အေးစိမ့်သော အဲယားကွန်းခန်းကြောင့် အခန်းထဲဝင်လိုက်သည်နှင့် စိမ့်အေးသွားသည်။
ကိုယ်ပေါ်မှအကျီင်္နှင့် ရေကူးဘောင်းဘီကို ထိုင်ခုံတစ်ခုပေါ်ပစ်တင်လိုက်ပြီး ရေချိုးခန်းမှ ရေပူခလုတ်ကိုလှည့်ဖွင့်လိုက်သည်။ ပူနွေးသောရေများက သူ့တစ်ကိုယ်လုံးမှ ကုန်ခမ်းသွားသော အားအင်များကို ပြန်လည်ဖြည့်ပေးလိုက်သလိုပင်။ အားမာန်ခေါင်း ရေပန်းအောက်ခေါင်းထိုးခံရင်း သူဆံပင်ရှည်ထားတာကို နည်းနည်းမှ ကြည့်မရသည့် မေမေ့ကို သတိရလိုက်မိသည်။
အခုတော့ အားမာန်ကို ဆူပြောမည့် မေမေလည်းမရှိတော့။
မေမေ့အတွက်တော့ အားမာန်သည် အမြဲလိုလို အပြစ်တင်စရာ၊ ဒေါသဖြစ်စရာ ကောင်လေးတစ်ယောက်သာ ဖြစ်ခဲ့သည်ထင်သည်။ မေမေ့ထံမှ အပြုံးချိုချိုများနှင့် ချီးကျူးစကားများကို အားမာန်အလွန်လိုချင်တောင့်တမိပေမယ့် ဘယ်တုန်းကမှမရရှိခဲ့။
ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာ မေမေ့ချစ်ခင်မှုကို အရမ်းတောင့်တခဲ့ တယ်ဆိုတာ မေမေသိမသွားခဲ့။ မေမေ့ထားခဲ့သည် မြောက်မြားလှစွာသော ပိုင်ဆိုင်မှုများသည် သူ ပျော်ရွှင်အောင် မလုပ်နိုင်ခဲ့။ ယခုလက်ရှိ ဂန္ဓာမာဟိုတယ်ပိုင်ရှင်ဆိုတဲ့ နာမည်တစ်ခုထက် သူကျောင်းသွားချိန်မှာ ကျောင်းလိုက်ပို့နှုတ်ဆက်မယ့် မေမေ့ပုံရိပ်ကိုသာ လိုချင်မက်မောမိသည်။
မိခင်ဖြစ်သူ ဆုံးသွားကတည်းက အားမာန်နှလုံးများ အေးစက်မာကြောသွားခဲ့သည်။ ခံစားချက်ဆိုသည်များသည် အားမာန်အတွက် နားမလည်လက်လှမ်းမမှီသည့် ပုစ္ဆာများ ဖြစ်လာခဲ့သည်။ သူ့ချစ်သူများစွာထားတာ သူ့ကိုအရမ်းချစ်ပါသည်ဟု ချစ်သူများစွာက ပြောလာကြသော်လည်း အေးစက်နေသော သူ့နှလုံးသားက နည်းနည်းမှမနွေးထွေးလာခဲ့။
တီ တီ တီ
အဆက်မပြတ်မြည်လာသော ဖုန်းသံကြောင့် ရေချိုးခန်းမှ မျက်နှာသုတ်ပုဝါ အကြီးတစ်ခုကို ခါးမှာပါတ်လိုက်ပြီး အားမာန်ထွက်လာခဲ့သည်။ ကုတင်ဘေး စားပွဲပုလေးပေါ်မှ အဖြူရောင်ဖုန်းလေးက ဒေါသတကြီး အော်မြည်နေသည်။
'ဟယ်လို'
'ရန်ကုန်ကဖုန်းဝင်လာလို့ရှင်..ခဏလေးကိုင်ထားပေးပါ'
'အိုကေ..ကျေးဇူးပါ.'
