စာစဥ် ၃၁ : အပိုင်း ၂
အပိုင်း ၅၇၂ : ပုန်းကွယ်၍ လှုပ်ရှားခြင်း
ရှီးလင်မြို့၏ တောင်ပိုင်းတွင် သာမန်ပြည်သူများသာ နေထိုင်ကြသည်။ ကျင့်ကြံသူများ အချို့ကိုသာ တွေ့နိုင်ခဲ့၏။
လမ်းကျဥ်းလေးတစ်ခု၏ အတွင်းတွင် အရိပ်တစ်ခုက လျှင်မြန်စွာနှင့် ဖြတ်သွားခဲ့သည်။ သူ၏ ပုံပန်းသဏ္ဌာန်အား အမှောင်အတွင်းတွင် မည်သူကမှ မတွေ့ခဲ့ရပေ။ ထိုလူသည် မရပ်တန့်ခဲ့ပဲ ထိုလမ်းကျဥ်းလေး အတွင်းသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် စိတ်ဝင်စားသော အမူအရာတစ်ခုအား တွေ့နိုင်ခဲ့၏။ သူသည် ထိုလမ်းကျဥ်းအတွေးမှ မြင်ကွင်းကို သဘောကျနေသည့်ပုံ ပေါက်နေခဲ့၏။
သို့သော်လည်း သူ၏အကြည့်သည် အဆက်မပြတ် လင်းလက်နေခဲ့၏။ သူ၏ လက်ချောင်းများအား နရံတစ်လျှောက် ပွတ်ဆွဲနေခဲ့၍ အုတ်တုံးအချို့ကို ကျော်သွားအပြီးတွင် ခေတ္တမျှ ရပ်တန့်သွား၏။ ပြီးတာနှင့် သူ၏လက်အတွင်းတွင် မီးခိုးရောင် သလင်းကျောက် တစ်ခုအား ကိုင်ဆောင်ထားကာ ထွက်သွားခဲ့၏။
ထိုသလင်းကျောက်သည် ကြေမွသွားခဲ့ကာ မှေးမှိန်သော အော်ရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ရေးသားထားသည့် သတင်းတစ်ပုဒ်သည် သူ၏ ဦးနှောက်အတွင်းသို့ တိုက်ရိုက်ဝင်သွားခဲ့၏။
"တခြားကိစ္စတွေကို ဘာမှဂရုစိုက်ဖို့ မလိုဘူး။ မင်းဘက်က ဘာမှ ထူးထူးခြားခြား လုပ်စရာ မလိုဘူး။ ဘာပစ္စည်းကိုမှလည်း ရှာစရာလည်း မလိုဘူး။ သတင်းမပေါက်ကြားစေပဲ မင်းရဲ့ ကျင့်ကြံမှုကိုသာ ဂရုစိုက်ပါ။ အရေးအကြီးဆုံးက မင်းက အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ အဓိက နည်းစနစ်တွေကို သေချာသင်ကြားဖို့ပဲ။ မင်းက အကူအညီ လိုအပ်ရင် ပြောသာပြောလိုက်ပါ၊ ငါတို့က လိုတာတွေကို ဖြည့်ဆည်းပေးမယ်"
ထိုစကားများကို ကြားပြီးသောအချိန်တွင် ထိုသူ၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ယုကျင်းတောင်ပေါ်မှ ဘဝသည် လွန်စွာ သက်တောင့်သက်သာရှိလှသည်။ သူသည် သူ့အား အမိန့်ပေးထားသော လေးလံသည့် တာဝန်ကို မေ့လုမတတ်ပင် ဖြစ်နေခဲ့၏။
"တောင်ပေါ်မှာပဲ ကျင့်ကြံနေပြီး အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ သာမန်တပည့် ဖြစ်ရရင်လည်း ဘာမှားလို့လဲ" သူ၏ရင်ထဲတွင် ကိုယ့်ကိုယ်ကိုယ် မေးလိုက်၏။ သို့သော်လည်း လမ်းကျဥ်းလေးထဲတွင် သက်ပြင်းချသံတစ်ခု ပေါ်လာခဲ့သည်။ "ငါ့ရဲ့ရည်ရွယ်ချက်တွေက အစကတည်းက မသန့်စင်ခဲ့ဘူး။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ငါ့ကို တကယ်ပဲ လက်ခံခဲ့တာလား"
"မဟာကျိုး အင်ပါယာရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်ဖို့ လွယ်ကူတယ်လို့ ဘယ်သူကပြောသလဲ။ ငါ့မှာကလည်း ငါ့သံယောဇဥ်နဲ့ငါ ရှိနေတယ်"
ထိုသူသည် ထိုမီးခိုးရောင် သလင်းကျောက် အတွင်းမှ စာသားအား ဖတ်နေချိန်တွင် သူ၏ စိတ်ဝိညာဥ် အတွင်းပိုင်းတွင် ကွယ်ဝှက်ထားသည့် ခရမ်းရောင် ဓာတ်ငွေ့အချို့က တုန်ခါသွားခဲ့သည်ကို သတိမပြုမိခဲ့ပေ။ သူသည်လည်း ထိုသတင်းကို ဖတ်လိုက်ရ၏။
အဝေးမှနေ၍ လင်းