စာစဥ် ၃၃ : အပိုင်း ၁၅
အပိုင်း ၆၂၅ : အခြေတည် ဝိညာဥ်ဖြင့် အင်မော်တယ်ဝိညာဥ်အား ဟန့်တားခြင်း
သူတို့သည် ပထမဆုံး အကြိမ်အဖြစ် တွေ့ခြင်းဖြစ်သော်လည်း ရှီထျန်းဟောင်နှင့် ရှီကျုံးထျန်းတို့သည် သူတို့နှစ်ယောက်အတွင်းမှ သွေးချင်းဆက်သွယ်မှုများကို ခံစားနေမိသည်။ သူတို့သည် နီးစပ်နေကြသည်ဟု ခံစားနေကြရ၏။
ဒါသည် သူတို့၏ ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံခြင်းဖြစ်ကာ အလွန်ကိုပင် တိုက်ဆိုင်နေခဲ့သောကြောင့် သူတို့နှစ်ယောက်သားတို့သည် ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။
ရှီကျုံးထျန်းသည် သူ၏ ပါးစပ်အဟောင်းသားနှင့် ရှီထျန်းဟောင်အား ကြည့်လိုက်သည်။ သူက ချီတုံချတုံ ဖြစ်စွာနှင့် မေးလိုက်၏။ "လူငယ်လေး၊ မင်းရဲ့ နာမည်က ဘယ်လိုခေါ်သလဲ"
သူသည် အနည်းငယ် မသက်မသာ ဖြစ်နေခဲ့သည်။
သေမင်းခန်းမမှ သံတမန်များသည် သူ့အား လှည့်စားနေကြသော်လည်း သူတို့သည် သူ့အား အပြည့်အဝ မလိမ်ညာနေကြဟု ခံစားနေခဲ့ရသည်။ သူတို့ပြောသည့်အတွင်းတွင် အမှန်တရားများ အချို့ပါနေပေမည်။ ဥပမာအားဖြင့် ရှီထျန်းရီသည် ရှီထျန်းဟောင်၏ သဘာဝ အန္တိမ တာအိုအခြေခံအား အမှန်တကယ် လုယူသွားနိုင်ပေသည်။
သူ့မြေးသည် ကပ်ဘေးများကို ကျော်လွှားနိုင်ခဲ့မည် ဖြစ်သော်လည်း ရှီကျုံးထျန်းသည် သူ၏ အသေးစိတ် အခြေအနေကို စိတ်ပူနေဆဲ ဖြစ်သည်။ သူသည် အမှန်တရားကို သိလိုနေခဲ့သည်။
ထို့ကြောင့်ပင်သူသည် စွန့်စွန့်စားစားနှင့် သေမင်းခန်းမမှ သံတမန်အား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ သုံးယောက်နှင့် မှော်ရတနာ နှစ်ခုတို့အား ရင်ဆိုင်ခဲ့ရာတွင် ရှီကျုံးထျန်းသည်လည်း ဖိအားများစွာအောက်သို့ ကျရောက်နေခဲ့၏။ အကယ်၍ သူတို့သည် တကယ်သာ တိုက်ခိုက်ခဲ့ပါက သူသည် အသက်အန္တရာယ် ရှိနိုင်ပေသည်။ ဘာပဲပြောပြော သေမင်းခန်းမမှ ထိုသံတမန်များ၏ စွမ်းအားသည် အဆင့်တူများ အတွင်းတွင် ထိပ်ဆုံးတွင် ရှိနေကြသည်။
သူသည် သူတို့အနက်မှ တစ်ယောက်အား ဖမ်းမိခဲ့သော်လည်း ရှီကျုံးထျန်းသည် အခြား ကျင့်ကြံသူများ နှစ်ယောက်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရဆဲ ဖြစ်သည်။ သူသည် သူတို့၏ လက်တုံ့ပြန်မှုများကို မျှော်လင့်နေခဲ့သည်။ အင်မော်တယ်ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်အား ဖိနှိပ်ထား၍ ကျန်နှစ်ယောက်တို့အား ခုခံရသည်မှာ အတော်ပင် ခက်ခဲပေသည်။
