက်သည်။   သူ၏ အမြင်အရ ၎င်းသည် လျှို့ဝှက်ချက်မဟုတ်ပါ။
    ဒက်ခံမင်းဆက်၏ ကလန်အသီးသီးက အဆင့်မြင့်ပုဂ္ဂိုလ်များစုရုံးလာသည်နှင့် ဖုန်ကလန်ကလူ မည်သူဖြစ်ကြောင်း သေချာပေါက် ပေါ်ပေါက်လာမည်ဖြစ်ပြီး ဖုံးကွယ်ဖို့ ခက်ခဲသည်။         သူတို့သည် ၎င်းကို ခန့်မှန်းပြီးပြီဖြစ်သော်လည်း ကင်းရုံကိုယ်တိုင်ကိုယ်ကျ ၀န်ခံလိုက်သည်ကို ကြားချိန်၌ အဘိုးအိုများ ပင့်သက်ရှိုက်လိုက်ကြသည်။         “ကင်းရုံ...အဲ့ဒီလူက ဖုန်ကလန်က ဘယ်အဆင့်ပုဂ္ဂိုလ်လဲဆိုတာ မင်းသိလား"    အဘိုးအိုတစ်ယောက်သည် သိချင်စိတ်ဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။         “ဖုန်ကလန်မှာ အစွမ်းထက်ဆုံးက ဘယ်သူလဲ...သူက အဲ့လူပဲ"    ကင်းရုံ ဖြည်းလေးစွာဖြင့် ပြောလိုက်သည်။
    အဘိုးအိုများ ကြက်သေသေသွားခြင်းနှင့်အတူ တစ်ချိန်တည်းမှာပင် ကင်းရုံသည် ကျောက်တုံးနက်အင်ပါယာက အခြားပါရမီရှင်ရှစ်ယောက်ကိုခေါ်ကာ သူတို့နှင့်အတူ ပျံသန်းလာခဲ့သည်။         ကင်းရုံနှင့် အခြားပုံရိပ်များ သူတို့၏ မျက်စိရှေ့က ပျောက်ကွယ်သွားမှသာ အဘိုးအိုများ ကြက်သေသေရာမှ သတိပြန်၀င်လာကြသည်။
     “ကျောက်တုံးနက်အင်ပါယာမှာ လူငယ်ကျွမ်းကျင်သူတစ်ယောက်ပေါ်လာရုံတင်မကဘူး အဲ့ဒီလူငယ်ကျွမ်းကျင်သူက ဖုန်ကလန်ရဲ့ အကြီးဆုံးသခင်ကြီးနဲ့တောင် ဆက်စပ်နေတယ်"
    “ဆက်စပ်နေသလောက်မရိုးရှင်းဘူး...ကျုပ်မမှားရင် အစောကဖုန်ကလန်အကြီးဆုံးသခင်ကြီးရဲ့ ဘေးက အနီရောင်အ၀တ်အစားနဲ့ မိန်းကလေးက မကြာသေးခင်က နာမည်ကြီးနေတဲ့ ဖုန်ကလန်အကြီးဆုံးသခင်ကြီး အရှင်ဝူတောက်ရဲ့ သမီးဖြစ်လိမ့်မယ်"
    “ကျုပ်ကြည့်ရတာ အဲ့ဒီအရှင်ဝူတောက်ရဲ့သမီးက သွမ့်လင်းထျန်နဲ့ အရမ်းရင်းနှီးတဲ့ပုံပဲ...သူတို့နှစ်ယောက်က ဟိုလိုမျိုးများလား"
    .............
    အဘိုးအိုများ မှန်းဆလိုက်ကြပြီး တစ်ချိန်တည်းမှာပင် အသက်ပြင်းပြင်းရှိုက်လိုက်ကြသည်။
    “ကြည့်ရတာ ငါတို့ သွမ့်လင်းထျန်ကို စော်ကားလို့မရရုံတင်မကဘူး နောက်ကျရင် ကျောက်တုံးနက်အင်ပါယာကိုတောင် ပြဿနာသွားရှာလို့မရတဲ့ပုံပဲ"   မကြာခင်တွင် အဘိုးအိုများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
    သွမ့်လင်းထျန်ကတော့ ထိုအရာများကို မသိပေ။         လက်ရှိ၌ သူသည် ဖုန်ဝူတောက်၊ ဖုန်ထျန်းဝူ၊ အကြီးအကဲခုန်တို့နှင့်အတူ ဖုန်ကလန်အိမ်တော်ထဲ ပြန်ရောက်နေပြီဖြစ်သည်။
    အဘွားရှူသည် သူတို့အတွက် စားကောင်းသောက်ဖွယ်များစွာ ပြင်ဆင်ပေးသည်။         စားသောက်ပြီးသည့်နောက် အကြီးအကဲခုန် သွမ့်လင်းထျန်ကို ကြည့်လ်ုက်သည်။     “ညီလေးသွမ့်......"
