"ပြောရခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ငတုံးတွေလေ။ သူတို့တွေရဲ့အတွေးကို သာမန်လူတစ်ယောက်နဲ့ သွားမယှဉ်နဲ့။" ဝမ်ပြည်ထောင်စုမှလူများအပေါ် ယွီဝမ်ထုန်၏ ဝေဖန်စကားများက ပြင်းထန်ကာ ပြတ်သားသည်။

လင်းကျန်က ခေါင်းညှိတ်ပြလိုက်သည်။ "ကျွန်တော် ဂရုစိုက်ပါ့မယ်။"

သူတို့အရှေ့မှ ဧည့်သည်အားလုံးက နန်းတော်ဝင်ပေါက်သို့ရောက်လျှင် ရထားလုံးများ၊ သန်လျင်းများပေါ်မှ ဆင်းကြသည်။ လင်းကျန်၏မြင်းရထားလုံးက ဝင်ပေါက်သို့ဖြည်းဖြည်းချင်းမောင်းလာကာ ရပ်သွားသည်။ အဆင်အယင်မပါသည့်ရထားလုံးက အတော်ထူးခြားနေသဖြင့် လူအများ၏အာရုံကို ဆွဲဆောင်နိုင်လိုက်သည်။ ထို့အပြင် ရထားလုံးပေါ်တွင် ရိုးရာအမှတ်အသား၊ သို့မဟုတ် မျိုးရိုးအဆောင်အယောင်တစ်ခုမှမပါရာ ၎င်းကဤနေရာသို့ လမ်းမှားလာပုံပေါ်သည်။ ရလဒ်အနေဖြင့် တံခါးပေါက်မှတာဝန်ကျအစောင့်များက ရထားလုံးရှိရာသို့ မျက်နှာထားတင်းတင်းဖြင့် ရောက်လာကြသည်။

"ရပ်စမ်း။ ဒါက နန်းတော်ပဲ။ မင်းတို့တွေက ဘယ်သူလဲ။"

နန်းတွင်းအစောင့်တစ်အုပ်စုက ရထားလုံးကိုဝိုင်းကာ လက်နက်ဖြင့်ချိန်ထားကြသည်။

နန်းတော်တံခါးပေါက်ကိုဖြတ်တော့မည့်လူအချို့က လှည့်ကြည့်ကြသည်။ အချို့ကမူ မထင်မရှားအရပ်သားများ နန်းတော်ထဲသို့ခိုးဝင်ပုံကို ကြည့်ရင်းအချိန်မဖြုန်းချင်သဖြင့် လစ်လျူရှုကာ နန်းတော်ထဲသို့ဝင်သွားသည်။ မျက်စိလျင်သူများမှာ ဤရိုးရိုးရထားလုံးပေါ်တွင် အဆောင်အယောင်တစ်ခုမှ မပါသော်လည်း တံခါးတွင် 'လင်းစံအိမ်'ဟုသောစာလုံးများထွင်းထားသည့် ယာယီချပ်ပြားချိတ်ထားသည်ကို သတိထားမိကြသည်။

"လင်းစံအိမ်လား။" တစ်စုံတစ်ယောက်က လေသံဖြင့် အာမေဋိတ်သံပြုသည်။

သူတို့အားလုံးမှာ "လင်းစံအိမ်"ဟူသည့်စကားက အာရုံကိုနှိုးဆွနိုင်သကဲ့သို့ ထိုရထားလုံးကိုအာရုံစိုက်လာကြသည်။

"သူက မြို့တော်ကို ဒီမနက်ပိုင်းမှာဝင်လာတဲ့လူများလား။"

"စစ်သူကြီးယွီဝမ်နဲ့စေ့စပ်ထားတဲ့လူလား။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now