အပိုင်း (၄)

Začať od začiatku
                                    

သက်ဝေ ‌မွေးနေ့ရောက်လျှင် ဖေဖေက လိုချင်တာဝယ်ပေးမည်ဟု ကတိပေးထားသဖြင့် ထိုကတိကို သက်ဝေက ရုပ်ရှင်ကြည့်ရန် အမြဲပူဆာတတ်သည်။ တစ်နှစ်မှတစ်ခါသာရသော အခွင့်အရေးမို့ သက်ဝေ မရမကပြောသည်။ နောက်ဆုံးတော့ အဖေလည်း သက်ဝေဆန္ဒကို လိုက်လျောပေးခဲ့သည်ချည်းသာ။

ရုပ်ရှင်ကြည့်ရမည့်နေ့ဆို သက်ဝေစိတ်က အလိုလိုရွှင်နေတတ်သည်။ ရုပ်ရှင်ကို မန္တလေးတွင်လည်းကြည့်လို့ရနေပြီဖြစ်သောကြောင့် သက်ဝေ ကံကောင်းသည်ဆိုရမည်။ ထိုအချိန်ကရုပ်ရှင်များတွင် အသံမပါသေးပေ။ မင်းသား မင်းသမီး သရုပ်ဆောင်ပြီးခါမှ သူတို့ဘာပြောသည်ကိုသိရန် စာတန်းထိုးကိုဖတ်ရသည်။ ဖေဖေသင်ပေးထားသည့်အခြေခံနှင့် သက်ဝေ၏စူးစမ်းလိုစိတ်ကြောင့် ထိုစာတန်းထိုးများကို သက်ဝေလိုက်ဖတ်နိုင်ခဲ့သည်။

ရုပ်ရှင်ကြည့်တိုင်း ထိုနေရာတွင် ကိုယ်တိုင်သရုပ်ဆောင်လိုက်ရလျှင် ဘယ်လောက်များကောင်းမလဲဟု တွေးမိသည်က အခါခါ။ ရုပ်ရှင်ထဲမှ မင်းသမီးသရုပ်ဆောင်သည့် အမူအရာတိုင်း သက်ဝေ လိုက်၍ လုပ်ကြည့်သည်။ ကျောင်းကပွဲများ၌ ပြဇာတ်များထည့်သည့်အခါ သက်ဝေ တက်ကြွစွာပါဝင်သည်။ ပြဇာတ်ပြီးသည့်အခါ သရုပ်ဆောင်နိုင်သည့် ကိုယ့်ကိုယ်ကိုယ်လည်း အားရနေမိသည်။

ကျောင်းမှ အကတော်သည့်ဆရာမကလည်း သက်ဝေတို့လို အကပညာစိတ်ဝင်စားသည့် ကလေးမများကို အကသင်ပေးသည်။

" အရင်ဆုံး သမီးတို့ ဆရာမက ထိုင်နည်းလေးအရင်ပြမယ်။ ကဲ လိုက်လုပ်ကြည့်ကြရအောင်။ အခု ဆရာမ ထိုင်သလို ကျုံ့ကျုံ့လေးထိုင်မယ်။ ထိုင်တဲ့နေရာမှာ ဖနောင့်နှစ်ဖက်ကို တင်ပါးပေါ်မှာတင်ပြီးထိုင်ရမယ်။ ရှေ့ဒူးနှစ်ဖက်ကို တစ်ထွာလောက် ခွာထား။ ပြီးရင် ရင်ကိုနည်းနည်းချီထားမယ်။ ရင်ကိုချီထားရင် ခါးကအလိုလိုညွှတ်ပြီး တင်ကပါ အလိုလိုပါလာမယ်။ မျက်နှာလေးကို ခပ်မော့မော့ကလေးထား "

ဆရာမက ပြောလည်းပြော ကိုယ်တိုင်လည်း လုပ်ပြသည်။ သက်ဝေတို့အားလုံးလည်း ဆရာမပြောသလို လိုက်လုပ်ကြသည်။ စစလုပ်ချင်းတွင် လူတိုင်း အချိုးမကျ။ အနည်းစုသာ ဆရာမနှင့်ထပ်တူလိုက်လုပ်နိုင်သည်။ သက်ဝေလည်း ထိုအနည်းစုထဲတွင် ပါခဲ့သည်။

ချစ်သက်ဝေWhere stories live. Discover now