ရှီကျုံးထျန်းသည် ကြိုတင်၍ စဥ်းစားထားပြီးသား ဖြစ်သည်။ အကယ်၍ သူသည် တကယ့်ကို မခံနိုင်တော့ပါက အခွင့်အရေး ရှာကာ ထွက်ပြေးမည် ဖြစ်၏။ ကျန်သော သံတမန် နှစ်ယောက်အား အနာဂတ်တွင်မှ စာရင်းရှင်း၍ရသည်။ လက်ရှိဖမ်းဆီးထားသော တစ်ယောက်ကိုသာ စစ်ဆေးမေးမြန်းရမည် ဖြစ်သည်။
သို့သော်လည်း ကျန်သော သံတမန် နှစ်ယောက်တို့သည် ရှီထျန်းဟောင်နှင့် ကျန်သောသူများအား တွေ့မြင်သွားအပြီးတွင် ထွက်ပြေးသွားကြလိမ့်မည်ဟု မမျှော်မှန်းထားခဲ့ပေ။
ရှီကျုံးထျန်းသည် သူ၏ အာရုံများကို ရှီထျန်းဟောင်နှင့် ကျန်သောသူများ အပေါ်သို့ စူးစိုက်လိုက်သည်။ နောက်ဆုံးတွင် သူ၏ အကြည့်သည် ရှီထျန်းဟောင်၏ အပေါ်သို့ ကျရောက်လာခဲ့၏။
ရှီထျန်းဟောင်သည် သူ၏အရှေ့မှ အဝတ်များ စုတ်ပြဲနေသောလည်း ခံစားချက်များ ပြင်းထန်နေသည့် အကြီးအကဲအား ကြည့်လိုက်သည်။
သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ တီးတိုးရေရွတ်လိုက်၏။ "ကျွန်တော့်နာမည်က ရှီထျန်းဟောင် ဖြစ်ပါတယ်။ အ.. အဘိုးက ရှီကျုံးထျန်းလား"
ရှီကျုံးထျန်း၏ မျက်လုံးအစုံသည် ပြူးကျယ်သွားခဲ့သည်။ ခဏအကြာတွင် သူသည် ကျယ်လောင်စွာနှင့် ရယ်မောလိုက်၏။ "ဟုတ်တယ်၊ ဟုတ်တယ်။ ငါ့နာမည်က ရှီကျုံးထျန်းပဲ!"
သူ၏ ရယ်သံဆုံးသွားသည်နှင့် အကြီးအကဲ၏ မျက်နှာပေါ်မှ အမူအရာသည် ပို၍ နူးညံ့သိမ်မွေ့လာခဲ့သည်။ "မင်းက ငါ့ရဲ့ ထျန်းဟောင်လား"
ရှီထျန်းဟောင်အား အကဲခတ်လိုက်ပြီးမှ အံ့ဩတကြီးဖြင့် ကြုံးဝါးလိုက်သည်။ "မင်းရဲ့ခန္ဓာကိုယ်၊ မင်းရဲ့အဆင့်၊ မင်းရဲ့ စွမ်းအားတွေဟာ မင်းဖခင်နဲ့ ငါတို့က မင်းအရွယ်တုံးမှာ ရှိခဲ့တဲ့ အဆင့်တွေထက် အများကြီး ပိုသာတယ်"
"ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်။ ငါ့မြေးက စွမ်းအားကြီးတဲ့သူတစ်ယောက် ဖြစ်သွားပြီး ဘယ်သူကမှ အနိုင်မကျင့်ရဲကြတော့ဘူး။ အရမ်းကောင်းတယ်"
ရှီကျုံးထျန်းသည် သူဖမ်းဆီးထားသည့် သေမင်းခန်းမမှ သံတမန်အား ဖျစ်ညှစ်လိုက်ကာ ရယ်လိုက်သည်။ "မင်းကငါ့ကို လိမ်ခဲ့တာပဲ။ ငါ့ထျန်းဟောင်က ငါ့ရဲ့အရှေ့မှာ ကောင်းကောင်းကြီး မတ်တတ်ရပ်နေတယ်လေ။ မင်းရဲ့ မျက်လုံးကြီးတွေကို ပြူးပြီးတော့ ကြည့်လိုက်ပါဦး"
