အပိုင်း (၁၂)

1K 90 1
                                    

- ဒေစီ -

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအပြီးတွင် သက်ဝေတို့ အနည်းငယ် အသက်ရှူချောင်သွားသည် ။ စစ်အေး‌ပြီဆိုတော့ အေဝမ်းမှ လှမ်း၍အကြောင်းကြားသည်နှင့် ရန်ကုန်သို့ပြန်ရန်လည်း တစ်ဆက်တည်း ဆောင်ရွက်ရ‌သည် ။ အမေက စိတ်မချသည်နှင့် အစ်ကိုလေးတင့်ဆွေကို ဝေနှင့်အတူ အဖော်ထည့်ပေးသည် ။

" ဟာ ကျုပ်မလိုက်ချင်ပါဘူး အမေရာ မိန်းကလေးတွေကြား မနေတတ်ပါဘူး အမေ့သမီး ထွေးစိန် ထည့်လိုက်ပေါ့ "

" အိုအေ "

မပင့်သည့် ဘုန်းကြီးက အရင်ကြွဆိုသလိုပင် ထွေးထွေးကလည်း အစ်ကိုလေးထက် ပို၍ လိုက်ချင်စိတ်ပြင်းပြနေသည် ။

" အမေ့ ထွေးလိုက်သွားမယ်လေ နော် နော် ထွေးလည်းမငယ်တော့ပါဘူး အမေရဲ့ အစိတ်တောင်ရှိနေပြီကိုး သူများတွေ ဒီအရွယ် လင်တောင်ယူနေကြပြီ "

" အို့ ညည်းက လင်လိုချင်လို့လား ရပါ့တော် ငါ့အသိ .. "

" အမေ့! ထွေးက လင်လိုချင်လို့ပြောတာမှမဟုတ်တာ မငယ်တော့ဘူးဆိုတဲ့အကြောင်းပြောချင်တာလေ ထွေးလိုက်သွားမယ်နော် "

" အို ရှုပ်ရှုပ်ယှက်ယှက်အေ အခု‌ တင့်ဆွေတောင် ရွှေသက်ဝေကို စိတ်မချလို့ထည့်ရမှာ ညည်းက ဘာကိစ္စလိုက်ဖို့တုန်း "

" ထွေးလည်း လိုက်ချင်လို့ပါ မေမေရဲ့ မေမေ့မှာ ကိုကိုကြီးလည်းရှိတယ် မမအေးလည်းရှိနေတာပဲကို နော်လို့ "

မမအေးဆိုသည်မှာ အစ်ကိုထွန်းမောင်၏ ဇနီး မယဉ်အေးကိုပြောခြင်းဖြစ်သည် ။ စစ်ရှောင်ရင်း အစ်ကိုထွန်းမောင်နှင့် မယဉ်အေးတို့လည်း အကျဉ်းရုံး၍ မင်္ဂလာကိစ္စစီစဉ်လိုက်ကြသည်မှာ တစ်နှစ်ယဲ့ယဲ့ပင်ရှိရော့မည် ။

" ထွေးလိုက်ချင်သပဆိုလည်း ထည့်လိုက်ပါ မေမေရယ် သူပြောသလို အသက်လည်းငယ်တော့တာမှမဟုတ်တာ ။ ဟိုမှာက စိတ်လည်းချရပါတယ် "

" ပြောမရလည်း ညည်းတို့သဘောပဲအေ "

အမေက ခွင့်ပြုလိုက်တော့ ထွေးတစ်ယောက် ထပင်ခုန်လေသည် ။ ပြောတော့ဖြင့် အသက်မငယ်တော့ပါဘူးဆိုပြီး ယခုထိတိုင် က‌လေးတစ်ယောက်လို ပြုမူနေဆဲ ထွေးထွေးပါပင် ။

ချစ်သက်ဝေWhere stories live. Discover now