စူးရှသောနေရောင်က အတားအဆီးမဲ့စွာဖြင့် သူရိန်တို့နေထိုင်ရာ ရွာလေးပေါ်သို့ ကျရောက်နေသည်။ မနက်ခင်း၏ ပူပြင်းသောနေရောင်အောက်တွင် ပင်လယ်ကမ်းခြေဘေးမှ တံငါရွာလေးတစ်ခုလုံး ငြိမ်သက်အိပ်မောကျနေသည်။
ရွာလယ်လမ်းပေါ်မှ အစာရှာနေသော ခွေးလေခွေးလင့်တစ်ကောင်တစ်လေမှတပါး ဖြတ်သန်းသွားလာသူမရှိ။ တစ်ညလုံးပင်လယ်တွင် ပင်ပန်းကြီးစွာ ငါးဖမ်းထွက်ကြပြီး မိုးသောက်ချိန်မှ ရွာပြန်လာကြသော တံငါသည်ရွာသားအများစု၏ အိပ်စက်အနားယူနေချိန်ဖြစ်သည်။ ကတ္တရာလမ်း မခင်းထားသော ရွာလမ်းလယ်မှ ဖုန်မှုန့်များမှာ တဖြူုးဖြူးတိုက်နေသော ပင်လယ်လေကြောင့် ဝေ့ကာဝဲကာလွင့်မြောနေကြသည်။
"ဟေ့ကောင်... အရက်သွားဝယ်စမ်း"
မာထန်လှတဲ့ဖခင်ဖြစ်သူ၏အသံကြောင့် စားပွဲပုရှေ့တွင် စာကျက်နေရာမှ သူရိန်ခေါင်းထောင်ကြည့်လိုက်သည်။ ဖခင်ဖြစ်သူ၏မျက်လုံးများက အရက်ခိုးများကြောင့်နီရဲနေကာ ကြောက်မက်ဖွယ်ကောင်းနေသည်။ အပေါ်အကျီင်္မပါဘဲ ပုဆိုးကွင်းသိုင်းထားကာ မတ်မတ်ရပ်ရန်ကြိုးစားပေမယ့် ယိုင်ထိုးနေသည်။
"ဟေ့ကောင် ငါပြောနေတာ မကြားဘူးလား"
"ကျွန်တော့်မှာ ပိုက်ဆံမရှိတော့ဘူး ဖေဖေ"
မုန်းတီးစိတ်ကို မြိုသိပ်ကာ ဖခင်ဖြစ်သူကို လေသံအေးအေးဖြင့် ပြန်ဖြေဖြစ်သည်။
ဒါပေမယ့် ဖခင်၏ဒေါသကိုရှောင်ရန် သူ့တွင်ဘာမှအကာအကွယ်မှရှိကြောင်း သူရိန်သိသည်။ ဖခင်ဖြစ်သူလိုချင်သည်က အရက်သောက်ရန်ပိုက်ဆံ။ သူ့တွင်ပေးစရာမရှိ။
"ဘာမရှိတော့ဘူးလဲ မင်းမနေ့ကဆိုက္ကားနင်းလို့ရထားတဲ့ပိုက်ဆံတွေ ဘယ်ရောက်ကုန်ပြီလဲ"
"ကျွန်တော်မပေးနိုင်ဘူး ဖေဖေ.. မေမေ့အတွက် ဆေးဝယ်ရမယ်"
"သေခါနီးမင်းအမေကို ဆေးဝယ်တိုက်နေလို့ ဘာမှထူးလာမှာမဟုတ်ဘူး.. ငါ့ကိုအခုချက်ချင်းပေးစမ်း.. စကားများမနေနဲ့.."