သူသိမ်းထားသည့် ပန်းထိုးထားသည့် အဖြူရောင် ကျောက်စိမ်းဘူးလေးအား လျှင်မြန်စွာနှင့် ထုတ်လိုက်ကာ ရှီထျန်းဟောင်အား ပေးလိုက်သည်။ "ထျန်းဟောင်၊ ဒါက ဟင်းလင်းပြင် စစ်တလင်းက စိတ်ဝိညာဥ် သစ်သီးတွေ ဖြစ်တယ်။ မင်းက အခြေတည် ဝိညာဥ်ကို ဖန်ဆင်းပြီးသွားပေမဲ့ ဒီသစ်သီးတွေကို စားသုံးလိုက်ခြင်းဟာ မင်းကို အကျိုးရှိစေနိုင်သေးတယ်"
ရှီကျုံးထျန်းသည် သူ၏အရှေ့မှ ရှီထျန်းဟောင်အား ကြည့်နေခဲ့ကာ အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေခဲ့သည်။
သူ၏ မွေးကင်းစ မြေးလေးအတွက် ရှီကျုံးထျန်းသည် ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ဝင်ရောက်ကာ ရတနာများကို သွားရှာခဲ့သည်။ နောက်ဆုံးတွင် သူသည် သူ၏အတွင်းတွင် ပိတ်မိနေခဲ့ကာ မလွတ်မြောက်နိုင်ခဲ့ပေ။ ကံကောင်းထောက်မစွာနှင့် သူသည် အင်မော်တယ်ဝိညာဥ် အဆင့်သို့ ရောက်ရှိခဲ့သော်လည်း သူ၏ မိသားစုထံသို့ ပြန်လာ၍ သူ၏မြေးကို ပြန်ကြည့်ရန်ကို သူကပိုလိုလားပေသည်။
ယခုအချိန်တွင် သူတို့သည် ပြန်တွေ့ကြရ၍ သူ၏မြေးမှာ ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။ သူသည် စိတ်လှုပ်ရှားနေခဲ့သော်လည်း စိတ်ရှုပ်ထွေးနေသေး၏။
ရှီထျန်းဟောင်သည် သူ၏ အဘိုးအား တွေ့လိုက်သောအခါ ရင်ထဲမှနေ၍ အနည်းငယ် နာကျင်နေခဲ့သည်။
သူ၏ မှတ်ဉာဏ်အတွင်းတွင် သူ့အဘိုး၏ ပုံရိပ်အား တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ ထိုကဲ့သို့သော သူတစ်ယောက် ရှိနေမှန်းကိုသာ သိနေခဲ့၏။ သူမွေးဖွားလာခဲ့ပြီးသောအချိန်တွင် ရှီကျုံးထျန်းသည် ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ မိဘများသည်လည်း သူ၏အဘိုးအား လိုက်ရှာရန် ဟင်းလင်းပြင် စစ်တလင်း အတွင်းသို့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် ရှီထျန်းရီနှင့် သူ၏မိခင်အား အငြိုးကြီးစွာဖြင့် ပစ်မှတ်ထားနေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ရှီထျန်းဟောင်သည် သူ၏အဘိုးကို အပြစ်မတင်ရက်ခဲ့ပေ။ သူ၏အရှေ့မှ အကြီးအကဲသည် အင်မော်တယ်ဝိညာဥ်ကို ဖော်ဆောင်နိုင်ခဲ့သော်လည်း သူသည် ဟင်းလင်းပြင် စစ်တလင်း အတွင်းတွင် အခက်အခဲ များစွာတို့နှင့် ကြုံခဲ့ရပုံ ပေါက်နေ၏။ ဒါတွေအားလုံးတို့သည် ရှီထျန်းဟောင်အတွက် ဖြစ်၏။
