စာစဥ် ၃၁ : အပိုင်း ၁၈
အပိုင်း ၅၈၈ : ကြမ္မာပန်းတိုင်နှင့် အန္တိမ ဟင်းလင်းပြင်အောက်မှ တစ်ဦးတည်းသောသူ
ပွားစည်းခြင်း အဆင့်မှ မှော်ရတနာ ဓားတစ်လက်တည်းနှင့် ရွှမ်းလီသည် အင်မော်တယ် ဝိညာဥ် တတိယ အဆင့်မှ အကြီးအကဲ တစ်ယောက်ကို တွန်းလှန်နိုင်ခဲ့သည်။
အသက်ဖန်ဆင်းခြင်း တံခါးအဖြစ်သို့ ပြောင်းလဲထားသော ကြမ္မာပန်းတိုင် ခေါင်းလောင်း တစ်ခုတည်းနှင့် ထိုက်ကျိစစ်သည်များကို မွေးထုတ်ကာ နတ်ရေကန်ဂိုဏ်း တစ်ဂိုဏ်းလုံးအား ကိုင်တွယ်နိုင်ခဲ့သည်။
ဤအရာများသည် ဖယောင်းတိုင် တစ်တိုင်ထွန်းချိန် အတွင်းတွင် ဖြစ်ပျက်ခဲ့ကြခြင်း ဖြစ်သည်။ ရှီထျန်းဟောင်၏ မူလ မြင့်မြတ်သော အလင်းတန်းသည် လင်းဖုန်း၏ ခရမ်းရောင် တိမ်တိုက်များ၏ အကူအညီဖြင့် ရှီထျန်းရီ၏ နောက်ဆုံး မြင့်မြတ်သော အလင်းတန်း အားလုံးတို့ကို ထုတ်ယူနိုင်ခဲ့သည်။
နတ်ဘုရား အလင်တန်း နှစ်ခုတို့သည်သူ၏ ရွှေရောင်ဗဟိုချက် အတွင်းတွင် မြွေတစ်ကောင်တည်း၏ အစွန်းနှစ်ဘက်ကဲ့သို့ လှည့်လည်နေကြသည်။
သူသည် မူလ မြင့်မြတ်သော အလင်းတန်း၏ မူလပိုင်ရှင် ဖြစ်သော်လည်း နောက်ဆုံး မြင့်မြတ်သော အလင်းတန်းအား သန့်စင်ရန် အချိန်ယူရဦးမည် ဖြစ်သည်။
သို့သော်လည်း ရှီထျန်းဟောင်သည် စိတ်ပူမနေခဲ့ပေ။ သူသည် ရှီထျန်းရီ ချန်ထားရစ်ခဲ့သည့် ညာမျက်လုံးကို တင်းကျပ်စွာ ကိုင်ထားလိုက်သည်။
ရှီထျန်းရီ၏ စိတ်ဝိညာဥ်နှင့် အခြေတည်ဝိညာဥ် တို့သည် မျက်လုံးအိမ်အတွင်းမှ ထွက်လာခဲ့ရကာ ရှီထျန်းဟောင်အား မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။
သူသည် ချက်ချင်း ထွက်ခွာရမည်ကို သိနေပေသည်။ မဟုတ်လျှင် သူ၏ စိတ်ဝိညာဥ် လွင့်ပြယ်သွားသော် သူသည် အဆုံးတိုင် ကြွေလွင့်သွားတော့မည် ဖြစ်၏။
သို့သော်လည်း သူ၏ နောက်ဆုံး မြင့်မြတ်သော အလင်းတန်းသည် သူ၏မျက်လုံးအိမ်နှင့်အတူ သူ့ပြိုင်ဘက်၏ လက်အတွင်းသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ မျှော်မှန်းထားသည်နှင့် တကယ့်ဖြစ်ရပ်မှာ အလွန်အမင်းကို ကွာခြားနေသောကြောင့် သူသည် ရူးသွပ်လုမတတ် ဖြစ်နေခဲ့သည်။
တင်းကျပ်သော ဆုပ်ကိုင်မှုအောက်တွင် မျက်လုံးအိမ်သည် အတွင်းမှ အလင်းတန်းများ ပေါ်ထွက်လာခဲ့ကာ လေဟာနယ် အတွင်းမှ တစ်နေရာနှင့် ဆက်သွယ်သွားခဲ့သည်။
