အခန်း ၇၅ (ဇာတ်သိမ်းပိုင်း-၁)

En başından başla
                                    

"မင်းက နတ်ဘုရားလိုလို၊ တစ္ဆေလိုလိုအယောင်ဆောင်ထားတဲ့ မိစ္ဆာတစ်ကောင်ပဲ"

ကျောက်ကျင့်မှာ ဟန့်တားချိန်မရလိုက်ပေ။ ထိုလူမှာ ချင်းဖုန်းဓားဂိုဏ်းမှ 'ဟွိုင်' မျိုးဆက်တစ်ဦးဖြစ်သည့် မော့ဟွိုင်ဖုန်းဆိုသည့် လူအိုကြီးတစ်ယောက်ဖြစ်နေကြောင်း ကိုသာလျှင် တွေ့မြင်လိုက်ရသည်။ ကျောက်ကျင့်က စိတ်ထဲတွင် ပြန်လည် စဉ်းစားတွေးတောလိုက်သည်။ ချောင်ဝေ့နင်နှင့်ပတ်သက်ပြီး ဖြစ်ပွားသွားခဲ့သော ပြဿနာအရှုပ်အထွေးများကြောင့် မော့ဟွိုင်ခုန်းသည်ကား တိုက်ပွဲမစခင်ကတည်းက နောက်လှည့်ပြန်သွားပြီဖြစ်သည်။ မော့ဟွိုင်ရန်မှာမူ သူ၏ဂုဏ်သိက္ခာအတွက် လက်ကိုတစ်ဝက်မျှဆန့်ထုတ်ထားပြီးနောက် တိတ်တိတ်လေး ပြန်လည်ရုပ်သိမ်းသွားကာ ဘေးတစ်ဖက်မှနေ၍ ပွဲကြည့်ပရိသတ်လုပ်ရန်သာ ကြံစည်ထားပုံရသည်။

မော့ဟွိုင်ဖုန်းဆိုသူမှာမူ သူ့ကိုယ်သူ ကြီးနိုင်ငယ်ညှင်းလုပ်နေမိသလားဆိုတာကိုလည်း ဂရုမစိုက်၊ တစ်ဖက်သားအပေါ်တွင် စိုးစဉ်းမျှ အားတုံ့အားနာဖြစ်ခြင်းမရှိဘဲ သူ၏ဓားရှည်ကြီးကို ဓားအိမ်အတွင်းမှဆွဲထုတ်ကာ လေပြင်းမုန်တိုင်းတစ်ခုသဖွယ် ဝမ်းခယ့်ရှင်ဆီသို့ တိုက်ခိုက်ရန် တစ်ဟုန်ထိုးပြေးဝင်သွားလေတော့သည်။ လူအုပ်ကြီး၏မျက်စိရှေ့မှောက်ဝယ် အနှီအနီရောင်ဝတ်စုံနှင့်အမျိုးသားမှာ ကျောက်သားလှေကားထစ်များပေါ်မှ အေးအေးလူလူ ဆင်းလာနေသည်ကိုသာလျှင် တွေ့မြင်လိုက်ရသည်။ ၎င်းမှာ လုံးဝဥဿုံ ရှောင်တိမ်းခြင်းမပြုသလို သူ၏ခြေလှမ်း တစ်လှမ်းနှင့်တစ်လှမ်းကြားအကွာအဝေးသည်ပင် ပြောင်းလဲသွားခြင်းမရှိသလို။ အနှီမော့ဟွိုင်ဖုန်းထံမှ ရုတ်တရက် အဆုတ်၊ နှလုံးကွဲအက်ကြေပြုန်းမတတ် စူးစူးဝါးဝါး အော်ဟစ်သံတစ်သံထွက်ပေါ်လာကာ လူတစ်ကိုယ်လုံးမှာ ဘေးတစ်ဖက်သို့ ပြုတ်ကျသွားရှာ၏။

ဝမ်းခယ့်ရှင်၏လက်တစ်စုံမှာ ယခင်အတိုင်းပင် သူ့ခန္ဓာကိုယ်ဘေးတစ်ဖက်တွင်သာ တွဲလောင်းချထားဆဲဖြစ်သည်။ သူ့မျက်နှာပေါ်ဝယ် တုတ်တုတ်မျှမလှုပ်ရှားသော အပြုံးရိပ်တစ်ခုကိန်းအောင်းနေလျက်။ ကျောက်ကျင့်မှာ သူ မည်သို့မည်ပုံ လှုပ်ရှားလိုက်မှန်း သဲသဲကွဲကွဲ မမြင်လိုက်ရပါချေ။

လေလွင့်ခရီးသည်Hikayelerin yaşadığı yer. Şimdi keşfedin