သူသည် အဘယ်ကြောင့် ရှီကျုံးထျန်းသည် သေမင်းခန်းမမှ သံတမန်များနှင့် တိုက်ခိုက်နေသည်ကို မသိသော်လည်း သူ့အဘိုးသည် သူတို့အနက်မှ တစ်ယောက်အား စစ်ဆေးမေးမြန်းနေသည်ကို ကြားခဲ့ရ၏။ ရှီကျုံးထျန်းသည် အသက်အန္တရာယ် ရှိနိုင်သော်လည်း သူ၏အတွက် ဤကဲ့သို့ စွန့်စားခဲ့သည်ကို သဘောပေါက်ခဲ့သည်။
ရှီထျန်းရီသည် သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဖြစ်ကာ ယုမိသားစုအားလည်း ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ ရှီမိသားစုအားလည်း ပြုပြင်ပြောင်းလဲခဲ့ပြီး ဖြစ်သည်။ သူလုပ်ရမည့် အရာအားလုံးတို့အား လုပ်ဆောင်ပြီးသွားပြီဖြစ်သည်။ သူတကယ် လိုအပ်နေသည့် အရာမှာ မိသားစု ပြန်လည်ဆုံစည်းမှုပင် ဖြစ်၏။
ရှီထျန်းဟောင်သည် ထိုအကြီးအကဲအား တွေ့လိုက်သောအခါ စိတ်လှုပ်ရှားကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့၏။ သူသည် မတတ်နိုင်ပဲ အော်ရယ်မိခဲ့သည်။
ရှီကျုံးထျန်းကလည်း အံ့အားသင့်သွားခဲ့သည်။ ရှီထျန်းဟောင် အနေနှင့်လည်း မည်ကဲ့သို့ ပြုလုပ်ရမည် မသိ ဖြစ်နေခဲ့သည်။ သူသည် သူ့အတွက် မည်သည့်အရာမဆို ပြုလုပ်ပေးနိုင်သော၊ သူက နာမည်ကိုသာ ကြားဖူးခဲ့သော သူ၏အရှေ့မှ အကြီးအကဲအား စိုက်ကြည့်နေခဲ့သည်။
သူတို့ ကသိကအောက် ခံစားနေခဲ့ရသော ဤအခိုက်အတန့်သည် သူတို့နှစ်ယောက်စလုံးတို့အား တစ်ယောက်နှင့်တစ်ယောက် ပိုမိုနီးကပ်စေနိုင်ခဲ့သည်။
ရှီထျန်းဟောင်၏ အပြုံးကို မြင်လိုက်ရအပြီးတွင် ရှီထျန်းဟောင်သည် သူ့မြေး၏ ခံစားချက်ကို သိမြင်လာသည့်ပုံ ပေါက်လာခဲ့သည်။ သူသည် အနည်းငယ် ရယ်ချင်စိတ် ပေါက်သွားခဲ့ကာ ပြုံးလိုက်သည်။ "ကောင်စုတ်လေး၊ ငါ့ကိုမြင်ပြီး ကြောက်သွားပြီလား"
ရှီထျန်းဟောင်က ရယ်လိုက်သည်။ "ကျွန်တော်က အဘိုးရဲ့မြေးပါ။ ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့ ကြောက်တတ်မှာလဲ"
ရှီကျုံးထျန်းက ကျယ်လောင်စွာနှင့် ရယ်မောလိုက်သည်။ "မင်းပြောတာ မှန်တယ်"