ဤမျက်လုံးအိမ်သည် ရှီထျန်းရီ၏ အသိစိတ်နှင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။ သူ၏ အပေါ်တွင် ဤမျှဖိအား ပေးထားခြင်းသည် သူ၏ရုပ်ခန္ဓာကိုယ်အား ဖိခြေထားခြင်းနှင့် အလားတူနေပေသည်။ သူသည် နာကျင်စွာနှင့် အော်ဟစ်လိုက်၏။
"ပြီးသွားပြီ" ရှီထျန်းဟောင်က ပြောလိုက်ကာ ရှီထျန်းရီ၏ နောက်ဆုံးကျန်နေသော အရာထံသို့ လှမ်းသွားလိုက်သည်။
"ငါကမင်းထက် မနိမ့်ကျဘူး" ရှီထျန်းရီက ဒေါသတကြီးဖြင့် အော်လိုက်သည်။ သူ၏ အခြေတည် ဝိညာဥ်သည် တောက်ပသော အလင်းတန်းစက်လုံး တစ်ခုအဖြစ်သို့ ပြောင်းသွားခဲ့၏။ ထိုစက်လုံး၏ ဘေးမှ လေဟာနယ်သည် တွန့်လိမ်ကာ အတွင်းသို့ ချိုင့်ဝင်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။
ခဏအကြာတွင် ထိုအလင်းတန်း စက်လုံးလေးသည် စတင်ကျယ်ပြန့်လာခဲ့ကာ သူ၏ အက်ကွဲကြောင်းများ အတွင်းမှ အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းများသည် အဆုံးစွန် ဖျက်ဆီးနိုင်သော စွမ်းအားများနှင့် ပြည့်နှက်နေခဲ့၏။
ရှီထျန်းရီသည် သူ၏ အခြေတည်ဝိညာဥ်အား ဖောက်ခွဲလိုက်ကာ မိမိကိုယ်ကိုယ် ဖျက်ဆီးပြီး ရှီထျန်းဟောင်အား သူနှင့်တစ်ပါတည်း ခေါ်သွားချင်နေသည်မှာ သိသာနေ၏။
"မင်းရဲ့ကြမ္မာကို မင်းကိုယ်တိုင် ဖန်ဆင်းတာပဲ" ရှီထျန်းဟောင်သည် မျက်လုံးအိမ်ကို ထပ်ဖန်တစ်ခါ ထပ်ဖိလိုက်သည်။ "ခေတ်!" ရှီထျန်းဟောင်က ရေရွတ်လိုက်၏။
ထိုမှော်ကျိန်စာ စတင်ထွက်ပေါ်လာသည်နှင့် အချိန်ကာလနှင့် လေဟာနယ်တို့သည် အလင်းတန်း စက်လုံးနှင့် ရှီထျန်းရီတို့၏ အနားတွင် အေးခဲသွားသကဲ့သို့ ဖြစ်သွားကြသည်။
ကျောက်တုံးဓားသည် ရှီထျန်းဟောင်၏ လက်အတွင်းတွင် ပြန်ပေါ်လာခဲ့၏။ နောက်ဆုံးတိုက်ခိုက်မှု အနေနှင့် သူသည် အလင်းတန်း စက်လုံးနှင့် ရှီထျန်းရီ၏ အသိစိတ်တို့ နှစ်ခုစလုံးတို့အား ထိုးဖောက်သတ်ဖြတ်ခဲ့လိုက်သည်။
ရှီထျန်းရီ၏ အမူအရာသည် မျှော်လင့်ချက် ကင်းမဲ့နေခဲ့၏။ ဤမှော်ကျိန်စာနှင့် အလင်းတန်း စက်လုံးအတွင်းတွင် ရှိနေခဲ့သော ရှီထျန်းရီ၏ အသိစိတ်သည် ပြင်းထန်စွာ ပေါက်ကွဲမှုနှင့်အတူ အရာအားလုံးတို့သည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းသွားခဲ့ကာ ဘာမှမရှိခြင်း အဖြစ်သို့ ရောက်သွားခဲ့သည်။
