အပိုင်း (၈)

880 98 0
                                    

- ဂီတအမွေ -

တစ်ပတ်ကြာမှ ပြန်ရောက်လာမည့် ဦးညီပုကို သက်ဝေ လည်တဆန့်ဆန့် မျှော်ရသည် ။ ဦးညီပု ရုတ်တရက် ခရီးထွက်သွားရခြင်းအကြောင်းကို သက်ဝေ သိထားနှင့်ပြီးပြီလေ ။

" မေရီ့ အမေမမာလို့ လိုက်သွားတယ် ။ မောင်နှမလိုဖြစ်နေတော့ ခမျာအတော် စိတ်မကောင်းဖြစ်နေရှာတယ် ။ သက်သာရဲ့လားမသိပါဘူး "

အို မကြာသေးခင်ကမှ တွေ့ထားခဲ့တာကို ယခုတော့ အတော်မမာရှာဘူးတဲ့လား ။ သဘောကောင်းသည့် ထိုဒေါ်ဒေါ်၏မျက်နှာကို သက်ဝေ အလွတ်ရသည် ။ ဘုရားရှိခိုးတိုင်းလည်း အမြန်ပြန်ကျန်းမာဖို့ ထည့်ဆုတောင်းပေးမိသည် ။ ခဏသိကျွမ်းရုံမျှဖြင့် ခင်မင်မိသော မိတ်ဆွေများပေါ့ ။ ဝေ့ဘဝတွင် မြင်မြင်ချင်းခင်တာမျိုး မေရီတို့မှလွဲ၍ သိပ်မရှိပေ ။

" ဟ ရွှေသက်ဝေတို့ ခြံရှေ့ထိတောင်ထွက်ကြိုလို့ပါ့လား ။ ဘာသတင်းထူးရှိလို့တုန်း "

ဦးညီပုတို့ကတော့ ရောက်တာနှင့် ဝေ့ကိုစတော့သည် ။ သို့သော် သိပ်တော့ရွှင်ပျမှုမရှိ ။ ထိုကလေးမ ပါလာမလားဟု သက်ဝေကြည့်မိလိုက်သေးသည် ။ သို့သော် မတွေ့ ။ ထိုကတည်းက သက်ဝေ ရိပ်မိလိုက်ပါပြီ ။ သက်ဝေအထင်ကို ဦးညီပုက စကားနှင့်သေချာစေခဲ့သည် ။ မေရီအမေဟာ မေရီရောက်ပြီးနောက်တစ်နေ့မှာ ဆုံးပါးသွားပြီတဲ့လေ ။

မိခင်တစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရတာမို့ သူမ၏ ဝမ်းနည်းမှုပမာဏသည် သက်ဝေမှန်းဆကြည့်လို့ပင်မရ ။ မေရီ့အကြောင်းဆိုလို့ ဦးညီပုဆီမှပါလာသော မေရီတစ်ယောက် ရှမ်းပြည်တွင်နေခဲ့ဦးမည်ဆိုသော သတင်းစကားတစ်ခုသာ ရှိခဲ့သည် ။

ရက်တွေ လတွေ တရွေ့ရွေ့ပြောင်းသွားသော်လည်း သက်ဝေ ဇာတ်ကားမရိုက်ဖြစ် ။ မင်းသမီးတစ်ယောက်ဖြစ်လျှင် အကပညာတော့ တတ်ထားမှတော်မည်ဟု အကြံပေးသောကြောင့် သက်ဝေ အကပညာထပ်မံဆည်းပူးရပြန်သည် ။ ကျောင်းတုန်းက ပညာအခံရှိထားတော့ သက်ဝေ လွယ်လွယ်ကူကူပင်တတ်မြောက်ခဲ့ပါသည် ။

ဇာတ်ကားမရိုက်ဖြစ်သေးသည့် အတောအတွင်းတွင် သက်ဝေ အကပညာလည်းကျွမ်းကျင်ခဲ့သည် ။ ထိုမျှမက စက်ဘီးစီးခြင်း ၊ ကားမောင်းခြင်း ၊ ရေကူးခြင်း အစရှိသည့် ပညာရပ်တို့ကိုလည်း တတ်မြောက်ခဲ့သည့်အပြင် အင်္ဂလိပ်စာပါ ထပ်လောင်းသင်ကြားခဲ့သဖြင့် ရုပ်ရှင်နယ်ပယ်တွင် သက်ဝေ နာမည်သည် အတော်လေးရေပန်းစားလှသည် ။

ချစ်သက်ဝေWhere stories live. Discover now