"အဘိုး!" ရှီထျန်းဟောင်၏ အပြုံးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့ကာ သူ၏ မျက်လုံးများမှ မျက်ရည်များ ပေါ်လာခဲ့သည်။ သူခံစားနေခဲ့ရသော ခံစားချက်များသည် နောက်ဆုံးတွင် ပေါက်ကွဲထွက်လာခဲ့၏။ စမိသည်နှင့် ရပ်တန့်၍ မရနိုင်တော့ချေ။
ရှီကျုံးထျန်းသည် သူ၏ပါးစပ်ကို ဟလိုက်ကာ မျက်ရည်များက သူ၏မျက်လုံးများ အတွင်းတွင် ပေါ်လာခဲ့သည်။ "ထျန်းဟောင်.. ငါ့ရဲ့ထျန်းဟောင်"
သူ၏ခေါင်းကို ပြင်းထန်စွာနှင့် ခါလိုက်ကာ အပေါ်သို့ မော့လိုက်ပြီး ဗလုံးဗထွေးနှင့် ရေရွတ်လိုက်သည်။ "မင်း.. မင်းက ဘာဖြစ်လို့ ငိုနေတာလဲ။ မင်းက ငိုလို့မရဘူး။ ငိုလို့မရဘူး"
ရှီထျန်းဟောင်က သူ့အား ဦးညွှတ်လိုက်သည်ကို ကြည့်လိုက်ပြီး ရှီကျုံးထျန်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။ သို့သော်လည်း သူ၏မျက်ရည်များကို တားဆီး၍ မရခဲ့ပေ။ "မငိုနဲ့၊ မငိုနဲ့၊ လခွမ်းပဲ၊ မငိုနဲ့လေ။ ငါ့မြေးလေးက အသက်ရှင်နေပြီး ငါနဲ့ ပြန်တွေ့ပြီလေ။ အဘိုးက ဝမ်းသာရမှာပေါ့"
ရှီထျန်းဟောင်သည် သူ၏ခေါင်းကိုမော့လိုက်ရာ သူတို့နှစ်ယောက်စလုံးတို့၏ အကြည့်များ ဆုံသွားကြသည်။ သူတို့သည် တစ်ချိန်တည်းတွင် ရယ်နေကြရင်း ငိုနေကြသည်။ သူတို့သည် နောက်ဆုံးတွင် တည်ငြိမ်လာကြအပြီးတွင် တစ်ယောက်မျက်နှာ တစ်ယောက် ပြန်ကြည့်မိကြသည်နှင့် မတတ်နိုင်ပဲ ထပ်ရယ်လိုက်ကြပြန်သည်။
ရှီထျန်းဟောင်သည် သူ့အဖိုးအား ပြောင်ပြလိုက်သည်။ "အဘိုး၊ ကျွန်တော်က အဘိုးကိုတွေ့ရတော့ မလန့်သွားဘူး။ အဘိုးကသာ ကျွန်တော့်ကို တွေ့လိုက်လို့ လန့်သွားတာနဲ့ တူတယ်"
"ဘယ်ဟုတ်ပါ့မလဲ" ရှီကျုံးထျန်းသည် သူ့အား စိုက်ကြည့်နေကာ တစ်စုံတစ်ခုကို စဥ်းစားမိပုံ ပေါက်သွားခဲ့သည်။ သူသည် မအောင့်နိုင်ပဲ ထပ်ရယ်လိုက်၏။ "ငါက မင်းရဲ့ အဘိုးဖြစ်တယ်။ ဒီလိုမျိုး အလွယ်တကူ ကြောက်တတ်ပါ့မလား"
သူတို့သည် ဤစကားများကို ကြားလိုက်ရသောအခါ တစ်ယောက်ကိုတစ်ယောက် ထပ်ကြည့်လိုက်ကြကာ ရယ်လိုက်ကြပြန်သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ချီးကျူးနေကြသည်ဟု ထင်နေရသော်လည်း သူတို့၏ ယုံကြည်မှုနှင့် လွတ်လပ်မှုများသည် အသိုက်တစ်ခုတည်းမှ ပေါက်ဖွားလာခဲ့ခြင်း ဖြစ်၏။