     “ဗျ"    သွမ့်လင်းထျန် အကြီးအကဲခုန်ကို အနည်းငယ် ထူးဆန်းစွာဖြင့် ကြည့်လိုက်သည်။    အကြီးအကဲခုန် ဘာလုပ်ချင်ကြောင်းကို သူမသိပေ။
    ဝှစ်....
    လက်မြှောက်လိုက်ခြင်းနှင့်အတူ အကြီးအကဲခုန်၏ လက်ထဲတွင် အနက်ရောင်အလင်းယှက်သန်းနေသော သုံးပေရှည်လျားသော အနက်ရောင်ဓားတစ်ချောင်း ပေါ်လာကြောင်းကို တွေ့လိုက်သည်။
    “အဆင့်လေးဝိညာဉ်လက်နက်"    သွမ့်လင်းထျန်သည် အကြည့်တစ်ချက်နှင့်အတူ ဓား၏ အဆင့်ကို သိလိုက်ပြီး တစ်ချိန်တည်းမှာပင် အကြီးအကဲခုန်၏ ရည်ရွယ်ချက်ကို နားလည်လိုက်ရာ သူ၏ နှလုံးသား အနည်းငယ် နွေးသွားသည်။
   “ညီလေးသွမ့်...မင်းက ဓားသမားဆိုတာ ကျုပ်သိတယ်....မနက်ဖြန် မင်းဆက်ရဲ့သိုင်းပြိုင်ပွဲကျရင် ညီလေးသွမ့် အဆင့်လေးဝိညာဉ်လက်နက်ရှိတဲ့ ဒက်ခံမင်းဆက်ကပါရမီရှင် တချို့နဲ့ သေချာပေါက် တွေ့လိမ့်မယ်....ညီလေးမှာ အဆင့်လေးဝိညာဉ်လက်နက်မရှိရင် အားနည်းချက်ဖြစ်နေလိမ့်မယ်"    “ဒီအဆင့်လေးဝိညာဉ်လက်နက်က ကျုပ် ကျုပ်ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ကို ဟိုးအရင်က သန့်စင်ခိုင်းထားတာ...အခု ညီလေးကို လက်ဆောင်ပေးမယ်"        သို့သော်လည်း သွမ့်လင်းထျန်သည် ၎င်းကို လက်ခံဖို့ သူ၏ လက်ကို ဆန့်ထုတ်ခြင်းမရှိဘဲ ခေါင်းခါယမ်းလိုက်သည်။     “အကြီးအကဲခုန် ပြန်သိမ်းထားလိုက်ပါ...ကျုပ် ဒီအဆင့်လေးဝိညာဉ်လက်နက်ဓားကို မလိုပါဘူး"
     မလိုဘူး...    သွမ့်လင်းထျန်၏ သဘောထားက အလွန်ရှင်းလင်းသည်။ သူ ထိုအဆင့်လေးဝိညာဉ်လက်နက်ဓားကို မလိုအပ်ပေ။
    “ညီလေးသွမ့် အခုက အားနာရမဲ့အချိန်မဟုတ်ဘူး...ဒီလိုလုပ်ပါလား...ညီလေးသွမ့် ကျုပ်ရဲ့ ဒီအဆင့်လေးဝိညာဉ်လက်နက်ဓားကို မလိုချင်ရင် ငှားပဲ ငှားလိုက်"    အကြီးအကဲခုန်သည် သွမ့်လင်းထျန် သူ၏ လက်ဆောင်ကို လက်မခံချင်ဟု ထင်ကာ နောက်တစ်လှမ်းဆုတ်ကာ အကြံပြုလိုက်သည်။
    သွမ့်လင်းထျန် အစောကအတိုင်းရှိနေသည်ကို မြင်သောအခါ သွမ့်လင်းထျန်၏ ဘေးတွင် ထိုင်နေသော ဖုန်ထျန်းဝူသည် မနေနိုင်တော့ဘဲ သူမလည်း ဖျောင်းဖျလိုက်သည်။     “အစ်ကိုသွမ့် ယူလိုက်ပါ...အဘိုးခုန်က ‌စေတနာနဲ့ပါ"
     “ဒါ့အပြင် အဘိုးခုန်ပြောသလိုပဲ မနက်ဖြန် သိုင်းပြိုင်ပွဲမှာ ဒက်ခံမင်းဆက်က ပါရမီရှင်အများစုမှာ အ‌ဆင့်လေးဝိညာဉ်နက်တွေရှိနေမှာ...အစ်ကို့မှာ အ‌ဆင့်လေးဝိညာဉ်လက်နက်မရှိရင် အားနည်းချက်ဖြစ်နေလိမ့်မယ်"     ဖုန်ထျန်းဝူ အနည်းငယ်စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