ဧည့်ကြိုကောင်တာမှ ကောင်မလေးရဲ့အသံကို အားမာန်ဖြေရင်း ကုတင်ပေါ် ထိုင်ချလိုက်သည်။
ဆံပင်များမှ တွဲခိုနေသော ရေစက်များကို ပခုံးပေါ်တင်လာသော မျက်နှာသုတ်ပုဝါနှင့် ခပ်ကြမ်းကြမ်းဖိသုတ်လိုက်သည်။ အတော်ကြာတိတ်ဆိတ်နေသော ဖုန်းလိုင်းကြောင့် အားမာန်အရင်စကားစလိုက်သည်။
'ဟယ်လို'
'အားမာန်'
အေးစက်သော ခေါ်သံတစ်ခု...
အမှောင်တိုက်တစ်ခုထဲ ရုတ်တရက်တွန်းချခံလိုက်ရသလို..
သူ့တစ်ကိုယ်လုံး ကြောက်ရွံ့မှုဖြင့် ထုံကျင်သွားသည်။
'အားမာန်.. ဦးငယ်ပါ'
'၀ုန်း'
အားမာန်ဖုန်းခွက်ကို တစ္ဆေတစ်ကောင်လိုကြည့်ရင်း ပစ်ချလိုက်သည်။
ဖုန်းပလက်ကိုပါ နံရံမှဆွဲထုတ်ကာ ဖုန်းတစ်ခုလုံးကို သူတွန်းချလိုက်မိသည်။ တံတောင်ဆစ်နှင့်တိုက်မိကာ အဖြူရောင်မီးအိမ်ပါ ပြုတ်ကျအက်ကွဲသွားသည်။
ဦးငယ်
ကြာခဲ့ပြီ..
နှစ်ချီကာ ကြာခဲ့ပြီဖြစ်သော အတိတ်မှ အမည်တစ်ခု
ဒါပေမယ့် နှစ်ပေါင်းဘယ်လောက်ကြာကြာ ဒီလူ့အသံကို ကြားမိသည်နှင့် အားမာန်ဆောက်တည်ရမရဖြစ်မြဲ
ကြောက်လန့်မြဲ...
တုန်လှုပ်မြဲဖြစ်နေသည်။
အောင့်သက်သက်အနံ့များဖုံးလွှမ်းနေသော အမှောင်ခန်းတစ်ခု...
မိစ္ဆာကောင်၏ ရယ်သံများ...
အားမာန် မျက်စိကိုတင်းတင်းမှိတ်ရင်း ကုတင်ကို လက်သီးနှင့် ထိုးချလိုက်မိသည်။
ဒေါက် ဒေါက်
'ဘယ်သူလဲ'
သူ့အမေးသံသည် လိုအပ်သည်ထက်ပိုမို၍ မာထန်နေသည်မှာ သေချာပါသည်။
'အားမာန် ငါပါ'
တံခါးတစ်ဖက်မှ ဇေယျအသံကြားမှ အားမာန် တံခါးဖွင့်ပေးလိုက်သည်။
'ဘာဖြစ်တာလဲ အားမာန်'
အခန်းထောင့်မှ ဖုန်းကိုလှမ်းကြည့်ပြီး ဇေယျမေးလာသည်။
အားမာန်ဇေယျကို ဘာမှပြန်ဖြေနိုင်စွမ်းမရှိ။
ခေါင်းကိုသာခါယမ်းလိုက်ပြီး ရေခဲသေတ္တာထဲမှ ရေတစ်ဗူးကိုထုတ်ကာ မော့သောက်လိုက်သည်။
'မင်းကို ဖုန်းဆက်ပြန်ပြီလား.. ဟုတ်လား သူငယ်ချင်း'
မောဟိုက်စွာ ခေါင်းညိတ်ပြလိုက်သည်။ ဘာမှလုပ်ချင်စိတ်မရှိတော့လောက်အောင် တစ်ကိုယ်လုံးက အင်အားများဆုတ်ခမ်းသွားသလိုပင်။
'တောက်...'
