အပိုင်း (၁)

2.3K 145 8
                                    

- မိုးဒေဝါ -

၁၉၁၉ ခုနှစ် ဇူလိုင်လ (၁၁) ရက် ...။
မြန်မာသက္ကရာဇ်ဖြင့်ပြောရလျှင် ၁၂၈၁ ခုနှစ် ဝါဆိုလပြည့် သောကြာနေ့ ...။

မန္တလေးမြို့ အောင်တော်မူရပ်ကွက်ရှိ အိမ်တစ်အိမ်တွေ ဆူညံသံများဖြင့်ပြည့်နေသည်။ မိုးရာသီဖြစ်သောကြောင့် ကောင်းကင်တစ်ခုလုံးတွင်လည်း ဆူညံလှုပ်ရှားနေသော ထိုအိမ်ကဲ့သို့ တိမ်သားညိုညိုများ ရွေ့လျားကာ မိုးရွာတော့မည့်ဟန်ရှိနေသည်။ သို့သော် လျှပ်စီးများ တစ်ချက်တစ်ချက် လက်သွားသည်ကလွဲလို့ မိုးတော့မရွာသေး။

" မောင်ဘရင် မင့်မိန်းမ မွေးတော့မယ်ထင်တယ် လက်သည်ဒေါ်ဘုမကို သွားခေါ်ချည်စမ်း "

" ဟုတ်ကဲ့ အမေ "

ကိုဘရင်တစ်ယောက် ဝါးခမောက်လေးဆောင်း၍ ခပ်သုတ်သုတ်ထွက်လာခဲ့သည်။ သားနှစ်ယောက်ရှိနှင့်ပြီးသားမို့ ယခုမွေးမည့်ကလေးကိုတော့ မိန်းကလေးဖြစ်စေချင်သည်။ သို့သော် ဘာလေးမွေးမွေး ကိုယ့်သွေးကိုယ့်သားပေမို့ ချစ်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကိုဘရင်သည်လည်း မရောင့်ရဲနိုင်တတ်သော လူသားပေမို့ စိတ်တွင်းကတော့ ကြိတ်၍ "သမီးလေးမွေးပါစေ" ဟုဆုတောင်းနေမိသည်။

" ဒေါ်ဘုမရေ ဗျိုး ဒေါ်ဘုမ "

အသက် ၅၀ ကျော် အမျိုးသမီးတစ်ယောက် ‌ကွမ်းယာကိုပါးစောင်တွင်ငုံလျက် ထွက်လာသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးရှိပြီး ကျောတွင် ဘုကြီးနှင့်မို့ ' ဘုမ ' အမည်တွင်ရသည်ဟု ကိုဘရင် ကြားဖူးသည်။ သို့သော် ယခု ဒါက အရေးမကြီး။ သူ့မိန်းမ မီးဖွားဖို့သာ အရေးကြီးသည်။

" လိုက်ခဲ့ပါဦးဗျ မညွန့် မွေးတော့မယ်ထင်တယ်။ အမေက အခေါ်လွှတ်လိုက်လို့ "

" အေး အေး ခဏစောင့် ငါနင်နဲ့ တစ်ခါတည်းလိုက်ခဲ့မယ် "

နှစ်ပြလောက်သာ ဝေးသည်မို့ ဒေါ်ဘုမ အိမ်ကိုရောက်ဖို့ အချိန်သိပ်မယူလိုက်ရပါ။ ရှေ့သားနှစ်ယောက်တုန်းကလည်း ဒေါ်ဘုမ လက်ထွက်တွေမို့ မီးနေခန်း ဘယ်နားရှိသည်ဆိုတာကို ပြောစရာပင်မလို။ အိမ်သို့ရောက်သည်နှင့် မီးနေခန်းထဲသို့ တန်းခနဲဝင်သွားသည်။

ချစ်သက်ဝေWhere stories live. Discover now