     ဖုန်ထျန်းဝူ သူ့အား စတင်ဖျောင်းဖျချိန်၌ သွမ့်လင်းထျန် ခါးသက်သက် ပြုံးလိုက်သည်။    ဖုန်ထျန်းဝူ၏ စကားဆုံးသည့်နောက် သွမ့်လင်းထျန်၏ မျက်နှာပေါ်က ခါးသက်သောအပြုံးမှာ ပို၍ ကြီးထွားလာသည်။
    “ထျန်းဝူ...အကြီးအကဲခုန်....ညီမတို့နှစ်ယောက်လုံးက စေတနာနဲ့ပြောတာဆိုတာ အစ်ကိုသိပါတယ်...ဒါပေမဲ့ အစ်ကို တကယ် ဒီအဆင့်လေးဝိညာဉ်လက်နက်ဓားကို မလိုဘူး"    သွမ့်လင်းထျန် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။    ဒီခေတ်မှာ မင်းအမှန်တရားပြောတာကို လူတွေက ဘာလို့မယုံကြတာလဲ...         အဆင့်လေးဝိညာဉ်လက်နက်ဓား...    ၎င်းမှာ သူ့တွင် တစ်ချောင်းသာကျန်တော့ပြီး သူ့အတွက် အမှိုက်နှင့် မခြားပါ။
    “သမီးတို့ သူ့ကို ဖျောင်းဖျမနေနဲ့တော့..အဆင့်အရ သွမ့်လင်းထျန်ရဲ့ ဝိညာဉ်လက်နက်ဓားက အကြီးအကဲခုန်ရဲ့လက်ထဲက ဝိညာဉ်လက်နက်ဓားထက် အများကြီးအဆင့်မြင့်တယ်"    ဖုန်ထျန်းဝူနှင့် အကြီးအကဲခုန်တို့ ကြောင်းအမ်းအမ်းဖြစ်နေချိန်၌ ဖုန်ဝူတောက် ပြောလိုက်သည်။      သွမ့်လင်းထျန် ပင့်သက်ရှိုက်လိုက်မိသည်။    ယနေ့မင်းဆက်သိုင်းပြိုင်ပွဲ၏ ပထမအဆင့်တွင် သူသည် သူ့ဓားကို တဒင်္ဂလေးသာထုတ်ပြီး ပြန်သိမ်းခဲ့သော်လည်း ဖုန်ဝူတောက်က မြင်ခဲ့မည်ဟု သူ လုံး၀မထင်ထားခဲ့ပေ။
    “အဆင့်အရ ဒီဝိညာဉ်လက်နက်ဓားထက်တောင် မြင့်တာလား"    ဖုန်ဝူတောက်၏ စကားသည် အကြီးအကဲခုန်ကို အသက်ပြင်းပြင်းရှိုက်သွားစေပြီး သူ့လက်ထဲက အနက်ရောင်ဓားကိုကြည့်ရင်း ‌တီးတိုးရေရွတ်လိုက်သည်။
    သွမ့်လင်းထျန်ရဲ့ ဝိညာဉ်လက်နက်ဓားက အဆင့်လေးထက်တောင် မြင့်တယ်လို့ဆိုလိုတာလား....    ဒါ အဆင့်သုံးဝိညာဉ်လက်နက်လား....
     “အဖေ ဘာကိုပြောချင်တာလဲ...အစ်ကိုသွမ့်ရဲ့ ဝိညာဉ်လက်နက်က အဆင့်သုံးလား"    ထိုအချိန်၌ ဖုန်ထျန်းဝူသည်လည်း သတိပြန်၀င်လာပြီး တုန်ယင်သောအသံဖြင့် မေးလိုက်သည်။        သူမအတွက်ပင် အဆင့်သုံးဝိညာဉ်လက်နက်သည် လက်လှမ်းမမီသောအရာဖြစ်သည်။     ၎င်းမှာ ဒက်ခံမင်းဆက်တွင် အဆင့်သုံးလက်နက်ပညာရှင်တစ်ယောက်မျှ မရှိသောကြောင့် အဆင့်သုံးဝိညာဉ်လက်နက်တစ်ချောင်းပေါ်လာဖို့ အလွန်ခက်ခဲသည်။    ဒက်ခံမင်းဆက်ထဲတွင် အဆင့်သုံးဝိညာဉ်တစ်ချောင်းတည်းသာရှိပြီး ၎င်းကို အင်ပါယာမိသားစုက ပိုင်သည်။     ဖုန်ကလန်တွင်ပင် အဆင့်သုံးဝိညာဉ်လက်နက်တစ်ခုမျှ မရှိပေ။
     ယခုအချိန်၌ သွမ့်လင်းထျန်တွင် အဆင့်သုံးဝိညာဉ်လက်နက်ရှိကြောင်း ကြားသည့်အခါ သူမ မည်ကဲ့သို့ မအံ့ဩဘဲ နေပါမည်နည်း...