အားမာန်၏ တောက်ခေါက်သံက ကျယ်လောင်လွန်းနေသည်။
'သူဘာလို့ ငါဘယ်မှာရှိနေတယ်ဆိုတာကို အမြဲသိနေရတာလဲ ဇေယျ.. ဘာလို့လဲ'
အားမာန် ဒေါသတကြီးဖြင့် ဇေယျကို အော်လိုက်မိသည်။ တင်းတင်းဆုပ်ထားသော လက်သီးဖြင့် ကုတင်ကို အားကုန်ထုမိသည်။
အားမာန်ကို ဒီလိုပုံစံမျိုးနှင့် ဇေယျမြင်ဖူးပြီးသားဖြစ်သည်။
တစ်ခါတစ်ရံဝင်လာတတ်သော ဖုန်းထဲမှ ထိုဦးငယ်ဆိုသည့်အသံကိုကြားသည်နှင့် အားမာန်နေစရာမရှိအောင် ဒေါသထွက်ပေါက်ကွဲတတ်တာကို ပေါင်းလာခဲ့တာကြာပြီဖြစ်သော ဇေယျကောင်းကောင်းသိသည်။
ဇေယျသက်ပြင်းတစ်ချက်ချကာ အားမာန်ပခုံးကို ကိုင်လှုပ်လိုက်သည်။
'ကဲပါကွာ.. မင်းအကျီင်္လဲဦး'
ဇေယျက ဗီရိုထဲမှ ရှပ်အကျီင်္နှင့် ဘောင်းဘီရှည်ကို လှမ်းပေးပေမယ့် အားမာန်လှမ်းမယူ။
ဒီလူ့ဖုန်းဝင်လာပြီးနောက် အနည်းဆုံး လေးငါးရက်လောက် အားမာန်အစားအအိပ်ပျက်တော့မှာကို ဇေယျ သိထားသည်။ နောက်ဆုံးကျားတစ်ကွက်နှင့် ကိုင်ကစားကြည့်ဖို့ ဇေယျကြိုးစားကြည့်သည်။
အားမာန်စိတ်ဝင်စားလာသည်ဆိုသည့် ကောင်ကလေး...။
ဒီကောင်လေး အားမာန်အပေါ် ဘယ်လောက်လွှမ်းမိုးနိုင်မလဲဆိုတာ သူစမ်းသပ်သင့်ချိန် ရောက်ပြီထင်သည်။
'အားမာန်'
'..........'
'မင်းမလိုက်ရင်လဲနေကွာ.. ငါအပြင်ထွက်ပြီး ညစာသွားစားမလားလို့.. ဒီဟိုတယ်နားက ရွာမှာ စားသောက်ဆိုင်ကောင်းကောင်းတွေရှိတယ်လို့ကြားတယ်'
ဇေယျစကားကြောင့် တင်းတင်းဆုပ်ထားသော အားမာန်လက်သီးဆုပ်များ အလိုလိုပြေကျသွားသည်။
သူရိန်မျက်ဝန်းညိုညိုများကို ပြန်လည်မြင်ယောင်မိတော့ အေးစက်သော ရေခဲရေတစ်ခွက် အားမာန်ရင်ကို ပက်ဖြန်းလိုက်သလို ခံစားလိုက်ရသည်။
'ဘယ်လိုလဲအားမာန် မင်းလိုက်မှာလား'
'မင်းပဲ ဟိုတယ်မှာ စားမယ်ဆို'
'အခုစိတ်ကူးပြောင်းသွားလို့ပေါ့.. ရွာထဲလျှောက်လည်ချင်စိတ်ပေါက်လာလို့ မင်းမလိုက်ရင်လဲနေ သိဂီင်္တို့နဲ့ပဲ သွားတော့မယ'်
'ဟေ့ကောင်... နေဦး.. လိုက်မှာပေါ့ကွ..'