"ထျန်းဟောင်၊ မင်းနဲ့ပါလာတဲ့ သူတွေက မင်းရဲ့ အဖော်တွေလား၊ ဂိုဏ်းတူညီအစ်ကိုတွေလား" ရှီကျုံးထျန်းသည် စိတ်လှုပ်ရှားနေသော်လည်း သိပ်မကြာမီတွင် တည်ငြိမ်လာအောင် ပြန်ထိန်းနိုင်ခဲ့သည်။ သူ၏ အာရုံများကို အဝေးမှ မိုးကုတ်စက်ဝိုင်းထံသို့ ပြန်ပို့လိုက်၏။ သူသည် သူ၏မြေးအား ပြန်လည်တွေ့ဆုံခဲ့၍ အတော် စိတ်လှုပ်ရှားနေခဲ့သော်လည်း သူ၏ မွေးရာပါ သတိထားတတ်သည့်စိတ်ကို ဖျောက်ဖျက်၍ မရခဲ့ပေ။
ပြန်လည်ဆုတ်ခွာသွားကြသော သံတမန်များသည် သတိထားနေသည့်ပုံ ပေါက်နေကြ၍ ဖြစ်ပျက်ခဲ့သမျှသည် သူတို့အား အံ့အားသင့်စေခဲ့သည့်ပုံ ဖြစ်နေခဲ့သည်။
ရှီထျန်းဟောင်နှင့် ရှီကျုံးယွဲ့တို့သည် ပြန်လည် ပေါင်းစည်းသွားကြအပြီးတွင် ဝမ်လင်းနှင့် ကျန်သောသူများသည် သူတို့အား သီးသန့်လွတ်လပ်ခွင့် ပေးထားခဲ့သည်။ သို့သော်လည်း သေမင်းခန်းမမှ သံတမန်များအား အလွတ်မပေးနိုင်ပေ။
ဇူရီ၊ ဝမ်လင်း၊ ထွမ်းထွမ်းနှင့် ယန်ချင်တို့သည် သေမင်းခန်းမမှ ကျင့်ကြံသူများအား သွားရောက်သတ်ဖြတ်နေကြသည်။ သူတို့အား ကြည့်ရသည်မှာ အတော့်ကို ရည်မှန်းချက်ကြီးမားပုံ ပေါက်နေ၏။
သူတို့သည် ရှီထျန်းဟောင်နှင့် အတူတကွ လာခဲ့ကြသူများ ဖြစ်သဖြင့် ရှီကျုံးထျန်းသည် သူတို့အား သတိပြုမိခဲ့သည်။ သူ၏ စိတ်အာရုံအချို့အား သူတို့၏ အပေါ်တွင် ထားထားခဲ့၏။
နောက်ဆုံးတွင် ဇူရီနှင့် ကျန်သောသူများသည် သေမင်းခန်းမမှ ကျင့်ကြံသူများအား တိုက်ခိုက်ခဲ့ကြသည်။
ဇူရီနှင့် ဝမ်လင်းတို့က ဦးဆောင်၍ တိုက်ခိုက်နေကြခြင်း ဖြစ်ကြသည်။ ဇူရီသည် ပွားစည်းခြင်း အဆင့်တွင် ရှိနေခဲ့သော သူ၏ အန္တိမ မြင့်မြတ်သော ရှေးဟောင်းဝတ်စုံနှင့် ထာဝရည မိစ္ဆာကျောက်တိုင်တို့အား ထုတ်ဖော်လိုက်သည်။ သူသည် ထိုမှော်ရတနာများ၏ စွမ်းအားအပြည့်အား ထုတ်ဖော်နိုင်ခြင်း မရှိသော်လည်း သေမင်းခန်းမမှ ကျင့်ကြံသူများကလည်း သူ့အား ရေတိုအတွင်းတွင် ဘာမှလုပ်နိုင်စွမ်း မရှိခဲ့ပေ။
ဝမ်လင်းသည် ပို၍ တဲ့တိုးသမား ဖြစ်၏။ သူသည် ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန်အား ဝှေ့ယမ်းလိုက်ကာ ချောင်ဝေ၏ အင်မော်တယ် ဝိညာဥ်ကိုယ်ပွားအား ထုတ်လွှတ်လိုက်သည်။
ချောင်ဝေသည် ကောင်းကင်နတ်ဘုရား ချုပ်နှောင်ခြင်း အလံတံခွန် အတွင်းတွင် ချုပ်နှောင်ထားခြင်းအား ခံနေရသော်လည်း သူ၏ စွမ်းအားများနှင့် နည်းစနစ်တို့သည် အကောင်းအတိုင်း ရှိနေသေးသည်။ စိတ်အာရုံများကို ထိန်းချုပ်ထားခြင်းမျိုးလည်း မရှိခဲ့ပေ။ သူ၏ အင်မော်တယ် ဝိညာဥ်ကိုယ်ပွားသည် အင်မော်တယ်ဝိညာဥ် ပထမ အဆင့်မှ ကျင့်ကြံသူ တစ်ယောက်၏ စွမ်းအားများ ရှိနေခဲ့သည်။
