Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )

483 79 0
                                    

(Uni)

လေတွင် မျောလွင့်နေသော ဖဲကြိုးနက်ကဲ့သို့ ဆံနွယ်ရှည်များ 

လမ်းကြောင်းအတိုင်း မောင်းနှင်လာသော အဝေးပြေးယာဉ်မှာ ခရိုင်မြို့များနှင့် နယ်မြို့ငယ်လေးများကို ဖြတ်ကျော်လာပြီးနောက် ကြက်ပျံ၍ ခွေးခုန်နေသကဲ့သို့*ရှိသော ခရီးသည်များမှာ တဖြည်းဖြည်းနှင့် ဆင်းသွားကြလေသည်။
[ကြက်ပျံ၍ ခွေးခုန်နေသကဲ့သို့ - ဖရိုဖရဲနဲ့ ကမောက်ကမ ပရမ်းပတာတွေ ဖြစ်နေတဲ့ အခြေအနေမျိုးကို ဖော်ပြတာပါ။]

နောက်ဆုံး ရွာငယ်လေးတစ်ခုကို ဖြတ်ကျော်လာခဲ့ပြီးသည့် အချိန်တွင်မူ ကားပေါ်တွင် လူနှစ်ယောက်သာ ကျန်ခဲ့လေတော့၏။ မျက်မှန်တပ်ထားပြီး ကျောင်းသားတစ်ယောက်၏ ပုံစံသွင်ပြင်မျိုးရှိသော လူငယ်တစ်ယောက်နှင့် ကားပေါ်တက်လာကတည်းက နောက်ဆုံးတန်းတွင် မလှုပ်မယှက်အိပ်နေသောသူတစ်ယောက်တို့ ဖြစ်ပေသည်။

ကားဆရာက အပေါ့အပါးသွားရန် ကားပေါ်မှ တစ်ခါဆင်းသွားပြီး ပြန်လာသောအခါတွင် သူ၏ အသံကို မြှင့်လျက် ကားပေါ်မှ လူနှစ်ယောက်ကို အသံနေအသံထားခပ်လေးလေးရှိသော မန်ဒရင်းဘာသာစကားဖြင့် ပြောလိုက်၏။
"ဝေ့... ကားပေါ်က ဆင်းချင်တဲ့သူတွေ အခု ဆင်းသွားလို့ရတယ်နော်။ မင်းတို့ ဒီမှတ်တိုင်မှာ မဆင်းရင် နောက်ထပ် ခုနစ်နာရီကြာတဲ့ထိ ဘယ်မှာမှ ဆင်းစရာမရှိတော့ဘူး"

တံခါးနားတွင် ထိုင်နေသော လူငယ်လေးမှာ ခပ်နွမ်းနွမ်းခရီးဆောင်အိတ်ကြီးကို လက်ဖြင့်ပိုက်လျက် အနည်းငယ် စိတ်မသက်မသာဖြစ်နေဟန် ရှိလေသည်။ သူ့ကြည့်ရသည်မှာ ကားပေါ်မှဆင်းချင်နေပုံပေါ်နေသကဲ့သို့ ဆင်းရမည်ကိုလည်း တွန့်ဆုတ်နေပုံရကာ ရှေ့ကြည့်လိုက် နောက်ကြည့်လိုက်ဖြင့် သူ့ဘဝ၏ အရေးကြီးလှသော လမ်းဆုံတစ်ခုတွင် ရပ်နေသည့်နှယ် ရှိပေသည်။

ခေတ္တမျှအကြာတွင် ကားဆရာကို အသံတိုးတိုးလေးဖြင့် ပြောလာလေ၏။
"ဆရာကြီး... အဲ့တောင်ပေါ်မှာနေတဲ့သူတွေအဖို့ အပြင်ထွက်ဖို့က အဆင်မပြေတာလား?"

ကားဆရာက အထက်စီးလေသံဖြင့် ပြန်ဖြေလေသည်။
"ငါတို့ နယ်ဘက်တွေမသွားဘူး။ ခရိုင်မြို့ကိုပဲ သွားတာ။ ခရိုင်မြို့ကလည်း အဆင်ပြေပါတယ်။ အဲ့မှာ တောင်တစ်တောင်ရှိတယ်။ အဲ့အကြောင်းကြားဖူးလား? အဲ့မှာ လျှိုမြောင်တွေ လိုဏ်ဂူတွေ အများကြီးရှိတယ်..."

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now