အပိုင်း (၂၃)

713 78 11
                                    

- ကံကြမ္မာ စေရာအတိုင်း -

" မမဝေ အိမ်ပြန်ရအောင်ပါ "

" မပြန်ဘူး ထွေး။ မေမေတို့စကားက သိပ်တရားလွန်တယ်။ မေရီက မန်းလေးကို မမမျက်နှာနဲ့လိုက်လာတာ။ သူ့ကိုတစ်ယောက်တည်းဘယ်လိုလုပ်ထားခဲ့ရမလဲ။ သူ့အိမ်ကိုလိုက်သွားတုန်းက သိပ်ဧည့်ဝတ်ကျေခဲ့တာ မမ ပျော်ခဲ့ရတယ် နွေးထွေးခဲ့ရတယ်။ ကိုယ့်အလှည့်ကျမှ ဒီလိုအဖြစ်တွေနဲ့ ကြုံခိုင်းတာ မတရားဘူးထင်တယ်‌ ထွေး "

မမဝေလို သိတတ်လိမ္မာသည့် သမီးမျိုးက ယခုလို ခေါင်းမာတတ်လိမ့်မည်ဟု ထွေးမထင်ခဲ့ပါ။ ယခုလည်း အိမ်ကထွက်သွားပြီး ဧည့်ရိပ်သာတစ်ခုတွင်နေသည်ကို သတင်းရသဖြင့် ထွေး လိုက်လာ၍ မရမက အတင်းတွေ့ခွင့်တောင်းတော့မှ ဆင်းတွေ့လေသည်။ အိမ်ပြန်ခေါ်တော့လည်း မလိုက်။

မမဝေနှင့်မေရီ့ကိစ္စကိုတော့ ထွေး ယခင်ကတည်းက ရိပ်မိသလိုလိုရှိခဲ့သည်။ မေရီ၏ ပိုလျှံသော မေတ္တာတရားနှင့် မ‌မဝေ၏ သဘောထားတို့ကို အချင်းချင်းမရိပ်မိခင်ကပင် ထွေး ရိပ်မိခဲ့သည်။ မမဝေတို့သာ ချစ်သူဖြစ်သွားကြရင် ခက်ခဲမည်ဆိုတာကို ထွေးကြိုတင်တွေးမိသော်လည်း ယခုလောက်ထိ ပြဿနာကြီးမားသွားမည်မှန်း ထွေး မထင်ထားခဲ့ပါ။

" ဖေဖေလည်း ပြန်ရောက်နေပြီ မမဝေ။ မမကို မေးနေတယ် ပြန်ရအောင်ပါ နော် "

" မမ ဒီကနေပဲ ရန်ကုန်ဆင်းမယ် ထွေး။ မမကို တစ်ခုပဲ ကူညီပါ့လား မမပစ္စည်းနဲ့ မေရီ့ပစ္စည်းတွေ ထွေးကပဲ ဒီကို လာပို့ပေးပါ "

" သက်ဝေ "

ထွေးကိုပြောနေစဉ် နော‌က်ကျောဆီမှ ရင်းနှီးနေသော ခေါ်သံကို ကြားလိုက်ရသည်။

" ဖေဖေ "

‌သက်ဝေ အံ့အားတကြီးကြည့်နေစဉ် ဖေဖေက သက်ဝေတို့နားသို့ရောက်လာသည်။ ထွေးက အလိုက်တသိ သက်ဝေနားမှ ထသွားပြီး ဖေဖေက ထွေး ထသွားသည့် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သက်ဝေကမူ ဖေဖေ့ကို မကြည့်ဘဲ ခေါင်းကိုသာငုံ့ထားလေသည်။

" သက်ဝေ "

" ဟုတ်ကဲ့ ဖေဖေ "

" ဖေဖေ ဒီကိုလာတာ သမီးကိုအတင်းအိမ်ပြန်ခေါ်ဖို့မဟုတ်ဘူး။ ဒါပေမယ့် သမီးကိုလက်ခံလို့လည်း လာတာမဟုတ်ဘူး "

ချစ်သက်ဝေWhere stories live. Discover now