အဝေးမှ တိတ်ဆိတ်ငြိမ်သက်စွာ အကဲခတ်နေခဲ့သော ကောင်းဟန်သည် ထိုမြင်ကွင်းအား မြင်ရသောအခါ အပြေးလှမ်းလာခဲ့၏။ သို့သော်လည်း လင်းဖုန်းက ခြေတစ်လှမ်း ပိုဦးနေခဲ့သည်။ သူ၏ ဝတ်ရုံကို တစ်ချက်ဝှေ့ယမ်းလိုက်ကာ သူနှင့်ကောင်းဟန် နှစ်ယောက်စလုံးတို့အား အခြားတစ်နေရာသို့ ပို့ဆောင်ခဲ့လိုက်သည်။
သူတို့သည် ရွှမ်းလီနှင့် ရွှမ်းလင်သူတော်စင်တို့ ထွက်သွားခဲ့သကဲ့သို့ ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ၏ အပြင်ဘက်မှ ဟင်းလင်းပြင်သို့ ရောက်သွားခဲ့၏။
ရှေးဟောင်းနယ်မြေ၏ အတွင်းတွင် လူအုပ်ကြီးသည် ဘာဖြစ်သွားခဲ့သနည်း ဆိုသည်ကို စဥ်းစား၍ ကောင်းနေဆဲ ရှိသေးသည်။
အချို့သူများသည် အချင်းချင်း မေးခွန်းထုတ်သော အကြည့်ဖြင့် ကြည့်နေကြ၏။ "ကျောက်တုံးကြီးက ဒီလိုပဲ ကြွေကျသွားခဲ့တာလား"
"အပြီးအပိုင် ကြွေလွင့်သွားခဲ့ပြီ။ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခဲ့တာတောင် ကျောက်တုံးလေးကို အတူမခေါ်သွားနိုင်ခဲ့ဘူး" တစ်ဘက်က ပြန်ဖြေလိုက်၏။
"ကျောက်တုံးကြီးက လုံလောက်အောင် စွမ်းအားထက်နေခဲ့ပြီ။ သူက ရေပေါ်တကာ့ ရေပေါ်ဆီဖြစ်တယ်။ သူက အသက်ရှင်နေတဲ့ ဒဏ္ဍာရီ အဆင့်ကိုတောင် ရောက်နေခဲ့ပြီ။ သူရှုံးသွားတယ်ဆိုတော့ ဖြေရှင်းချက်က တစ်ခုပဲရှိတယ်။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ကျောက်တုံးလေးက ပိုပြီးမှ အစွမ်းထက်လို့ ဖြစ်တယ်"
"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း အကြောင်းကို ပြောရရင်…" လူအုပ်ကြီးသည် သူတို့၏ အပေါ်မှ ဟင်းလင်းပြင် အတွင်းသို့ အာရုံစိုက်လိုက်ကြသည်။
စင်မြင့်၏ အနောက်ဘက်တွင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်တစ်ယောက်မှ မရှိကြတော့ချေ။ လင်းဖုန်းက သူတို့အား အဝေးသို့ ပို့လိုက်ပြီ ဖြစ်၏။
အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများသည် တစ်ယောက်မှ မထိုင်နေနိုင်ကြတော့ပေ။ သူတို့သည်လည်း မှော်ကျိန်စာများ ထုတ်လွှတ်လိုက်ကာ ဟင်းလင်းပြင် အတွင်းသို့ ဝင်ရောက်သွားကြသည်။ ဤကဲ့သို့သော သမိုင်းဝင် တိုက်ပွဲအား လက်လွတ်မခံနိုင်ကြချေ။
