14

7K 1.1K 2
                                    

အမူးပြေဟင်းချိုထဲ ဆေးခတ်ခြင်း
..........................................

ရုံးတော်သားများ အနည်းငယ် တုန့်ဆိုင်းသွားကြသည်။ သူတို့အားလုံးက ထန်းယန်မှ ဒေသခံများဖြစ်သဖြင့် ထန်းယန်၌ကျားမိသားစုက မည်သို့သော အဆင့်အတန်းမျိုးဖြင့် နေထိုင်ကြသည်ကို သိကြသည်။ မည်သို့ပင်ဖြစ်စေကာမူ ကျားမိသားစု၏အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုအခိုက်အတန့်တွင် ထောင်ဖန်းက ပို၍ပင်ကြောက်မက်ဖွယ်ရာ ကောင်းနေသည်။ ထို့ကြောင့် သူတို့က ခေတ္တမျှသာ တုန့်ဆိုင်းနေခဲ့ပြီး ကျားယွမ်လင်း၏မျက်နှာအား ရိုက်လိုက်ကြသည်။

"အာ့" ရုံးတော်သားတစ်ယောက်ထံမှ အရိုက်ခံလိုက်ရချင်းချင်းပင် ကျားယွမ်လင်းက နာကျင်စွာအော်လိုက်သည်။

ရုံးတော်သားအားလုံးက သန်မာကြရာ သဘာဝကျစွာပင် သူတို့၏ ရိုက်ချက်မှာလည်း အားပါသည်။ ရိုက်ချက်တစ်ချက်မျှက ပြဿနာမဟုတ်သော်လည်း ရိုက်ချက်များလာသောအခါ ကျားယွမ်လင်း၏ပါးစပ်မှ သွေးထွက်လာသည်။

သူ့အနောက်လိုက်လာသည့် ကျားမိသားစုအိမ်တော်ထိန်းမှာ အလန့်တကြား ဒူးထောက်ကျသွားကာ ကျားယွမ်လင်းအတွက် အသနားခံပေးနေသည်။

သခင်ကြီးကျား၏ဇနီး၊ ဖန်းရှီကလည်း ခဏအကြာတွင်ရောက်လာသည်။ သူမ၏သားအရိုက်ခံထားရသည်ကိုတွေ့သောအခါ သူမမြေကြီးပေါ်သို့ ယိုင်ထိုးကျတော့မလိုပင်။ "အိုး၊ ငါ့သားလေးရယ်။" သူမကအော်ငိုသည်။

ထောင်ဖန်းက လက်မြှောက်၍ ရုံးတော်သားအား ရပ်ခိုင်းလိုက်သောအခါ ၎င်းတို့ကသွေးစွန်းနေသော လက်များဖြင့် ပြန်တန်းစီလိုက်သည်။

ခွေယိုင်အားနည်းကာ သွေးများမျက်ရည်များ တလူးလူးဖြင့် မြေကြီးပေါ်ပုံကျနေသည့် ကျားယွမ်လင်း၊ သောကဖြင့် ခါးသီးစွာ ကျယ်ကျယ်လောင်လောင် ငိုကြွေးနေရသော ဖန်းရှီတို့ကိုကြည့်ကာ လင်းကျန်၏ရင်ထဲ၌ ကြီးမားစွာ သက်သာရာရမိသည်။

"တိတ်စမ်း" ထောင်ဖန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ထောင်ဖန်း၏စူးရှသောအကြည့်များကို မြင်သောအခါ ဖန်းရှီမှာ ငိုနေရင်း ဆို့နင့်တော့မလိုပင်။ အချိန်ခဏကြာသောအခါတွင်မှ အသံပြန်ထွက်နိုင်ကာ မေးမြန်းလိုက်သည်။ "အရာရှိကြီးရှင့်၊ အရာရှိကြီးက ကျွန်မရဲ့သားအပေါ်မှာ ဘာကြောင့်ဒီလိုမျိုးညှင်းပန်းနှိပ်စက်နိုင်ရတာပါလဲ။"

ပြန်လည်မွေးဖွားပြီးနောက် ထင်ပေါ်ကျော်ကြားခြင်းWhere stories live. Discover now