Chapter - 29: အခြားကမ္ဘာ (အျခားကမာၻ)

428 70 8
                                    

(Uni)

ရှင်သန်ခြင်းရောင်စဉ်တစ်သွယ် ရှာဖွေတွေ့ရှိခြင်း

နန်ရှန်း၏မျက်လုံးအိမ်များမှာ နက်ရှိုင်းသော်လည်း သူ့မျက်ဝန်းများသည်မူ အလွန်ပါးလွှာလှကာ သူ့ခံစားချက်များအားလုံးကို အတိုင်းသားထွင်းဖောက်၍ အမြဲမြင်နေရလေသည်။

ထိုစကားကိုပြောလိုက်ချိန်၌ သူ၏မျက်ဝန်းနက်တို့ထဲဝယ် ရှက်ရွံ့တွန့်ဆုတ်ခြင်းနှင့်တကွ အခြားခံစားချက်ပေါင်းစုံတို့နောက်ကွယ်တွင် ပုန်းကွယ်နေသည့်မျှော်လင့်ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သော်လည်း အတင်းအကြပ်တိုက်တွန်းနေသည့်အရိပ်အယောင်မျိုးကိုမူ မတွေ့ရချေ။

တစ်ခါတရံတွင် ဆိတ်ဆိတ်နေခြင်းသည် တစ်စုံတရာပြောလိုက်ခြင်းထက် ပို၍ထိရောက်တတ်ကာ တိုက်တွန်းမှုမရှိခြင်းသည်ပင် အကြီးဆုံးသောတိုက်တွန်းခြင်း ဖြစ်နေတတ်ပေသည်။ ချူဟွမ်မှာ ထိုသူ့ကို တစ်ချက်မျှကြည့်လိုက်ရုံဖြင့် အသက်ပင်ကောင်းကောင်းမရှူနိုင်တော့ဟု ခံစားလာရ၏။

သူလည်း ဝါကျင်ညှိုးရော်နေသည့်မြက်ပင်များပေါ်တွင် ရုတ်တရက်လှဲချလိုက်သည်။ မြေသင်းနံ့ခပ်ငွေ့ငွေ့က သူ့ကို လွှမ်းခြုံလာကာ တစ်နှစ်တာကာလပတ်လုံးစုဝေးလာသည့် အမှောင်ထုတို့ ရစ်သိုင်းမှိုင်းအုံ့ထားသည့်အလား ရှိနေတော့၏။ သူ့မျက်နှာနံဘေးတွင် ပွင့်လန်းနေသည့် တစ်ပွင့်တည်းသော ခရမ်းရောင်ပန်းကလေးထံမှ ပုံရိပ်ယောင်ပမာ ချိုမြမြသင်းရနံ့သည်သာ လွင့်ပျံ့နေချေသည်။

ချူဟွမ်က နန်ရှန်း၏‌မေးခွန်းကို အဖြေမပေးဘဲ ပြန်မေးလာ‌ပေ၏။
"မင်းတို့အားလုံး ဒီနေရာကနေ ထွက်လို့ရတာလည်းမဟုတ်ဘဲနဲ့ ဘာလို့များ တရုတ်စာသင်ပေးနိုင်မယ့်လူ လိုက်ရှာနေသေးတာလဲ?"

နန်ရှန်းမှာ တစ်ခဏမျှ ငြိမ်သက်သွားလေသည်။

"တစ်နေ့နေ့ကျရင် ငါတို့မျိုးနွယ်စုဝင်တွေ ဒီနေရာကနေထွက်သွားနိုင်ပြီး အပြင်လောကကြီးကို စူးစမ်းကြည့်ရှုနိုင်လိမ့်မယ်၊ မြင်းတွေထက် ပိုမြန်အောင်ပြေးနိုင်တဲ့ ရထားဆိုတာကြီးကို စီးကြည့်နိုင်လိမ့်မယ်၊ ကောင်းကင်ပေါ် ပျံတက်ကြည့်နိုင်လိမ့်မယ်၊ သူတို့မစားဖူးသေးတာတွေ စားကြည့်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်။ မြေပြင်တစ်ကွက်စာ ဒီနေရာလေးက သေးမွှားလွန်းတယ်။ မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက် ဒီနေရာကွက်ကွက်ကလေးကိုပဲ ကြည့်နေကြရတော့ ငြီးငွေ့လာမှာပဲလေ"

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now