ဤသို့အစပြု၍

904 52 5
                                    

တစ်ချိန်က မင်းနေပြည်တော်ဖြစ်ခဲ့သော မန္တလေးမြို့သို့ ချင်းနင်းဝင်ရောက်လာပြီဆိုကတည်းက ပတ်ဝန်းကျင်လေထုသည် ရန်ကုန်မြို့နှင့်မတူဘဲ ထူးခြားနေသည်ဟု သူဇာလွင် ထင်မိသည်။ ဖတ်လက်စ ဆရာမ ဂျူး၏ အမှတ်တရ ဆိုသော စာအုပ်လေးကို စာရွက်ပိုင်းလေးတစ်ခုဖြင့်ညှပ်၍ နေရာအမှတ်အသားလုပ်လိုက်ပြီး အိတ်ထဲသို့ သိမ်းလိုက်သည်။

အသက် ၂၈ နှစ်အတွင်း မန္တလေးမြို့သို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်မို့ သည်အခွင့်အရေးကို လက်လွတ်မခံချင်ပါ။ ထို့ကြောင့် မြင်မြင်သမျှကို လွင် မှတ်စုစာအုပ်အသေးလေးထဲ ချရေးမှတ်လိုက်သည်။ မွေးနေ့တုန်းက ဖေဖေလက်ဆောင်ပေးထားသော ဖလင်ကင်မရာအဟောင်းလေးကို တယုတယထုတ်၍ မြင်ကွင်းများကိုလည်း အဆက်မပြတ် မှတ်တမ်းတင်လိုက်သည်။ မန္တလေးသူ၏အထုပ္ပတ္တိကို ရေးချင်လျှင် မန္တလေးကိုလည်း သေချာသိနေမှဖြစ်မည်ဟု လွင်ခံယူထားသည်။

လွင် မန္တလေးမရောက်ဖူးသော်လည်း စိတ်ပူစရာတော့သိပ်မရှိပေ။ အဘယ်ကြောင့်ဆိုသော် မန္တလေးတွင် မေမေ့အစ်မ အန်တီမူယာနှင့် မေမေ့ညီမ အန်တီစန္ဒာတို့ရှိသဖြင့် လွင့် နေရေးစားရေး အစစအရာရာ အဆင်ပြေသည်။ ယခုလည်း လွင်လာမည့်ရက်ကို ကားဂိတ်အထိ လာကြိုမည်ဟု လွင့်ကို စာထဲ၌ရေးပေးထားသည်။

လက်ကိုင်အိတ်တစ်လုံးနှင့် ခရီးဆောင်အိတ်တစ်လုံးသာပါသောကြောင့် လွင့်အတွက် သိပ်တော့ ဝန်မများပါ။ ကားပေါ်မှဆင်း၍ ဟိုဟိုသည်သည် မျက်လုံးကို ဝေ့၍ရှာလိုက်တော့ မလှမ်းမကမ်းတွင် ကားလေးတစ်စီးဖြင့် ရပ်ကာ စောင့်နေသည့် အန်တီစန္ဒာ့ကို တွေ့လိုက်ရသည်။ ပိုက်ဆံအတန်အသင့်ရှိပြီး ခေတ်ပညာတတ် အန်တီစန္ဒာက သူများကိုမှီခိုရတာမကြိုက်၍ ကားမောင်းခြင်းအတတ်ကို ကိုယ်တိုင်သင်ထားလေသည်။

" သူဇာ "

" အန်တီကတော့လုပ်ပြီ လွင် အဲ့နာမည်ကြီးမကြိုက်ပါဘူးဆို "

" အောင်မယ် ဒီလောက်လှတဲ့နာမည်ကို။ ညည်းက ညည်းအဖေချစ်ပါအေ ငါတို့ညီအစ်မတတွေနဲ့တူအောင်မှည့်ပေးထားတဲ့နာမည်ကျ မကြိုက်ဘူး။ ညည်းအဖေနာမည်ပဲ ကြိုက်တာ "

ချစ်သက်ဝေWo Geschichten leben. Entdecke jetzt