    “ဒါက သမီး သူ့ကို မေးရမှာ"    ဖုန်ဝူတောက်သည် တိုက်ရိုက်ပြန်မပြောဘဲ ကူကယ်ရာမဲ့သောမျက်နှာအမူအရာဖြင့်ရှိနေသည့် သွမ့်လင်းထျန်ကို ကြည့်လိုက်သည်။
    “အစ်ကိုသွမ့်..."    ချက်ချင်းပင် ဖုန်ထျန်းဝူ သွမ့်လင်းထျန်ကို ကြည့်လိုက်သည်။    “အစ်ကို့မှာ တကယ်အဆင့်သုံးဝိညာဉ်လက်နက်ဓားရှိတာလား"
    “အင်း ရှိတယ်"    သွမ့်လင်းထျန် မငြင်းချင်သောကြောင့် မငြင်းပေ။
    အဆုံး၌ သူ ဒက်ခံမင်းဆက်၏ သိုင်းပြိုင်ပွဲတွင်ပါသ၍ အနှေးနှင့် အမြန် သူ့အဆင့်သုံးဝိညာဉ်လက်နက်ဓားအကြောင်း ပေါ်ပေါက်လာမည်ဖြစ်သည်။     ထို့ပြင် သူသည် သူ့ရှေ့ကလူများကို ယုံသောကြောင့် အဆင့်သုံးဝိညာဉ်လက်နက်အတွက် မကောင်းသောရည်ရွယ်ချက်များ ပေါ်ပေါက်လာမည်ကို မကြောက်ချေ။        “အစ်...အစ်ကိုသွမ့်...အစ်ကို့ရဲ့ အဆင့်သုံးဝိညာဉ်လက်နက်ကို ညီမကို ပြလို့ရမလား...ညီမ အဆင့်သုံးဝိညာဉ်လက်နက်ကို တစ်ခါမှ မမြင်ဖူးလို့ပါ"    ဖုန်ထျန်းဝူသည် သူမ၏ မျက်နှာအနည်းငယ်နီသည်အထိ စိတ်လှုပ်ရှားနေပြီး သွမ့်လင်းထျန်ကို မျှော်လင့်တကြီးဖြင့် ကြည့်လိုက်သည်။      “ရတာပေါ့"    သွမ့်လင်းထျန်သည် ခေါင်းညိတ်လိုက်ပြီး နည်းနည်းမျှ တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ ခရမ်းနက်ဓားကို ထုတ်ယူလိုက်သည်။
    ထိုခရမ်းနက်ဓားသည် သူ ကျန်းရှောက်ရုံ၏ ဝိုင်အိုးကို အဆင့်လေးဝိညာဉ်လက်နက်အဖြစ် အဆင့်မြှင့်ပေးပြီးနောက် ကျန်ရှိသောပစ္စည်းများဖြင့် အဆင့်သုံးအဖြစ် မြှင့်တင်ထားခြင်းဖြစ်သည်။    ယခု၌ ခရမ်းနက်ဓား၏ အပြင်ပိုင်းသွင်ပြင်သည် ယခင်ကနှင့် လုံး၀ခြားနားမသွားသော်လည်း ဓား၏ ကိုယ်ထည်ပေါ်တွင် ခရမ်းရောင်အလင်းတစ်ခုသည် စည်းချက်ညီညီရွေ့လျားနေပြီး ခရမ်းရောင်မြွေလေးများအလားပင်ဖြစ်သည်။        ဖုန်ထျန်းဝူသည် ခရမ်းနက်ဓားကို လက်ခံပြီးနောက် စိတ်မရှည်စွာဖြင့် ဓားထဲကို သူမ၏ မူလစွမ်းအင်များ သွန်းလောင်းလိုက်သည်။        ဝှစ်....