ပြောရက်လိုက်တာဖေဖေရာဟု သူရိန်ရင်ထဲမှသာ တီးတိုးဆိုမိသည်။ တကယ်ဆို မိခင်ဖြစ်သူ ဒီလောက်ထိအခြေအနေဆိုးလာခဲ့သည်မှာ ဖခင်၏တာဝန်မကင်း။ ဦးစိုးအေးသာ အရက်ကိုချစ်သည်ထက် မိသားစုကိုချစ်ခဲ့လျှင် မိခင်ဖြစ်သူ ဒီလိုအိပ်ယာထဲလဲသည့်အထိ ဖြစ်လာစရာအကြောင်းမရှိ။
"မပေးနိုင်ဘူး ဖေဖေ"
"ဘာကွ"
'၀ုန်း'
ပြင်းထန်လှတဲ့ ကန်ချက်ကြောင့် သူရိန်ခွေခနဲလဲကျသွားသည်။ ၀မ်းဗိုက်တစ်ခုလုံး အသက်ရှူမရလောက်အောင် နာကျင်သွားမိသည်။ ဒီလိုပဲအဆုံးမှာ လက်ပါလိမ့်မည်ဆိုတာ သူသိပြီးသားမို့ မထူးဆန်းတော့။
"ကဲကွာ အဖေကို လူမထင်တဲ့ကောင်"
'၀ုန်း'
'ဖြောင်း'
'အ'
နာကျင်မှု..
ကိုယ်ခန္ဓာမှ အနာထက် နှလုံးသာက နာကျင်မှုက ပိုနေသည်။
သူရိန်အခုအချိန်မှာ အစိုးရိမ်ဆုံးက အိပ်ယာထက်မှ နေမကောင်းသည့် မိခင်ဖြစ်သူ နိုးသွားမည်ကိုဖြစ်သည်။
ပြီးတော့ သူ့တူလေးဖြစ်သော ထွတ်ငယ်။
ကြမ်းတမ်းသော အဘိုးကို အရမ်းကြောက်ရှာသည့် ထွတ်ငယ်သည် သူ့ကို ဖခင်ဖြစ်သူ ရိုက်နှက်တိုင်း နေစရာမရှိအောင် ကြောက်ရွံ့တတ်သည်။
"ဖေဖေ.. ဖေဖေ.. တော်ပါတော့"
အိမ်နောက်ဖေးတွင် ထမင်းအိုးတည်နေသော သူရိန့်အစ်မမှာ ဆူဆူညံညံသံများကြောင့် အိမ်ရှေ့ပြေးထွက်လာသည်။
"ညည်းကဖယ်စမ်း"
'ဖြန်း'
'အ'
"မမ"
အမဖြစ်သူ အရိုက်ခံရတော့ သူရိန့်မျက်လုံးတွေပြာဝေသွားမိသည်။ ဖခင်ဖြစ်သူကိုလည်း မသိစိတ်ကြောင့် တွန်းမိလိုက်သည်ထင်သည်။ နဂိုကတည်းကမှ မတ်မတ်မရပ်နိုင်အောင် မူးနေသူမို့ လဲကျသွားသည်။ ဦးစိုးအေးမျက်နှာမှာ ဒေါသကြောင့်ရော အရက်ကြောင့်ပါ ပိုမိုနီရဲလာနေသည်။
"ကဲကွာ ကဲကွာ.."