ဒါသည် ရှီနှစ်ရှီ၏ တိုက်ပွဲထက် များစွာသာလွန်သော တိုက်ပွဲဖြစ်သည်။
လင်းဖုန်းနှင့် ကောင်းဟန်တို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြ၏။ ကောင်းဟန်၏ အရှေ့မှ စွမ်းအားစက်လုံးသည် လျှင်မြန်စွာနှင့် လည်ပတ်နေ၏။ သူ၏ ဗဟိုချက်မှ စကားလုံးများနှင့် သင်္ကေတများက ထွက်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင် အတွင်းမှ အမှောင်ကမ္ဘာ အတွင်းတွင် ထိုစကားလုံးများသည် သဘာဝ နတ်အလင်းတန်း မြစ်တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အတွင်းမှနေ၍ စွမ်းအားများကို ထုတ်လွှတ်နေခဲ့သည်။
ထိုနတ်အလင်းတန်းသည် ကောင်းဟန်၏ စွမ်းအား အဆီအနှစ်များ ဖြစ်ကြ၍ အချိန်ကာလကို ထိန်းချုပ်နိုင်သည်။
မြစ်ရေသည် ကောင်းဟန်၏ မိုးကုတ်စက်ဝိုင်း မြို့တော်မှ စီးဆင်းလာခဲ့သည်။ လင်းဖုန်းသည် ကောင်းကင်ဖျက်ဆီး ဓားချီဖြင့် ထပ်မံခုတ်ချလိုက်၏။ သို့သော်လည်း အရာအားလုံးကို ဖြတ်တောက်နိုင်သော ဓားချီသည် ယခုအခါတွင် စတင်ပျက်ပြယ်လာခဲ့သည်။
"ကျုပ်တို့က အိုလာပြီလား" လင်းဖုန်းက မေးလိုက်သည်။
ကောင်းဟန်၏ နတ်အလင်းတန်း အဆီအနှစ်တို့နှင့် ပူးပေါင်းလိုက်ကာ မိုးကုတ်စက်ဝိုင်း မြို့တော်သည် အချိန်ကာလကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိလာခဲ့သည်။ သူနှင့် ထိတွေ့မိသော အရာမှန်သမျှတို့သည် အသက်ကြီးရင့်လာ၍ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်၏။
ကမ္ဘာပေါ်မှ အရာမှန်သမျှတို့တွင် မည်သည့်အရာက အချိန်၏ စမ်းသပ်စစ်ဆေးမှုအား ကြံ့ကြံ့ခံနိုင်ပါသနည်း။
အခြားတစ်ဘက်တွင် ရွှမ်းလင်သူတော်စင်သည် သူ၏ အတွင်းအားများ အားလုံးတို့အား သူဖန်တီးထားသော မိုးကုတ်စက်ဝိုင်း မြို့တော်ထံသို့ ပို့ဆောင်ထားခဲ့သည်။ သို့သော်လည်း ရွှမ်းလီ၏ ဓားနှင့်ရင်ဆိုင်ခဲ့ရသော် သူ၏ မြို့တော်သည် တစ်စတစ်စ ပဲ့ကြွေနေခဲ့သည်။
ဤခံတပ်၏ ကြေမွလာမှုသည် ကြီးကျယ်လှသော စွမ်းအားများကို ထုတ်လွှတ်နေခဲ့ကာ လူအုပ်ကြီးအား အံ့ဩမှင်သက်စေခဲ့သည်။ ကြည့်ရသည်မှာ ကမ္ဘာတစ်ခုလုံးက တစ်ချက်တည်းနှင့် ပျက်သုဥ်းသွားသကဲ့သို့ ဖြစ်နေခဲ့၏။