သေမင်းခန်းမမှ ဦးဆောင်သူ သံတမန် နှစ်ယောက်တို့သည် ဝိညာဥ်လှုပ်ခါ ခေါင်းလောင်းနှင့် ဝိညာဥ်ဖိနှိပ် နာရီတို့၏ အကူအညီများ ရှိနေကြသည်။ သူတို့သည် ထိုမှော်ရတနာ နှစ်ပါး၏ စွမ်းအားများကို အဆုံးစွန်အထိ ထုတ်လွှတ်နိုင်စွမ်း ရှိကြ၏။ ထို့ကြောင့် သူတို့သည် ဇူရီနှင့် ချောင်ဝေ၏ အင်မော်တယ် ဝိညာဥ်ကိုယ်ပွားတို့အား အသာစီးမှ တိုက်ခိုက်နိုင်ကြသည်။
ဘာပဲပြောပြော အင်မော်တယ်ဝိညာဥ် အဆင့်နှင့် အင်မော်တယ်ဝိညာဥ် အဆင့်၏အောက်မှ အဆင့်များ၊ မှော်ရတနာနှင့် မှော်အိုင်တမ် တို့သည် ကွဲပြားခြားနားသော အဆင့်များ ဖြစ်ကြသည်။
သို့သော်လည်း အချိန်သိပ်မကြာမီပင် သေမင်းခန်းမမှ ကျင့်ကြံသူများသည် အချုပ်နှောင် ခံလိုက်ကြရသည်။
ထွမ်းထွမ်းနှင့် ယန်ချင်တို့သည် သူတို့၏ စွမ်းအားများကို အခြေတည် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူများတို့၏ အပေါ်တွင် ထုတ်သုံးလိုက်ကြ၏။ သူတို့သည် သူတို့အား သတ်ဖြတ်ရန် မရည်ရွယ်ခဲ့ကြသော်လည်း သူတို့အား မလွတ်မြောက်နိုင်ရန် တားဆီးထားကြသည်။
အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ဟင်းလင်းပြင် စစ်တလင်းနှင့် ဆက်သွယ်နေသည့် နယ်နိမိတ် လမ်းကြောင်းတို့အား တားဆီးထားခဲ့၍ သေမင်းခန်းမမှ ကျင့်ကြံသူများ အားလုံးတို့အား အံ့ဖွယ် ကောင်းကင်ကမ္ဘာအတွင်းတွင် ပိတ်နှောင်ထားခဲ့သည်။
"သူက မှော်ရတနာ တစ်ခုကို သုံးနေပေမဲ့ အခြေတည်ဝိညာဥ် အဆင့်က ကျင့်ကြံသူ တစ်ယောက်အဖို့ အင်မော်တယ် ဝိညာဥ် အဆင့်က အကြီးအကဲ တစ်ယောက်ကို ခုခံနိုင်တယ် ဆိုတာက ထင်သလောက် မရိုးရှင်းဘူး" ရှီကျုံးထျန်းက စဥ်းစားလိုက်သည်။ "တကယ်လို့ တခြားတစ်ယောက်သာဆိုရင် သူ့ရဲ့ မှော်ရတနာဟာ အင်မော်တယ် ဝိညာဥ် အဆင့်က ကျင့်ကြံသူရဲ့ ယူဆောင်သွားခြင်းကို ခံနေရလောက်ပြီ"
"အဓိကအချက်က…" ရှီကျုံးထျန်း၏ မျက်နှာပေါ်မှ ကြွက်သားများသည် တွန့်သွားခဲ့သည်။ "အင်မော်တယ် ဝိညာဥ် အဆင့်က ကျင့်ကြံသူတိုင်းကတောင် သူတို့ရဲ့ကိုယ်ပိုင် မှော်ရတနာတွေ မရှိကြဘူး။ ဘယ်ဂိုဏ်းကများ သူရဲ့ အခြေတည်ဝိညာဥ် အဆင့်က ကျင့်ကြံသူတွေကို မှော်ရတနာတစ်ခု ပေးထားနိုင်ရလောက်အောင် အစွမ်းထက်တာလဲ"