အဆက်မပြတ်ကျရောက်လောသော တံမြက်စည်းချောင်းကို သူ တွန်းဖယ်ရန် မကြိုးစားတော့။ ဖခင် စိတ်ကျေနပ်သည်အထိ အံကြိတ်ခံကာ လက်သီးကိုသာ တင်းတင်းဆုပ်ထားမိသည်။ သူ့ကို အားရအောင် ရိုက်ပြီးမှ ဖခင်ဖြစ်သူ အိမ်ပေါ်မှ ယိုင်ထိုးဆင်းသွားသည်။ အစ်မဖြစ်သူ၏ ငိုသံသည် သူရိန့်နားမှာ ခါးနေသည်။
"နင်ဘယ်နားထိသွားသေးလဲ"
မျက်ရည်များကို အကျီင်္နွမ်းနှင့် ဖိသုတ်ရင်း ချိုချို ခေါင်းခါပြသည်။
တစ်ချိန်ကရွာကွမ်းတောင်ကိုင် လှလွန်းလှသည့် ချိုချိုသည် နွမ်းပါးစွာဝတ်စားပေမယ့် အလှမပြယ်သေး။ ဆံပင်စုတ်ဖွားနှင့် ထမီနွမ်းနွမ်းကိုဝတ်ကာ ကလေးတစ်ယောက်အမေ တစ်ခုလပ်ဖြစ်ပေမယ့် အခုအချိန်ထိ ဆွဲဆောင်မှုရှိနေသေးသည်။
ဖခင်၏ သူတို့ကို ပေးခဲ့သည့်အမွေမှာ ဒီရုပ်ရည်ပဲဖြစ်သည်။ ရုပ်ချောအပြောကောင်းသည့် ချစ်မိသည့် သူတို့မိခင်မှာလည်း လင်ဆိုးမယားတဖားဖား ဖြစ်ရသည်သာ အဖတ်တင်သည်။
တကယ်တော့ ချိုချို သည်လည်းမိုက်လွန်းလှသည်။ အဆင်မပြေသော အိမ်ထောင်တစ်ခုကို ထူထောင်မိပြီးမှ သိပ်မကြာခင်မှာပင် ကလေးတစ်ယောက်နှင့် အိမ်ပေါ်ပြန်ရောက်လာခဲ့သည်။ အိမ်မှုကိစ္စကျွမ်းကျင်တာမှလွဲ၍ မိသားစုဝင်ငွေရဖို့ ဘာမှမလုပ်ကိုင်တတ်။
ထဘီလေးချုပ် ကြယ်သီးလေးတပ်ကာ မလုပ်တတ်လုပ်တတ် အပ်ချုပ်အလုပ်ကို ကြိုးစားလုပ်သော်လည်း သူမ ရှာနိုင်သည်မှာ ဘာမှပြောပလောက်အောင်မရှိ။ သူရိန်တစ်ယောက်တည်း ကျောင်းစာတစ်ဖက်နှင့် ညဖက်ဆိုက္ကားနင်းကာ မိသားစုတာဝန်ယူထားရသည်။
"ဖေဖေ ငါ့ကိုရန်လုပ်ရင် ၀င်မပါပါနဲ့လို့ နင့်ကိုဘယ်နှစ်ခါပြောရမလဲ"
သူရိန် အစ်မဖြစ်သူကို ဂရုဏာဒေါသဖြင့် ပြောမိသည်။
ချိုချို ခေါင်းငုံ့ကာ မျက်ရည်သာသုတ်နေသည်။ တကယ်တော့ သူတို့နှစ်ယောက်စလုံးမှာ ဘာမှပြောစရာစကားမရှိ။ ငယ်စဉ်ကတည်းက မိခင်မဟုတ်လျှင် သူမတို့မောင်နှမနှစ်ယောက် ဖခင်ဖြစ်သူ၏ရမ်းကားနှိပ်စက်တာကို ခံနေကြရမြဲဖြစ်သည်။
အခုတော့ သူမတို့နှစ်ယောက်တည်းမဟုတ်တော့။ ထွတ်ငယ်လေးပါ ရှိနေပြီမဟုတ်လား။
"မေမေ ဦးဦး"
"ထွတ်ငယ် မင်းနိုးသွားလား"
သူရိန် မျက်လုံးပြူးလေးနှင့် ကြောက်ရွံ့နေရှာသော တူငယ့်ကိုတွေ့ရတော့ ပိုမိုနာကျင်သွားသည်။