ရွှမ်းလင်သူတော်စင်၏ အတွင်းအားများ ပျက်စီးခြင်းကြောင့် နောက်ဆုံး သွေးရူးသွေးတန်း တိုက်ခိုက်မှုမှနေ၍ ထွက်ပေါ်လာသော စွမ်းအားများသည် ကောင်းဟန်၏ နတ်အလင်းတန်းထက်ပင် ပို၍အားကောင်းသည့်ပုံ ပေါက်နေခဲ့၏။
အင်မော်တယ် ဝိညာဥ် တတိယ အဆင့်မှ သူရဲကောင်းများပင် ထိုစွမ်းအားကို သတိတကြီးနှင့် ရင်ဆိုင်ရပေလိမ့်မည်။
ဘေးမှကြည့်နေကြသော အင်မော်တယ် ဝိညာဥ် အဆင့်မှ အကြီးအကဲများတို့သည် အဝေးသို့ အလျှင်အမြန် ဆုတ်ခွာခဲ့ကြသည်။ ထိုစွမ်းအားများနှင့် တိုက်ရိုက်တွေ့ဆုံမိလျှင် အနည်းငယ်မျှ ထိတွေ့ခဲ့လျှင်ပင် သူတို့အနေနှင့် ဒဏ်ရာအပြင်းအထန် ရသွားကြမည် ဖြစ်၏။
ရွှမ်းလီသည် ဟန်ပန်အမူအရာ ကင်းမဲ့လျှက်ပင် ရှိသေး၏။ စကားတစ်လုံးမှ မပြောပဲ သူမသည် ဓားကိုတစ်ချက် မြှောက်လိုက်ကာ အောက်သို့ခုတ်ချလိုက်သည်။ စက္ကူတစ်စအား အလယ်မှနေ၍ ပိုင်းဖြတ်လိုက်သကဲ့သို့ ဟင်းလင်းပြင်အား နှစ်ခြမ်းကွဲစေခဲ့သည်။
အစောပိုင်း ပေါက်ကွဲမှုမှ ထွက်ပေါ်လာခဲ့သော စွမ်းအားများသည် ဤဓားချက်ကြောင့် အသက်ကုန်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ အရာအားလုံးတို့သည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ အမှန်တကယ် ကြောက်မက်ဖွယ်ရာ လက်နက်တစ်ခုပေတည်း။
ရွှမ်းလင်သူတော်စင် တည်ဆောင်ထားခဲ့သမျှ အရာအားလုံးတို့သည် ဓားချက်တစ်ချက်တည်းနှင့် ပျက်သုဥ်းသွားခဲ့ပေသည်။
"မဟာယာန မှော်ရတနာ တစ်ခုအနေနဲ့ ဒီစွမ်းအားတွေက လက်ဖျားခါလောက်ပါတယ်" ရွှမ်းလင်သူတော်စင်က ပြောလိုက်သည်။ "ဒါပေမဲ့ ဒါက ကြမ္မာပန်းတိုင် မှော်ရတနာ အဆင့်ကို မရောက်သေးဘူး"
မျက်စိတစ်မှိတ်အတွင်းတွင် သူ၏လက်နှစ်ဘက်အား ပူးကပ်လိုက်၏။ "ဗုံနတ်သား၊ ထွက်လာခဲ့ပါ" ရွှမ်းလင်သူတော်စင်က ဟစ်ကြွေးလိုက်သည်။
"ဘုန်း"
"ဘုန်း"
ဘုန်းကနဲ မြည်သံများ ထွက်ပေါ်လာခဲ့၏။ အသံတစ်ခုသည် တစ်ခုထက်ပို၍ ကျယ်လောင်လာသည်။ အသံတစ်ခုချင်းစီသည် မူလ ကောင်းကင်နှင့်မြေကြီး ခွဲခြမ်းခြင်း နည်းစနစ်၏ စွမ်းအားများ ရှိပေသည်။
ဟင်းလင်းပြင်ပေါ်သို့ အဖြူရောင် အလင်းတန်းများ ကျရောက်လာခဲ့ကာ သန့်စင်သော ကန့်လန်ကာ တစ်ခုကို ဖန်တီးလိုက်သည်။ ထိုကန့်လန့်ကာများ အတွင်းမှနေ၍ ဗုံတစ်လုံး ပေါ်ပေါက်လာခဲ့သည်။
ဝင်္ကပါချိုးဖောက်ဗုံ!
