Chapter - 6: ဤကမ္ဘာ ( ဤကမာၻ )

Start from the beginning
                                    

လူငယ်လေးမှာ စိတ်တခြားလူတခြားဖြင့် ခေါင်းသာ ခါနေလေ၏။

ကားဆရာက သူ၏ငှက်သိုက်ဆံပင်နှင့်ခေါင်းကို ကုတ်လိုက်မိလေသည်။
"အာ... အဲ့ဒါက ဘယ်လိုခေါ်လဲဆိုတာတော့ ငါမမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အဲ့ဒါက ခရီးသွားတွေအတွက် အထင်ကရနေရာတစ်ခုပဲ။ မြို့ကနေ ကားတွေနဲ့ လာကြတဲ့ ခရီးသွားတွေတော့ အများကြီးပဲ။ ဆိုတော့... အဲ့မှာ လူတွေတော့ တော်တော်များများရှိပါတယ်"

လူငယ်မှာ တုန်တုန်ယင်ယင်ဖြင့် မေးလာပြန်လေ၏။
"ရွာကရောဟင်?"

ကားဆရာ : "အိုး... ခရိုင်တစ်ခုမှာ မြို့နယ်ဘယ်နှခုရှိပြီး မြို့နယ်တစ်ခုမှာ ရွာဘယ်နှရွာရှိတယ်ဆိုတာ ငါဘယ်သိနိုင်ပါ့မလဲ။ အဲ့ဒါတွေက ဆိတ်ချေးတုံးတွေလိုမျိုး နေရာအနှံ့ပြန့်ကျဲနေတာကို။ ရွာကနေ ခရိုင်မြို့ဆီကို ကားမရှိဘူး။ မင်း မြည်းလှည်းမစီးချင်ဘူးဆိုရင် တောင်ပေါ်ကို ခြေထောက်နဲ့တက်ဖို့ပဲရှိတယ်။ တောင်ကောင်းကောင်းမတက်တတ်ဘူးဆိုရင်တော့ ခြေချော်သွားပြီး ဘုန်းကနဲ ပြုတ်ကျသေမှာပဲ! "

လူငယ်လေးကား ရက်စက်လှသည့် "ဘုန်းကနဲ"ဟူသော မြည်သံစွဲအလင်္ကာကို နားထောင်ရင်းဖြင့် ချက်ချင်းပင် သူ့မျက်နှာမှာ မည်းကနဲဖြစ်သွားပေသည်။

ဤတောင်ပတ်လမ်းပေါ်တွင် မောင်းနှင်သော ကားဆရာတစ်ယောက်ထံမှ မျှော်လင့်ထားနိုင်သည့်အတိုင်း သူ့ပါးစပ်မှ မထွက်ရဲသော ပေါက်ကရဟူ၍ မရှိပေ။

"လမ်းလျှောက်ရမှာကို မပြောနဲ့ဦး၊ ငါတို့ အခုဒီနေရာကနေ ခရိုင်မြို့ကို သွားတာကိုပဲ ပြောရရင် မိုးလေးနည်းနည်းရွာတာနဲ့ ဘယ်သူက သွားရဲတော့မလဲ... တောင်ထိပ်ကနေ ထိုးဆင်းပြီး ကျောက်ဆောင်တွေပေါ် ပြုတ်ကျ... ဘုန်း... အကုန်အတူတူသေ။ ဒါမှမဟုတ် ရွှံ့တွေကျန်ခဲ့ပြီး ချောနေတဲ့လမ်းကို ဘယ်သူမှ သန့်ရှင်းရေးမလုပ်လို့ မတော်တဆ သတိလွတ်သွားတာနဲ့ ကမ်းပါးကိုလွန်ပြီး ချော်ကျသွားရင်... ဘုန်း... အားလုံးအတူတူထပ်သေ... "

ကားဆရာကြီးသည်ကား စကားပြောအရာတွင် ထူးချွန်ပြောင်မြောက်လှသူတစ်ယောက်ဟု အသိအမှတ်ပြုရပေမည်။ စကားလေးသုံးခွန်းလောက်နှင့်ပင် နားထောင်နေသူတို့မှာ သုံးခါမျှ သေလိုက်ရှင်လိုက်ဖြစ်နေပြီးဖြစ်ချေ၏။ လူငယ်လေးမှာ ဤစကားတွင် တည့်တည့်ထိသွားကာ သူ၏ ခရီးဆောင်အိတ်ကြီးကို မ၍ ကားပေါ်မှ တစ်ချိုးတည်း ဆင်းပြေးလေတော့သတည်း။

တောင်စဉ်၊ မြစ်ပြင် တစ်ခွင်တစ်လွှားဝယ် (MM translation)Where stories live. Discover now