Chapter - 16: ဤကမ္ဘာ (ဤကမ႓ာ)

Start from the beginning
                                    

နောက်ဆုံးတွင်ကား သူလုံးဝ မူးသွားချေမည်။ ထိုအချိန်တွင်ကား အားလုံးသော စိတ်ခံစားမှုများ၊ ပူဆွေးသောကများ၊ ပျော်ရွှင်မှုများလည်း မရှိတော့သလို ကောင်းကင်ဘုံ၊ ကမ္ဘာကြီး၊ လူသားနှင့် တစ္ဆေတို့လည်း ပျောက်ကွယ်သွားပေမည်။ အရာအားလုံးကို သူ့ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီးနောက် သူသည် ငှက်မွေးလေးတစ်ချောင်းပမာ ပေါ့ပါးနေလျက် လေထဲတွင် မျောလွင့်သွားလေတော့မည်။ အရာအားလုံးကို လျစ်လျူရှုထားလိုက်သော အနှီဟာလာဟင်းလင်းဖြစ်မှုကို အမှီပြုလျက် တစ်ညလုံး အပူအပင်မရှိ အနှောင့်အယှက်ကင်းစွာ အိပ်စက်သွားပေမည်။

သို့သော် ချူဟွမ်က သူ့နှုတ်ခမ်းများကို တင်းတင်းသာစေ့ထားလိုက်လျက် ထုတ်မပြောလိုက်ပါချေ။

ကောင်းကင်ဘုံ၏ လှုပ်ရှားမှုများမှာ မြန်ဆန်လှလေရာ လူသားများအနေဖြင့် ကိုယ့်ကိုယ်ကိုတိုးတက်အောင် အမြဲကြိုးစားနေရပေမည်။ သူ့အနေဖြင့် သူကိုယ်တိုင်၏ ရှောင်ပြေးခြင်းအပေါ် မှီခိုနေမှုကို သိမြင်ပြီးဖြစ်သောကြောင့် သူ့နှလုံးသားထဲမှ အဓိပ္ပာယ်မရှိဘဲ ရှက်စရာကောင်းလှသော အားနည်းချက်ကို ဆုပ်ကိုင်မထားသင့်ပါချေ။

ထို့အပြင် နန်ရှန်းက ဤနေရာတွင် လဲလျောင်းနေသည့်တိုင် သူ့စိတ်မှာ အပြင်ဘက်ရောက်နေသည်မှာ ဖြစ်နိုင်လှလေသည်။ ဤညတွင် လီယီမျိုးနွယ်စုတစ်ခုလုံး ကင်းစောင့်နေကြသည်မှာ အကြောင်းတစ်ခုခုရှိသောကြောင့်ပင် ဖြစ်ပေ၏။ ချူဟွမ်အနေဖြင့် ဖြစ်ပျက်နေသမျှအားလုံးကို မေးကြည့်ရန် အဆင်မပြေသည့်တိုင် ခေါင်းဆောင်ဖြစ်သူကို တာဝန်ပေါ့လျော့၍ အရက်မူးနေအောင်လုပ်ရန် မဖြစ်ပါလေ။

သူက သူ၏ အရက်စွဲနေမှုကို ပြန်လည်မျိုသိပ်လိုက်သော်လည်း မည်သူက ထင်မိပါမည်နည်း၊ ကျဆင်းသွားသင့်ပြီဖြစ်သော စကားများက အပေါ်သို့ ပြန်ဆန်တက်လာခဲ့ပေသည်။

"ငါ့မှာ မင်းနဲ့ နည်းနည်းတူတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်"
ချူဟွမ်က ရုတ်တရက် တိုးတိုးလေး ရေရွတ်လိုက်မိ၏။

သူ့အသံမှာ ဖော်ပြ၍မရနိုင်လောက်အောင် ကွဲအက်နေကာ ကျောက်ဆောင်တစ်ခု၏ မျက်နှာပြင်ကို ဖြတ်သန်းတိုက်ခတ်နေသော သဲမှုန်များပါဝင်နေသည့် လေတစ်ဝှေ့နှယ် အချိန်ကြာလာနှင့်အမျှ ပို၍ကြမ်းတမ်းလာချေသည်။ နန်ရှန်းတစ်ယောက် အလိုအလျောက်ပင် သူ့နားရွက်များကို လှည့်လိုက်မိကာ ယားကျိကျိခံစားသွားရလေ၏။

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now