Unicode 🍁
“ ဒေါက် ...ဒေါက် ”
ညက ညဉ့်နက်သည်အထိ စိတ်ရောဂါနှင့်ပတ်သက်ပြီး စာတွေ တောက်လျှောက် လေ့လာနေရာမှ မနက် ၃ နာရီမှ အိပ်ပျော်သွားရ၏။ အပြင်ဘက်မှ တံခါးခေါက်သံ သဲ့သဲ့ကြောင့် တံခါးလာခေါက်သူသည် ဆည်းဆာနွေပဲ ဖြစ်ရမည်။ ဒီကလေးက တံခါးခေါက်ရင် သူ့လက်ကလေး နာမှာစိုး၍ ဖွဖွလေးသာ ခေါက်တတ်လေသည်။ တခေတ်မင်းသည် စာကြည့်စားပွဲမှ ထကာ အခန်းတံခါးကိုသွားဖွင့်ပေးလိုက်၏။
“ ဟီးး ၊ နိုးပြီလား ဦးခေတ် ”
တံခါးဖွင့်လိုက်သည်နှင့်မြင်လိုက်ရသော မျက်လုံးဝိုင်းဝိုင်းလေးနှင့် အပြုံးနုနုလေးတစ်ခုက သူ၏မနက်ခင်းကို ပြည့်စုံစေပါ၏။
“ အိပ်ကို မအိပ်ရသေးတာ အကောင်ပေါက်”
“ ဟင် ဘာဖြစ်လို့လဲ ဦးခေတ် ၊ အိပ်မပျော်လို့လား၊ နေများမကောင်းလို့လား ၊ အိပ်ဆေးသောက်မအိပ်ဘူးလား ”
တရစပ် မေးလာသော မေးခွန်းများကြောင့် တခေတ်မင်း ရယ်ချင်ချင်ဖြစ်လာရ၏။ သူကဆရာဝန်လား ၊ ကိုယ်က ဆရာဝန်လားပင် မသဲကွဲပေ။
“ ဟိုးထား ၊ မင်းလေးက ဆရာဝန်လား ၊ ကိုယ်က ဆရာဝန်လား ဆည်းဆာ ”
“ ဦးခေတ် က ဆရာဝန်မို့လို့လေ ”
“ ဒါဆို ဘာလို့ စိတ်ပူနေရတာလဲ ကိုယ့်ကို ”
“ ပူရမှာပေါ့ ၊ ဒီတစ်ယောက်ပဲရှိတာလေ ၊ ဦးခေတ်သာမရှိတော့ရင် သားကို ဘယ်သူက ဆေးကုပေးတော့မှာလဲ ”
“ ဪ ဒါကျတော့ သိသေးတယ်ပေါ့ ၊ ဆေးကျတော့ပုံမှန်မသောက်ဘဲနဲ့ လူဆိုးကောင်လေးက”
“ အာ့ ဆေးတွေက ချိုမှ မချိုတာကို ”
“ ဟေ ၊ ဘယ်ဆေးက ချိုနေလို့လဲ ”
“ မေမေကြီးတိုက်တဲ့ဆေးက ချိုတယ် ”
ဆည်းဆာနွေ ချိုတယ်ပြောသောဆေးအား တခေတ်မင်းအပြေးအလွှားစဉ်းစားလိုက်၏။ မေမေ သူ့ကိုငယ်ငယ်က ထမင်းမစားလျှင် ကျွေးသော ငါးကြီးဆီအလုံးလေးတွေဖြစ်နေလေ၏။ချိုတာတော့ ချိုပါသည်။ သို့ပေမဲ့ ညှီ သလိုကြီးတော့ ခံစားရသဖြင့် သူသိပ်မကြိုက်ပေ။ ဒါကို ဒီကောင်လေးက အသည်းအသန်ကြိုက်ပုံရ၏။
YOU ARE READING
မိုးနှောင်းတစ်ရာ (Ongoing)
Romanceမိုးနှောင်းတစ်ရာ စံအိမ်ကြီးမှ ကြိုဆိုပါတယ်... သင့်ဘဝရဲ့ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ပူဆွေးခြင်း ၊ချစ်ခြင်း၊မုန်းခြင်း တွေ နဲ့ ဒီစံအိမ်ကြီးထဲက တစ်စုံတစ်ခုအတွက် လဲလှယ်နိုင်မလား ... စံအိမ်ကြီးထဲက တစ်စုံတစ်ခုကို သိချင်ရင်တော့ ကိုယ်တိုင် ဝင်လာခဲ့ပါ...