"ဘိုးဘိုးက ဘာလို့ဦးဦးကို ရိုက်တာလဲ"
ထွတ်ငယ်အမေးကို မဖြေနိုင်ဘဲ သူရိန်အတန်ကြာအောင် ငေးငိုင်နေမိသည်။
ဝါးထရံကာမှ တိုးဝင်လာသော နေစက်ပြောက်လေးများကို ငေးကြည့်ရင်း သူ့ရင်ခွင်တစ်ခုလုံး နာကျင်နေသည်။ တကယ်ဆို သူ့ဘ၀ရဲ့အရေးအကြီးဆုံးဖြစ်သော ဆယ်တန်းစာမေးပွဲက နီးကပ်နေပြီဖြစ်သည်။ ဥာဏ်ကောင်းသော သူရိန့်အဖို့ စာကျက်ရသည် စာမှတ်ရသည်မှာ ဘယ်တုန်းကမှ မခက်ခဲခဲ့။ စာကျက်ဖို့ အချိန်နှင့် အခြေအနေသာ မရှိခြင်းကခက်သည်။
ရွာထဲမှသူ့ကိုသနားကြသူများကတော့ ကျောင်းထွက်ကာ လှေလိုက်ဖို့ပြောကြသည်။ ဆိုက္ကားနင်း၍ရသည်နှင့် ပင်လယ်တစ်ခေါက်ထွက်ကာ ရသည့် ပိုက်ဆံချင်းကွာသော်လည်း သူရိန်ကျောင်းမထွက်ခဲ့။ ပညာတတ်မှ လက်ရှိဘ၀ထဲမှ ရုန်းထွက်နိုင်မည်ကို သူနားလည်သည်။ ဒါ့ကြောင့်လည်း သူ့ဘ၀မှာ မိသားစုနှင့်ပညာရေးမှလွဲ၍ ဘာမှခေါင်းထဲမထည့်ခဲ့။
ရွယ်တူသူငယ်ချင်းတွေ ပျော်ရွှင်လည်ပတ်နေချိန်တွင်လည်း သူရိန်ကတော့ စာနှင့်ထွတ်ငယ်နှင့် အလုပ်နှင့်အားလပ်ချိန် ဟူ၍ပင်မရှိခဲ့။ သမီးရည်းစားဆိုသည်ကတော့ မစားကောင်းသော အသီးတစ်ခုလို ဝေးဝေးကရှောင်ခဲ့သည်။
သူရိန်ရုပ်ရည်က မင်းသားတစ်ယောက်လို ဖြူဖွေးချောမောနေသည်မဟုတ်ပါ။ ကျစ်လစ်သောကိုယ်ခန္ဓာ နေလောင်ထားသော အသားအရောင်နှင့်ဖြစ်သည်။ ယောက်ျားပီသသော ရုပ်ရည်နှင့် တည်တံ့သောအနေအထိုင်က မိန်းကလေးများအတွက် စိတ်ဝင်စားဖို့ကောင်းနေသည်။
ပြန့်ကျဲနေသော စာအုပ်များကို လွယ်အိတ်ထဲထိုးထည့်ကာ သူရိန် မတ်တတ်ရပ်လိုက်သည်။ စာဆက်ကျက်လို့ရမှာ မဟုတ်တော့သလို အိမ်မှာဆက်နေချင်စိတ်လည်းမရှိတော့။ အခန်းထဲမှ မျက်ရည်စက်လက်နှင့် အစ်မဖြစ်သူကိုလည်း သူရိန်အားပေးနိုင်ဖို့ရန်မှာ သူကိုယ်တိုင်ပင် အားအင်တွေကုန်ခမ်းနေပြီဖြစ်သည်။
"ဘယ်သွားမလို့လဲ ဦး ... ဦး မရှိတုန်း ဘိုးဘိုးပြန်လာမှာ သားကြောက်တယ်"
"ကမ်းခြေဖက်ခဏသွားမလို့.. ဘာမှစိတ်မပူနဲ့.. မင်းဘိုးဘိုးက ညမိုးချုပ်တဲ့အထိ ပြန်လာမှာမဟုတ်ဘူး"
ထွတ်ငယ်ကို သူရိန်ကြိုးစားပြုံးကာ ပြောလိုက်မိသည်။