ဟင်းလင်းပြင် ယင်ယန်နာရီနှင့်အတူ သူတို့သည် ဟင်းလင်းပြင် ဘုရားကျောင်းမှ မှော်ရတနာ နှစ်ခုတို့ ဖြစ်ကြ၏။ သူတို့သည် ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာဖြစ်သော အန္တိမ ကောင်းကင်ကြေးမုံထက် အဆင့်တစ်ဆင့်သာ နိမ့်ကြကာ ဟင်းလင်းပြင် ဘုရားကျောင်းမှ အစွမ်းအထက်ဆုံး လက်နက်များ အတွင်းတွင် အပါအဝင် ဖြစ်ကြသည်။
ဗုံဘေးတွင် အသက်ကြီးကြီးနှင့် လူတစ်ယောက်ရပ်နေသည်။ အရပ်မြင့်မြင့် သန်မာထွားကြိုင်းစွာနှင့် သူ၏ ပုံစံသည် အစွမ်းကြီးသည့်ပုံ ပေါက်နေ၏။
ထိုအဘိုးအိုသည် ဝင်္ကပါချိုးဖောက်ဗုံ၏ စိတ်ဝိညာဥ် ဖြစ်သည်။ သူစပေါ်လာကတည်းက စကားတစ်ခွန်းမှ မပြောခဲ့ပဲ သူ၏လက်များ အတွင်းတွင် တုတ်ချောင်းနှစ်ချောင်း ပေါ်လာခဲ့ကာ ဗုံအပေါ်သို့ တီးခတ်လိုက်သည်။
ကောင်းကင်နှင့် မြေကြီးတို့အား အမှန်တကယ် ခွဲခြားနေသည့်အတိုင်း ဤဗုံချက်များ၏ အလယ်ဗဟိုမှနေ၍ အဖြူရောင် အလင်းတန်းများ တစ်ကွင်းပြီးတစ်ကွင်း ထွက်လာခဲ့၏။
ဤဗုံသည် ကမ္ဘာအတွင်းရှိ ဝင်္ကပါများ အားလုံးနီးပါးကို ချေဖျက်နိုင်စွမ်းရှိသည်ဟု ဆိုရိုးရှိသည်။ သူတစ်ခုတည်းနှင့်ပင် ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထား၏။
လင်းဖုန်းသည် ထိုဗုံအား တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် သူ့အကြောင်းကို ကြားဖူးခဲ့သည်မှာ ကြလှပေပြီ။ သို့သော်လည်း ယခုအချိန်တွင် ပထမဆုံး အနေနှင့် အနီးကပ် ရင်ဆိုင်ရခြင်း ဖြစ်သည်။
"ဟင်းလင်းပြင် ဘုရားကျောင်းက ရတနာနှစ်ပါးက တကယ်ကို နာမည်ကျော်တာနဲ့အညီ လိုက်ဖက်လှပါတယ်" လင်းဖုန်းက ပြုံးလိုက်ကာ သူ၏ ခန္ဓာကိုယ်မှနေ၍ အလင်းတန်း စက်လုံးလေး တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းတန်းသည် လေထုအလယ်တွင် ပုံပြောင်းသွားခဲ့ကာ ယင်-ယန် ဖန်ဆင်းခြင်းနှင့် ယိုယွင်းခြင်း ဝင်္ကပါ အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
ဗုံမှအလင်းတန်းများနှင့် ထိတွေ့မိလိုက်ချိန်တွင် လင်းဖုန်း၏ ဝင်္ကပါသည် ခံစစ်ဆင်ရင်း လျှင်မြန်စွာနှင့် ကြီးထွားလာခဲ့သည်။
"ခင်ဗျားရဲ့ ဝင်္ကပါက တစ်ကယ့်ကို ထူးခြားလှပါတယ်" ကောင်းဟန်က တိုးညင်းစွာနှင့် ပြောလိုက်ကာ သူ၏ လက်ဖျားထိပ်များမှ အချိန်မြစ်ရေအား လည်ပတ်လိုက်သည်။
တခဏချင်းတွင်းပင် သူသည် လင်းဖုန်း၏ အရှေ့သို့ ရောက်လာခဲ့ကာ လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ဒါသည် ဟင်းလင်းပြင် ဘုရားကျောင်း၏ စတုတ္ထမြောက် အင်အားအကြီးဆုံး နည်းစနစ်ဖြစ်သည့် ကောင်းကင် စကြာဝဠာ လက်ဝါးဖြစ်၏။
