အပိုင်း (၂)

1.3K 138 9
                                    

- ချစ်သမျှကို -

၁၉၁၉ ခုနှစ် ဩဂုတ်လ (၁၇) ရက် ...။

" ကိုဘရင် တော် ဘယ်သွားမလို့တုန်း "

မညွန့်က တစ်လသမီး သက်ဝေကလေးကို နို့တိုက်ရင်း အပြင်ထွက်ရန်ပြင်နေသည့် ခင်ပွန်းဖြစ်သူကိုလှမ်းမေးလိုက်သည်။

" လူထုအစည်းအဝေးပွဲရှိတယ်ဟ မိညွန့်ရ။ နင့်မလည်း မျက်စိလေးဖွင့် နားလေးစွင့်ထားဦး။ ကိုယ့်နိုင်ငံကြီးက သူများလက်အောက်ရောက်နေတာကို သတင်းလေးဘာလေး နားစွင့်မယ်မရှိဘူး "

" တော်ပြောတော့သာလွယ်တာပေါ့။ ကျုပ်မှာက ဒီကလေး ၃ ယောက်တာဝန်ရယ်၊ အိမ်မှုကိစ္စတွေရယ်ကရှိသေးတယ်လေ။ ရှင့်လိုအားယားမနေပေါင်ဝောာ် "

ပက်ခနဲပြန်ပြောသော မိန်းမကို ကိုဘရင်ပြန်ပြောချင်ပေမယ့် အစည်းအဝေးနောက်ကျမည်စိုး၍ ပြောချင်သည့်စကားများကို မျိုချကာ ထွက်လာခဲ့သည်။ ကိုဘရင်ဟာ စာပေတွေ ဖတ်သည့်အလျောက် နိုင်ငံရေးဗဟုသုတကြွယ်ဝသည်။ ထို့အပြင် နယ်ချဲ့တော်လှန်ရေးကိစ္စများတွင်လည်း ကျရာနေရာက အားတက်သရော ပါဝင်ဆောင်ရွက်သေးသည်။

ယနေ့ကျင်းပသည့် လူထုအစည်းအဝေးကို မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအသင်းနှင့် ဝိုင်အမ်ဘီအေအသင်းတို့ ပူးပေါင်းကာကျင်းပခြင်းဖြစ်ပြီး ဝတ်လုံဦးချစ်လှိုင်က သဘာပတိအဖြစ်ဆောင်ရွက်ကာ " ဖေ၊ ပု၊ ရှိန် " ကိုယ်စားလှယ်ကိုထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။

အစည်းအဝေးကအပြန်တွင် ကိုဘရင် ပို၍ပင်စိတ်အားထက်သန်လာသည်။ သားသမီးတွေကို ယခုလိုနယ်ချဲ့လက်အောက်မှာမထားချင်။ တရားမမျှတသော ပညာရေးကိုလည်း မသင်စေချင် ။ အထူးသဖြင့် ဗမာ့ယဉ်ကျေးမှုကို မေ့ကာ ဘိုဆန်ဆန်တွေဝတ်စားပြီး အနောင်တိုင်းယဉ်ကျေးမှုများအပေါ်သာယာသွားမည်ကို ကိုဘရင် အလွန်စိုးပါသည်။

အလုပ်အကိုင်ကလည်း အဆင်ပြေသည်ဟု မဆိုသာ။ မိဘတွေဆီမှ အမွေတစ်ချို့ကြောင့် အဆင်ပြေပြေနေနေရသော်လည်း အလုပ်အကိုင်က ခက်ခဲလှသည်။ မြန်မာပြည်မှာမွေး၊ မြန်မာပြည်သားဖြစ်ပါလျက်ကယ်နှင့် မြန်မာပြည်တွင်အလုပ်အကိုင်ကျပ်တည်းနေသည်ကို ပြောလျှင် ယုံနိုင်စရာမရှိ။ သို့သော် အမှန်ပင်ဖြစ်သည်။

ချစ်သက်ဝေWhere stories live. Discover now