အပိုင်း (၂၁)

661 76 11
                                    

- အလှကမ္ဘာမြေ -

မြန်မာနိုင်ငံတွင် ထင်ပေါ်ကျော်ကြားသည့် တန်ခိုးကြီးဘုရားများအနက် ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သော ဘော်ကြိုမုဋ္ဌောစေတီတော်ကို သက်ဝေတို့ နေမပူခင် ရောက်ခဲ့ကြသည်။ ဘော်ကြိုဘုရားသည် သီပေါမြို့နှင့် ခုနစ်မိုင်အကွာတွင် တည်ရှိသည်။

" ဘော်ကြိုဘုရားပွဲက တပေါင်းလဆန်းမှလေ မမ။ အခုက ပွဲတော်ရက်မဟုတ်တော့ လူမရှုပ်ဘူး အေးအေးဆေးဆေးပဲ "

မေရီက ရှမ်းရိုးရာ ပင်နီရင်ဖုံးနှင့် ထဘီဝမ်းဆတ်လေးကိုဝတ်ထားပြီး ဆံထုံးကလေးထုံးထားသည်။ ဆံထုံးကတော့ သက်ဝေ လက်ရာပင်ဖြစ်သည်။ အမြဲလိုလို ဆံပင်ချထားချင်နေသည့် မေရီ့အား သက်ဝေ မနက်က ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် ဆံထုံးထုံးပေးထားရခြင်းပင်။ သက်ဝေ ကိုယ်တိုင်လည်း ဆံထုံးထုံး၍ ပန်းပန်ထားပြီး မေရီ ဝယ်ပေးထားသည့် ပင်နီရင်ဖုံးဝမ်းဆတ်ကိုဝတ်ကာ အပေါ်မှ ဆွယ်တာတစ်ထည်ထပ်လာခဲ့သည်။ ရှမ်းပြည်၏အအေးဓာတ်ကို သက်ဝေ အသားမကျသေးပါလေ။

အရှေ့ဘက်မုခ်ရှိ ဆင်းတုတော်ရှေ့တွင် နှစ်ယောက်သားထိုင်လိုက်ကြပြီး ကြာဖူးကြာငုံအသွင် လက်အုပ်ချီမိုးကာ ထိခြင်းငါးပါးဖြင့် ဘုရားရှင်အား သက်ရှိထင်ရှားရှိသကဲ့သို့ပင် ကန်တော့လိုက်သည်။ ထို့နောက်ဘုရားစာရွတ်၍ အမျှဝေကာ သက်ဝေ အမြဲလိုလို တောင်းနေကျ ဆုတစ်ခုကို တောင်းလိုက်သည်။

" တပည့်တော်မ မိသားစုနှင့် တပည့်တော်မ ချစ်ရတဲ့ ကြာသပတေးသမီး မေရီ တို့မိသားစု ဘေးမသီရန်မခဘဲ နေ့ရက်တိုင်း စိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ ဘုရား "

မေရီကတော့ ဘုရားရှိခိုးပြီးတာ စောသဖြင့် သက်ဝေကို ထိုင်ကြည့်နေသည်။ မမဝေ၏မျက်နှာသည် ပကတိကြည်လင်မှုတို့ဖြင့် အေးချမ်းလျက်ရှိသည်။ ဦးသုံးကြိမ်ချပြီးနောက် မမဝေ ဘာဆုတောင်းသလဲဆိုတာ မေရီသိချင်လာသည်။

" မမဝေ ဘာဆုတောင်းနေတာလဲဟင် "

" ဪ မမတို့မိသားစုနဲ့ ရီတို့မိသားစု ကျန်းမာပျော်ရွှင်နေဖို့ပေါ့ ရီရဲ့ "

ချစ်သက်ဝေWhere stories live. Discover now