Chapter-27: အခြားကမ္ဘာ (အျခားကမ႓ာ)

477 97 11
                                    

(Uni)

အကြီးအကဲ၏ ဇနီးမယားကို ဖြားယောင်းလုယူလိုက်မိသည့်နှယ်...

"မင်းကိုယ်ပေါ်မှာ ဒဏ်ရာဟောင်းတွေ အများကြီးရှိနေတယ်"
နန်ရှန်းက ဆေးပန်းကန်လုံးကို အောက်ချလိုက်သည်။
"ဒီဆေးက မင်းအတွက် အကြီးအကဲကိုယ်တိုင် ကျိုပေးထားတာ။ မင်းဒါကိုသောက်ပြီးရင် နေလို့‌ပိုကောင်းသွားမှာ"

ချူဟွမ်တစ်ယောက် 'ဆေး'ဟုအမည်တပ်ထားသည့် ထိုအရာအား တစ်ချက်မျှကြည့်ကြည့်လိုက်သည်တွင် - ထိုအရာကို ဝက်စာနှင့်နှိုင်းမည်ဆိုလျှင်ပင် ဝက်များထ၍ကန့်ကွက်ကုန်ကြလောက်ပေ၏။

သူလည်း နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံကြည့်လိုက်ပြီးသည့်နောက် - လီယီမျိုးနွယ်စုသွေးထဲတွင်စီးဆင်းလျက်ရှိသည့် 'လျှို့ဝှက်သည်းဖို'အချက်အပြုတ်ပါရမီအချို့ကို ခံစားမိလိုက်ရလေသည်။

/ဪ... အစ်မကြီးချွင်းတော့ မပါပါဘူး/

ချူဟွမ်မှာ ဆေးမသောက်မီတွင် အသက်ဝဝတစ်ချက်ရှူသွင်းလိုက်ပြီးနောက် စိတ်ကိုကြို၍ပြင်ဆင်ထားခဲ့သော်လည်း သူ့အနေဖြင့် အကြီးအကဲ၏ 'သေစေလောက်သည့်'စွမ်းပကားကို လျှော့တွက်လိုက်မိသည်ဖြစ်၏။ ဤမျှလောက် 'လူမဆန်သည့်ညှဉ်းဆဲမှု'ကို ကြုံတွေ့ခံစားလိုက်ရသဖြင့် သူ့လျှာတစ်ခုလုံး ဆန္ဒပြသွားရချေတော့သည်။ ချူဟွမ်တစ်ယောက် သူ့ခေါင်းအုံးနံဘေးရှိရေခွက်ကို ကပျာကသီဆွဲယူ၍ တစ်ကျိုက်တည်းမော့ချကာ အော်ဂလီဆန်တက်လာသည့်ခံစားချက်အား ဖိနှိပ်လိုက်ရပြီးနောက် မြော့မြော့ကလေးမေးလာလေ၏။
"ငါ... ငါ မင်းအကြီးအကဲရဲ့ ဇနီးကို ဖြားယောင်းလိုက်မိလို့များလားကွာ?"

နန်ရှန်းက အတည်ပေါက်ပြန်ဖြေပေသည်။
"မဟုတ်ပါဘူး။ အကြီးအကဲရဲ့ဇနီးက ဆုံးသွားတာဆယ့်ငါးနှစ်ရှိပြီ"

အဆုံးထိဖြေပြီးကာမှ တစ်ခုခုလွဲနေသည်ကို သတိထားမိသွားပုံရကာ စက္ကန့်အနည်းငယ်မျှ စဉ်းစားနေပြီးနောက် ဇဝေဇဝါဖြင့်ပြန်မေးလာလေသည်။
"မင်းက နောက်နေတာလား?"

ချူဟွမ် : "..."

နန်ရှန်းတစ်ယောက် အခြေအနေအရပ်ရပ်ကို သေသေချာချာအပြန်ပြန်အလှန်လှန်စိစစ်သုံးသပ်ကာ မှတ်ဉာဏ်များအားလုံးကို ပြန်လည်တူးဆွရှာဖွေလိုက်ရချေ၏။
"ငါ သဘောပေါက်သွားပြီ။ မင်းပြောတာက 'ဖခင်အသတ်ခံရပြီး ဇနီးသည်လုယူခံလိုက်ရတဲ့ အမုန်းတရားမျိုး' လို့ ဆိုလိုချင်တာမလား?"

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now