"ဟင်းလင်းပြင် ဘုရားကျောင်းလား။ မဟုတ်လောက်ဘူး၊ သူတို့ရဲ့ ကျင့်ကြံမှုတွေက ဟင်းလင်းပြင် ဘုရားကျောင်းနဲ့ မတူဘူး"
ရှီထျန်းဟောင်က သူ၏နှုတ်ခမ်းများကို စူလိုက်သည်။ "အဘိုး၊ ဟင်းလင်းပြင် ဘုရားကျောင်း အကြောင်း မပြောပါနဲ့။ သူတို့ဘာသာသူတို့ သေပါစေ"
သူ၏မြေးက ပထမ မြင့်မြတ်နယ်မြေအား နှိမ့်ချပြောဆိုခြင်းအား ရှီကျုံးထျန်းက ဂရုမစိုက်ခဲ့ပေ။ သူ၏ခေါင်းကိုလှည့်လိုက်ကာ ရှီထျန်းဟောင်အား ကြည့်လိုက်သည်။ "ထျန်းဟောင်၊ သူတို့က မင်းနဲ့ တစ်ဂိုဏ်းတည်းပဲလား။ မင်းဆရာက အရမ်း စွမ်းအားကြီးတယ်နဲ့ တူတယ်"
ရှီထျန်းဟောင်က ရယ်လိုက်သည်။ "အဘိုးက သူနဲ့ မကြာခင် တွေ့ရမယ်။ ကျွန်တော်ကသူ့ကို ဘယ်လိုလုပ်ပြီး ဆရာတော်ခဲ့ရသလဲ ဆိုတာကိုတော့ သုံးရက်နဲ့သုံးညပြောရင်တောင် ပြီးမှာမဟုတ်ဘူး။ ဒီကိစ္စပြီးသွားရင် ကျွန်တော်က ရှင်းပြပါ့မယ်"
သူ၏စကားဆုံးသည်နှင့် ရှီထျန်းဟောင်သည် ဟိန်းဟောက်လိုက်ကာ သူ၏ခေါင်းပေါ်မှ ရွှေရောင် အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။ ခွန်းဖန် ခန်းမဆောင်သည် ပျံသန်းထွက်ပေါ်လာခဲ့ကာ သေမင်းခန်းမမှ ကျင့်ကြံသူများအား ဖိခြေခဲ့လိုက်သည်။
သေမင်းခန်းမမှ ခေါင်းဆောင် သံတမန်နှစ်ယောက်တို့သည် မပျော်မရွှင် ဖြစ်သွားကြ၏။ "မင်းတို့က မှော်ရတနာတွေကိုသာ အားကိုးနေကြတာပဲ။ မင်းတို့က ဒီလောက်အထိ စွမ်းအားကောင်းကြတယ်လို့ ထင်နေတာလား"
"ငါကမင်းတို့ကို သင်ခန်းစာတွေ မပေးရရင် ငါ့ကိုကြောက်တယ် ထင်နေကြမယ်"
သူတို့နှစ်ယောက်သည် သူတို့၏ စွမ်းအာများကို ထုတ်ဖော်လိုက်ကြသည်။ ဝိညာဥ်လှုပ်ခါ ခေါင်းလောင်းနှင့် ဝိညာဥ်ဖိနှိပ် နာရီတို့သည် သူတို့၏ ကြောက်မက်ဖွယ်ရာ စွမ်းအားတို့အား ထုတ်ဖော်လိုက်ကြ၏။
အင်မော်တယ် ဝိညာဥ် အဆင့်မှ ကျင့်ကြံသူ နှစ်ယောက်တို့နှင့် မှော်ရတနာနှစ်ခုတို့ ပူးပေါင်းလိုက်ကြသောအခါ အင်မော်တယ် ဝိညာဥ်ကိုယ်ပွားလေးခုတို့ အတူတကွ စုပေါင်းတိုက်ခိုက်ကြခြင်းနှင့် တူနေကြသည်။ သူတို့သည် ချောင်ဝေ၏ အင်မော်တယ် ဝိညာဥ် ကိုယ်ပွား၊ ထာဝရည မိစ္ဆာကျောက်တိုင်နှင့် ခွန်းဖန် ခန်းမဆောင်တို့အား တုန်ခါသွားစေခဲ့သည်။