Chapter - 14: ဤကမ္ဘာ (ဤကမာၻ)

322 83 5
                                    

(Uni)

ငါကတော့ မင်းက ပိုပြီးအဖိုးတန်တယ်လို့ ထင်တယ်

လီယီမျိုးနွယ်စုမှ ကလေးများက ချူဟွမ်ကို ပေးစွမ်းနိုင်သော ထင်မြင်သုံးသပ်ချက်ကို စကားတစ်လုံးတည်းဖြင့် ဖော်ပြရလျှင် : "အရိုင်းအစိုင်း" ဟူ၍ပင် ဖြစ်ချေသည်။

တစ်အချက်အနေဖြင့် သူတို့သည် ကစားသည့်နေရာတွင် အရိုင်းဆန်ကြပြီး - သူတို့မှာ ပုံမှန်အားဖြင့် အတန်းတက်ရန် သို့မဟုတ် ကျောင်းကို တိုးဝှေ့သွားရောက်ရန် မလိုအပ်ကြလေရာ မိုးလင်းမိုးချုပ် တစ်နေကုန်ပင် တောင်တန်းများနှင့် လွင်ပြင်များကို ဖြတ်သန်း၍ မြင်းရိုင်းများသဖွယ် ပြေးလွှားနေကြပေ၏။

နောက်တစ်ချက်သည်ကား သူတို့၏ အရိုင်းဆန်သော ကိုယ်ရည်ကိုယ်သွေးများ ဖြစ်ကာ - နမူနာပြရမည့် ကိစ္စသည်ကား ရှောင်ဖန်း၏သမီး ဟွားကူးသွော်ပင်။ သွားစွယ်ချွန်ချွန် နှုတ်သီးကောင်းလျှာပါးဖြင့် တောဝက်များကို သတ်ဖြတ်နိုင်သည့်အပြင် မောင်ငယ်လေးများကိုလည်း ငိုယိုဟစ်ကြွေးသည်အထိ ရိုက်နှက်နိုင်သူ ဖြစ်လေသည်။

ကလေးများမှာ လွတ်လပ်၍ အထိန်းအကွပ်မဲ့သည်အထိ အရိုင်းဆန်ကြကာ ခေါင်းဆောင်ကြီး၏ရှေ့တွင်ပင် ထောင်လွှားရဲကြသူများပင် ဖြစ်ကြ၏။ သို့ရာတွင် အနှီအရိုင်းအစိုင်းကလေးများအုပ်စုကပင် ညင်သာလှသော ငလျင်လေးတစ်ခုကြောင့် အံ့ဩစရာကောင်းလှစွာ တစ်စုတစ်စည်းတည်း ထိတ်လန့်ကြောက်ရွံ့နေကြပေသည်။

ငလျင်မှာ မပြင်းထန်လှသော လှုပ်ရှားမှုလေးများသာ ပါဝင်ကာ မိနစ်အနည်းငယ်အတွင်းတွင်ပင် ပြီးဆုံးကျော်ဖြတ်သွားချေ၏။ ယုတ္တိကျကျ အကြောင်းအရင်းအရဆိုလျှင် အနောက်တောင်ပိုင်းဒေသမှာ ဟိမဝန္တာငလျင်ဇုန်အတွင်း တည်ရှိနေကာ မြေအပေါ်ယံလွှာသည် အတိုင်းအတာတစ်ခုအထိ မတည်မငြိမ်ဖြစ်နေသောကြောင့် ဖြစ်လိမ့်မည်။ အကယ်၍ မြေပြင်တစ်ခုလုံးတုန်ဟီးလျက် တောင်များကိုပင် ခါယမ်းသွားလောက်အောင် ပြင်းထန်လှသော လှုပ်ရှားမှုကြီးမျိုးမဟုတ်လျှင် ထိုနေရာတွင် ထိုသို့သော ငလျင်အသေးစားလေးမျိုးမှာ တစ်ခါတလေမှသာဖြစ်တတ်သော ကြုံတောင့်ကြုံခဲကိစ္စမျိုး မဟုတ်နိုင်လေ။ ထူးဆန်းနေသည်ကား ကလေးငယ်လေးများကို ဘေးဖယ်လိုက်လျှင် အနည်းငယ်အရွယ်ရောက်ပြီးသူများအနေဖြင့် ငလျင်ဆိုသည်မှာ မည်သို့သောအရာမှန်း မသိကြပေသလော?

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now