    ချက်ချင်းပင် ဖုန်ထျန်းဝူ၏ အထက်တွင် ကောင်းကင်နှင့် မြေပြင်၏ စွမ်းအင်များ ခွေရစ်လာကာ အရင်ဆုံး ရှေးဦးချိုနဂါးအရိပ်ဆယ်ခုသိပ်သည်းလာပြီးနောက် နောက်ထပ်ရှေးဦးချိုနဂါးအရိပ်ခုနှစ်ခု ပေါ်လာသည်။    ရှေးဦးချိုနဂါးအရိပ်ခုနှစ်ခုသည် ခရမ်းနက်ဓား၏ တိုးမြှင့်မှုဖြစ်ကြောင်း သိသာသည်။       “ခုနှစ်ဆယ်...ခုနှစ်ဆယ်ရာခိုင်နှုန်း...ခုနှစ်ဆယ်ရာခိုင်နှုန်းတိုးမြှင့်မှုလား"   သူမ၏ အထက်က ရှေးဦးချိုနဂါးအရိပ်ဆယ့်ခုနှစ်ခုကိုကြည့်ရင်း ဖုန်ထျန်းဝူ၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်မှုများ ဖုံးလွှမ်းသွားသည်။   သူမ၏ ဆောင်ဦးရေကဲ့သို့ မျက်လုံးများထဲတွင်ပင် မယုံနိုင်မှုများ လွှမ်းခြုံနေသည်။          “ခုနှစ်ဆယ်ရာခိုင်နှုန်းတိုးမြှင့်မှု"   ထိုအချိန်၌ အနီးတွင်ထိုင်နေသော ဖုန်ဝူတောက်၊ အကြီးအကဲခုန်နှင့် အဘွားရှူလည်း အလွန်အံ့ဩသွားသည်။          အထူးသဖြင့် ဖုန်ဝူတောက်ဖြစ်သည်။    သွမ့်လင်းထျန် ယနေ့ တိုက်ခိုက်ချိန်က သွမ့်လင်းထျန်အသုံးပြုသောဓားသည် အဆင့်သုံးဖြစ်ကြောင်းကို သိထားသော်လည်း သာမန်အဆင့်သုံးဝိညာဉ်လက်နက်ဓားဟု သူ ထင်ထားခဲ့သည်။    ဒက်ခံမင်းဆက်ထဲတွင် သာမန်အဆင့်သုံးဝိညာဉ်လက်နက်ဓားက အံ့ဩဖို့ကောင်းနေပြီဖြစ်သည်။     သွမ့်လင်းထျန်၏ အဆင့်သုံးဝိညာဉ်လက်နက်ဓားသည် ထိပ်တန်းအရည်အသွေးရှိသော အဆင့်သုံးဝိညာဉ်လက်နက်ဓားဟု သူ လုံး၀ မထင်ထားခဲ့ပေ။     ဤလောကထဲတွင် ခုနှစ်ဆယ်ရာခိုင်နှုန်းတိုးမြှင့်ပေးနိုင်သော အဆင့်သုံးဝိညာဉ်လက်နက်ဓား မည်မျှ ရှိပါသနည်း...
    “အစ်ကိုသွမ့်...အစ်ကို ဒီအဆင့်သုံးဝိညာဉ်လက်နက်ဓားကို ဘယ်ကရခဲ့တာလဲ"    ဖုန်ထျန်းဝူသည် သူမ၏ ဓားကိုင်ထားသောလက် တုန်နေသည်အထိ အံအားသင့်နေသည်။
    “အစ်ကို ကိုယ်တိုင်သန့်စင်ထားတယ်လို့ပြောရင် ညီမယုံမှာလား"    သွမ့်လင်းထျန် ပြုံးကာမေးလိုက်သည်။
    ထိုအခိုက်အတန့်တွင် သွမ့်လင်းထျန်သည် ဖုန်ဝူတောက်၊ အကြီးအကဲခုန်နှင့် အဘွားရှူတို့၏ ကြက်သေသေသောအကြည့်များကို နည်းနည်းမျှ သတိမထားမိသလိုပင်ဖြစ်သည်။
    “အစ်ကိုသွမ့်...အစ်ကို တကယ်ပြောနေတာလား...ဒါကို တကယ် အစ်ကို သန့်စင်ထားတာလား"    ဖုန်ထျန်းဝူသည် မယုံနိုင်သလိုခံစားနေရသော်လည်း သွမ့်လင်းထျန်သည် ပေါက်ကရပြောတတ်သော လူစားမျိုးမဟုတ်ကြောင်းကို သူမသိသည်။
    “အစ်ကို အာမခံပါတယ်ဗျာ"   သွမ့်လင်းထျန် ပုခုံးတွန့်ကာ အသာပြုံးလိုက်၏။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now