အားမာန်ကုတင်ပေါ်မှခုန်ထလိုက်သည်။
ခါးမှာပါတ်ထားသော မျက်နှာသုတ်ပုဝါကို ဖြေချရင်း ဇေယျပစ်ပေးထားသော အကျီင်္နှင့်ဘောင်းဘီကို ကောက်ယူလိုက်သည်။
'ဟာ ဟာ ဟေ့ကောင်... မင်း ငါ့ရှေ့မှာလဲမလို့လားကွ'
'ဟောဗျာ ယောက်ျားအချင်းချင်း မင်းက ဘာဖြစ်ရတာလဲ'
'မင်းဘိုးအေ ယောက်ျားအချင်းချင်း'
ဇေယျ မျက်နှာလွှဲရင်း ခပ်တိုးတိုးကြိတ်ဆဲလိုက်သည်။
ချက်ချင်းဆိုသလို တိမ်ကင်းစင်သွားသည့် အားမာန်မျက်နှာကို မြင်လိုက်ရသည်မို့ သူရိန်ဆိုသည့်ကောင်လေးနှင့် သူ့သူငယ်ချင်းကို ဆုံတွေ့စေခဲ့သော ဖူးစာကိုပင် ဇေယျပြန်လည်ကျေးဇူးတင်မိသည်။ နောင်ဖြစ်လာမည်များကို တွေးပြီးတော့ စိတ်မပူချင်တော့။ ဇေယျ သူ့သူငယ်ချင်းကို စိတ်ချမ်းသာစွာ ပျော်ရွှင်စေချင်သည်။ ဒါကဖြူစင်သော သူ့သဘောထားစစ်စစ်ပင်။
အားမာန် ရှပ်အကျီင်္အဖြူလက်များကို တံတောင်ကျော်သည်အထိလိပ်တင်လိုက်ကာ သူသုံးနေကျ အမျိုးသားရေမွှေးကို မုတ်ဆိတ်ရိတ်ထားသည့် ပါးနှစ်ဖက်ပေါ်ခပ်ပါးပါး ပွတ်သပ်လိုက်ကာ ရေချိုးခန်းထဲမှ ပြန်ထွက်လာခဲ့သည်။
'ဒီလိုကျတော့လဲ ငါ့သူငယ်ချင်းက တယ်ခန့်ပါလား ... ငါတောင်ကြိုက်ချင်စိတ်ပေါက်လာပြီ'
'တကယ်လား ဇေယျ ငါကတော့ အချိန်မရွေးပဲ'
'မင်းကိုတော့ ကြောက်ပါတယ်ကွာ'
အားမာန်ရယ်လိုက်ပြီး ဗီရိုအောက်မှ အဖြူရောင်ကင်းဘတ်ဖိနိပ်ကို ခြေစွပ်ခံကာ စီးလိုက်သည်။
'မင်းကလည်းမင်းပဲ အားမာန်'
'ဘာလဲကွ မင်းစကားက အဆုံးမရှိ အစမရှိနဲ့'
'သြော်....တွေ့သမျှ ကောင်လေးချောချောတွေနဲ့ ကြိုက်ပေမယ့် မင်းအနားမှာ တစ်ချိန်လုံးရှိနေတဲ့ ငါ့ကိုတော့ နည်းနည်းမှစိတ်မ၀င်စားတော ငါတောင်မခံချင်ဖြစ်လာပြီ'
'ဒါကတော့ ရှင်းပါတယ်ကွာ... မင်းရုပ်မင်းပြန်ကြည့်ပေါ့'
'ခွေးကောင်'
ဇေယျက အားမာန်ပခုံးကို လက်သီးနှင့်လှမ်းထိုးကာ အားရပါးရ ရယ်လိုက်မိသည်။