Chapter 52

5.7K 909 19
                                    

Unicode

ပန်းဆိုင်ကြီးများသည် အများအားဖြင့် ‌ဝေးလံသော မြို့စွန်ဖျား၌တည်ရှိလေသည်။ယနေ့မနက်စောစော၌ ရှဖန်နှင့်ယွီသုံတို့သည် အလှစိုက်ပျိုးထားသည့် စိမ်းလန်းစိုပြည့်အရာများဖြင့်ပြည့်နေသော ဆင်‌ခြေဖုံးဘက်သို့ ထွက်လာခဲ့ကြသည်။

ယွီသုံ ကားပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ ဝင်ရောက်လာသည့်လေညှင်းတို့ကြောင့် သူမ၏ဆံနွယ်ရှည်များသည် လွှင့်မြောနေပြီး မျက်နှာတွင်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကာ မျက်ဝန်းများကလည်း တောက်ပနေလေသည်။

" ဟိုမှာ ရပ်ရအောင်! "အနီးရှိကားပါကင်တစ်ခုကို ညွှန်ပြရင်း ယွီသုံပြောလိုက်သည်။

ရှဖန် သူမညွှန်ပြသည့် နေရာကိုကြည့်ရင်း ပဟေဠိဖြစ်သွားသည်။" ပန်းဆိုင်က နည်းနည်းဝေးသေးတယ်လေ "

" ကျွန်မတို့ လမ်းလျှောက်လို့ ရတာပေါ့ "ယွီသုံ ပြုံးလိုက်သည်။" ဒီနေ့ရာသီဥတုက တစ်ကယ်ကောင်းတယ် "

ထို့ကြောင့် ရှဖန်ခေါင်းငြိမ့်ပြလိုက်ပြီး ကားအရှိန်လျော့ကာ အရိပ်တစ်နေရာ၌ ရပ်လိုက်၏။

နေသာ၍တောက်ပ‌သည့် ‌နွေဦးနေ့ရက်များသည် လူများကို အမြဲပျော်ရွှင်စေပြီး အပြင်၌ ထိုင်းမှိုင်းစွာ ထိုင်နေလျှင်ပင် ပျော်ရွှင်နေနိုင်ဆဲဖြစ်သည်။

ရှဖန်သည် ယွီသုံ၏လက်ကို ဆွဲကိုင်၍ ယိမ်းထိုးနေသည့် အပင်များ၏အရိပ်အောက်မှ ဖြတ်လျှောက်လာခဲ့သည်။စိမ်းလန်းစိုပြေနေသည့် သစ်ပင်များအကြားမှ နေရောင်ခြည်များကလည်း ကျရောက်နေကာ ယွီသုံ၏ချစ်စရာကောင်းသည့် အပြုံးတို့မှာ ညှို့ယူဆွဲဆောင်နေလေသည်။

" ကိုယ် ဒီလိုမျိုးအပြင်မထွက်ရတာတောင် တော်တော်ကြာခဲ့ပြီ " ရာသီဥတုကလည်း ကောင်းမွန်လှသည့်အပြင် ဇနီးဖြစ်သူကလည်း ပျော်ရွှင်နေသောကြောင့် ရှဖန်သည်လည်း လွင့်ပျံနေသလိုမျိုးခံစားရလေသည်။

" ဒီလိုမျိုးရှုခင်းတွေကို လွမ်းနေတာလား? "ယွီသုံ ရယ်လိုက်သည်။

" ဟုတ်တယ်!ပန်းတွေမရှိရင်တောင်မှ ဒီလိုမျိုးလှပပြီး စိမ်းလန်းစိုပြည်တဲ့သစ်ပင်တွေက လူတွေကို လန်းဆန်းပြီး ‌ပျော်ရွှင်စေတယ် "

Rebirth on the Doors to the Civil Affairs Bureau(ဘာသာပြန်)Where stories live. Discover now