Chapter 85:(တာဝန်ဝတ္တရား)

1.4K 146 19
                                    

[Unicode]
              - တာဝန်ဝတ္တရား -

ရှီးမျိုးနွယ်အပေါ်သို့ ကံကြမ္မာဆိုးကြီး ကျရောက်ပြီးနောက်၊ ရှီးဟုန်ရွှမ်း၏ ရာထူးဌာနန္တရကို ဆက်ခံရန် ထိုသူ့ထံ၌ ရင်သွေးရတနာလည်း မရှိရာ၊ ဒေသန္တရအသီးသီးရှိ အရောင်းဆိုင်များမှာ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ခေတ္တမျှ ဆိုင်းငံ့ထားရသည်။ ဆိုင်ရှင်များမှာလည်း ချွိတူးမြို့တော်သို့ စာလွှာပို့ထားပြီး၊ သူတို့၏ အိမ်အဟောင်းတွင် ပူဆွေးခြင်းအခမ်းအနားကို ကျင်းပကာ၊ အနာဂတ်အတွက် အစီအစဉ်များကို ဆွေးနွေးရန် စီစဉ်ထားကြ၏။

ရှန်ဇယ်ချွမ်းက ထိုင်ခုံပေါ်တွင် ထိုင်နေလျက် ညွှန်ကြားလိုက်သည်။

"ဒီခရီးက ငါတို့အတွက် သွားရလာရတာ ခက်ခဲမယ့် ခရီးတစ်ခုပဲ.... ဒါတောင် မင်းက အစေခံအမျိုးသမီးအုပ်ကြီးကို ခေါ်လာသေးတယ်.... ငါ ဘာကိုမှ စိတ်အနှောင့်အယှက် ဖြစ်မနေချင်ဘူး.... အဲ့ဒါကြောင့်, ရှောင်ဝူ, မင်းပဲ ငါတို့လူအနည်းငယ်ကို ခေါ်ပြီး၊ ညီနောင်ရှီးကို အဲ့ဒီနေရာလိုက်ပို့လိုက်တော့!"

ရှီးသန်းသည်ကား ရှန်ဇယ်ချွမ်း၏ စကားများကို နားလည်သဘောပေါက်ပြီးသားပင်။ သူသည် ရှန်ဇယ်ချွမ်းအပေါ်၌ အနည်းငယ်မျှပင် သံသယမဝင်မိဘဲ၊ အနှီးလူအား ဦးညွှတ်ကာ၊ ကျေးဇူးတင်ကြောင်းကိုသာ လျင်မြန်စွာ ပြသလိုက်မိသည်။

ရှန်ဇယ်ချွမ်းက တည်ငြိမ်သော လေသံဖြင့် -

"အခုချိန်မှာ ရှီးမျိုးနွယ်ကို ခေါင်းဆောင်နိုင်တာဆိုလို့ သခင်မ‌တစ်ယောက်ပဲ ရှိတော့တယ်..."

ရှန်ဇယ်ချွမ်းသည် သူ၏ ရှေ့တွင် ရှိသော စာရင်းစာအုပ်များကို တစ်ချက်ဝှေ့ကြည့်ကာ ဆက်ပြောလာခဲ့၏။

"မင်း ပြန်ရောက်တဲ့အခါ နည်းနည်းလောက် အာရုံစိုက်ထားလိုက်ဦး! အခုလောလောဆယ်မှာ ကျန်တဲ့ ကိစ္စတွေက ဘာမှ အရေးမကြီးသေးဘူး: လက်ရှိအခြေအနေကိုသာ အရင်ဆုံး တည်ငြိမ်အောင် လုပ်ထား! ဂယက်မထစေနဲ့! လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက ငါတို့တွေ ညှိနှိုင်းထားခဲ့တဲ့ အပေးအယူကိစ္စကိုတော့ အခုလောလောဆယ်မှာ ခဏလောက် ဘေးဖယ်ထားလိုက်ဦး! ငွေတိုက်ခန်းသော့တွေကို မင်း ရသွားတာနဲ့၊ သိုသိုသိပ်သိပ်နေပြီး၊ ငွေတိုက်ခန်းဆီသွားရာ လမ်းတွေကို စစ်ဆေးထား! လူတစ်ယောက်က ဘယ်လောက်ပဲ ချမ်းသာကြွယ်ဝနေပါစေ၊ တခြားလူတစ်ယောက်ရဲ့ အလိုလောဘကို သွားပြီး နှိုးဆွလိုက်မယ်ဆိုရင်၊ အဲ့ဒါက ကိုယ့်ရဲ့ ပျက်စီးခြင်းကို ကိုယ်တိုင်ရှာတာနဲ့ အတူတူပဲ! အခုအချိန်မှာ မင်းက ဒီလိုလုပ်ငန်းအကြီးကြီးကို ကြည့်ရှုကွပ်ကဲရတော့မယ့်အပြင်၊ ငွေတိုက်ခန်းကိုလည်း တာဝန်ယူစီမံခန့်ခွဲရတော့မယ်ဆိုတော့၊ မင်းအနေနဲ့ ဒုက္ခအနည်းအများတော့ တွေ့မှာပေါ့!"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Kde žijí příběhy. Začni objevovat