ကောင်းကင်ကြီးသည် ချိုင့်ဝင်သွားသကဲ့သို့ ထိုလက်ဝါးမှ အံ့ဩဖွယ် စွမ်းအားများသည် လင်းဖုန်းအပေါ်သို့ ကျဆင်းလာခဲ့သည်။ သူ၏ပုံမှန် တည်ငြိမ်နေသော အမူအရာနှင့်ပင် လင်းဖုန်းသည် သူ၏ကိုယ်ပိုင် အရေအတွက်သုံးခု အင်းရှစ်ကွက် ကောင်းကင်တူနှင့် ပြန်လည်တန်ပြန်လိုက်၏။ ဧရာမ ဘီလူးကြီး နှစ်ကောင်တို့သည် တောင်တစ်လုံး ကြေမွသွားသည့်အတိုင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ကြ၏။
မိုင်နှင့်ချီသော ဟင်းလင်းပြင်များသည် မြေပြင်ညီများအဖြစ် ပြားချပ်သွားကြကာ ဟင်းလင်းပြင်မှနေ၍ အစစ်အမှန် နေရာများ အဖြစ်သို့ ပြောင်းသွားခဲ့သည်။
ထိတွေ့မှု၏ အရင်းအမြစ် နေရာတွင် ကောင်းဟန်သည် လင်းဖုန်း၏ အရှေ့တွင် မလှုပ်မယှက် ရပ်နေခဲ့သည်။ ဘီလူးနှစ်ကောင်တို့က မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သို့သော်လည်း အချိန်မြစ်ရေက စတင်အကျိုးသက်ရောက်လာခဲ့၏။ ဘေးပတ်ပတ်လည်မှ အရာအားလုံးတို့အား အရွယ်ကြီးရင့်စေခဲ့သည်။ လင်းဖုန်း၏ ညာလက်သည်ပင် စတင်ပြောင်းလဲလာခဲ့၏။
လင်းဖုန်းသည် အင်မော်တယ် ဝိညာဥ် အဆင့်တွင် ရောက်နေခဲ့ကာ သူ၏ခန္ဓာကိုယ်သည် သာမန်ထက် ပို၍ထူးခြားသည်။ သို့သော်လည်း ထိုစွမ်းအားနှင့် ရင်ဆိုင်ခဲ့ရချိန်တွင် သူ၏ အရေပြားနှင့် အသွေးအသားတို့သည် စတင်ရင့်ရော်လာခဲ့၏။ အိုမင်းအားနည်းသည့်ပုံ ပေါက်လာခဲ့သည်။
သူ၏နဖူးပေါ်မှ ထိုက်ကျိသင်္ကေတသည် စတင်လည်ပတ်လာခဲ့ကာ သူ၏ညာလက်သည် ပုံမှန် အနေအထားသို့ ပြန်ရောက်သွားခဲ့သည်။
သူ၏အမူအရာသည် ယခင်ကသို့ ဖြစ်ဆဲပင် ဖြစ်သည်။ သို့သော်လည်း ကောင်းဟန်၏ အသိစိတ် အတွင်းတွင် လင်းဖုန်းသည် ထိုထိုက်ကျိ သင်္ကေတအတွင်းသို့ ဝင်သွားခဲ့ကာ စကြာဝဠာကို ဖြတ်သန်းသွားခဲ့ပြီး ဖြစ်သည်။
သူရဲကောင်း နှစ်ယောက်စလုံးတို့၏ အပေါ်ရှိ ဟင်းလင်းပြင်မှနေ၍ ခရမ်းရောင် တိမ်တိုက်များက တစ်သုတ်ပြီးတစ်သုတ် ကျဆင်းလာခဲ့သည်။ ဟင်းလင်းပြင်၏ ပြင်ပမှနေ၍ ကြီးကျယ်ခမ်းနားသော အဖြူရောင် ကျောက်စိမ်းတောင်ကြီး တစ်ခုပေါ်လာခဲ့သည်။ ဒါသည် ယုကျင်းတောင် ဖြစ်၏။
မှော်ကျိန်စာတစ်ခုကို ထုတ်လွှတ်လိုက်ကာ လင်းဖုန်းသည် ရှီထျန်းဟောင်နှင့် ကျန်သောသူများအား တောင်ပေါ်သို့ စေလွှတ်လိုက်ကာ တောင်ကြီးကို ကောင်းဟန်ထံသို့ ပျံသန်းလာစေခဲ့သည်။
ကောင်းဟန်သည် စိတ်လှုပ်ရှားနေသည့်ပုံ မပေါက်နေခဲ့ပဲ အော်ဟစ်လိုက်သည်။ "ယင်ယန် အကြီးအကဲ၊ ထွက်လာခဲ့ပါ"