၇၉၆ - ၈၀၀

191 17 0
                                    

War Sovereign Soaring The Heavens(ကောင်းကင်မှာ ဝဲပျံမည့်စစ်ဘုရင်)
မူရင်းရေးသူ    - Feng Qin Yang
ဘာသာပြန်သူ - Tai Luminous
အပိုင်း(၇၉၆)အလောင်းသုံးလောင်း
     
   
     “မဖြစ်နိုင်ဘူးဆိုတာမရှိဘူး"
      သွမ့်လင်းထျန်သည် သက်လတ်ပိုင်းလူကို အရေးမစိုက်စွာကြည့်လိုက်ပြီး ဖြည်းလေးစွာပြောလိုက်သည်။
      “ဒိီလောကထဲမှာ ခင်ဗျားနားမလည်နိုင်တဲ့အရာတွေအများကြီးရှိတယ်…အစောကဖြစ်ခဲ့တဲ့ဟာလိုပေါ့…ခင်ဗျားကတော့ ကျုပ်တခြားနေရာတစ်ခုကို ဘယ်လ်ိုရောက်သွားမှန်းသိမှာမဟုတ်သလို ခင်ဗျားကျုပ်ကို သတ်ပြီးတဲ့နောက်မှာလည်း ဘာလို့ပြန်ပေါ်လာမှန်းလည်းသိမှာမဟုတ်ဘူး…အဲဒီလိုပဲ ခင်ဗျားအဖော်နှစ်ယောက်လုံးကို ခင်ဗျားသတ်ပစ်လိုက်တယ်ဆိုတာကိုလည်းမသိဘူး"
           သွမ့်လင်းထျန်၏ စကားလုံးများသည် ထက်ရှသောဓားတစ်စင်းပမာဖြစ်ပြီး သက်လတ်ပိုင်းလူ၏ ရင်ဘတ်ကို အဆက်မပြတ်ထိုးစိုက်နေသည့်အလား သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ်ကို ပို၍ပြင်းထန်စွာတုန်ခါလာစေသည်။
        ချက်ချင်းပင် အနက်ရောင်အ၀တ်အစားနှင့် သက်လတ်ပိုင်းလူ၏ မျက်လုံးထဲ၌ ခပ်ရေးရေးပြုံးနေသော ခရမ်းရောင်အ၀တ်အစားနှင့်လူရွယ်မှာ နတ်ဆိုးတစ်ကောင်နှင့် ခြားနားခြင်းမရှိပေ။
      “နတ်ဆိုး…မင်းကနတ်ဆိုး…မင်းကနတ်ဆိုးပဲ"

      “နတ်ဆိုးလား…ဟုတ်ရင်ဟုတ်မှာပေါ့"
     သွမ့်လင်းထျန်၏ နှုတ်ခမ်းများ ဆိုးရွား‌သော အပြုံးတစ်ခု တွန့်ချိုးသွားသည်။      

     “နတ်ဆိုးကောင်…ငါမင်းကိုသတ်မယ်"
      သက်လတ်ပိုင်းလူသည် ရုန်းကန်ကာ မတ်တတ်ရပ်လိုက်ပြီး သွမ့်လင်းထျန်ကို သတ်ဖို့အတွက် ပြေး၀င်သွားရန်ပြင်လိုက်သည်။ သို့သော်လည်း သူတစ်လှမ်းသာလှမ်းရသေးသည့်အချိန်မှာပင် သူ၏ ခန္ဓာကိုယ်သည် သူ၏ ဝိညာဉ်‌လက်နက်ဆေဘာ၏ ထောက်ပံ့မှု မရှိတော့သောကြောင့် မတ်တတ်ရပ်နိုင်ခြင်းမရှိတော့ဘဲ မြေပေါ်ပစ်လဲသွားသည်။
      သူဒဏ်ရာများမှ အလွန်ပြင်းထန်လွန်းလှသည်။

      “တကယ်လို့ ခင်ဗျားမှာ နောက်ဘ၀ရှိသေးရင်   တခြားသူရဲ့ လက်ပါးစေမဖြစ်ဖို့ မမေ့နဲ့…ထိပ်ဆုံးမှာ ရပ်နေတဲ့လူဖြစ်မှပဲ ခင်ဗျား ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်နိုင်လိမ့်မယ်"
     သွမ့်လင်းထျန်စကားဆုံးသည်နှင့် တစ်ချိန်တည်းမှာပင် သူ၏ လက်ပေါ်မှ မူလစွမ်းအင်များသည် သုံးပေရှည်လျားသောဓားအဖြစ် သိပ်သည်းလာပြီးနောက် သက်လတ်ပိုင်းလူ၏ ဘ၀ကို အဆုံးသတ်ပေးလိုက်သည်။

ကောင်းကင်ကို ၀ဲပျံမည့် စစ်ဘုရင် (သွမ့်လင်းထျန်) Book 1Where stories live. Discover now