13

7.3K 1.1K 2
                                    

လူလေးယောက်၏ ဝန်ခံမှု
..................................

အနောက်မြောက်ဘက်မှ ရှေ့တန်းတွင် ကြီးမြတ်သောယွဲ့ပြည်ထောင်၏ စစ်တပ်က အောင်ပွဲဖြင့်ပြန်လာသည်။

"စစ်သူကြီးက ဒီတစ်ကြိမ်မှာ မြို့တော်ဆီပြန်ပြီး သတင်းပို့မှာလား။" အရပ်ရှည်ရှည် လူတစ်ယောက်၏နောက်သို့ အနီးကပ်လိုက်နေသော ကြီးမြတ်သောယွဲ့ပြည်ထောင်၊ အနောက်မြောက်ဘက်စစ်တပ်မှ ညာလက်ရုံး ကျန်းရှီက ပြောလိုက်သည်။

"မပြန်ဘူး။" အရှေ့မှ လူ၏အဖြေမှာ တိုတိုတုတ်တုတ်နှင့် အင်အားကြီးသော ငြင်းပယ်မှုပင်။

"စစ်သူကြီးက မြို့တော်ဆီမပြန်တာ သုံးနှစ်လောက်ရှိပြီလေ။ အခုလည်း မပြန်ရင် မြို့တော်ကလူတွေ မကျေမနပ်ဖြစ်နေမှာပေါ့။ အဲ့ဒါဆို သူတို့က စစ်သူကြီးရဲ့ ဒီအညတရငယ်သားလေးပေါ်ပဲ ဒေါသထွက်ကြမှာ။ စစ်သူကြီးရဲ့ ဒီအညတရငယ်သားလေးက သုံးကြိမ်တောင် ဖုံးဖိပြောဆိုပေးခဲ့ပြီးပြီဆိုတော့ ဒီတစ်ကြိမ်မှာ ကျေးဇူးပြု၍ ပြန်ပေးပါလား။" ကျန်းရှီမှာ အသနားခံရင်း ငိုတော့မလိုပင်။

သို့သော် ကံမကောင်းစွာဖြင့် သူ့အရှေ့မှလူက မတုန်လှုပ်သေးဘဲ ကျန်းရှီအား အေးစက်စက်ကျောခိုင်းထားခြင်းဖြင့်သာ ဖြေကြားလိုက်သည်။

"လောင်ကျန်း၊ စစ်သူကြီးကို ဖျောင်းဖျပေးဖို့ ငါ့ကိုမြန်မြန်လာကူဦး။" စစ်သူကြီး၏ အေးစက်မှုကြောင့် နာကျင်သွားရသော ညာလက်ရုံးက ဘေး၌လျှောက်နေသော  အနောက်မြောက်စစ်တပ်၏ဘယ်လက်ရုံး ကျန်းခဲ့အား လှည့်ကြည့်လိုက်သည်။

တည်ငြိမ်သောမျက်နှာထားနှင့်ပင် ကျန်းခဲ့က သူတို့ရှေ့၌လျှောက်နေသော အရပ်ခပ်ရှည်ရှည်ယောက်ျားအား ပြောလိုက်သည်။ "စစ်သူကြီးခင်ဗျ၊ စစ်သူကြီးရဲ့အဒေါ်က စစ်သူကြီးရဲ့လက်ထပ်ပွဲအတွက် စီစဉ်နေတယ်လို့ ကျွန်တော်သတင်းကြားတယ်။ ပြီးတော့ သူမက လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ မြို့တော်ကဆွေကြီးမျိုးကြီးအိမ်တွေဆီ ခဏခဏသွားလည်နေတော့ စစ်သူကြီးရဲ့လက်ထပ်ပွဲသတင်းက မြို့တော်မှာ ရေပန်းစားနေပါတယ်။ ကျွန်တော်တို့ရဲ့ဧကရာဇ်ကလည်း အသိအမှတ်ပြုဖို့ အလားအလာရှိပါတယ်။ ဒီအောင်ပွဲနဲ့အတူဆို ဧကရာဇ်ကြီးက တော်ဝင်အမိန့်ပြန်တမ်းနဲ့တကွ တရားဝင်လက်ထပ်ခွင့်ပြုလိုက်ရင် စစ်သူကြီးအနေနဲ့ မြို့တော်ဆီမပြန်ချင်ရင်တောင် ပြန်ရမှာပါပဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now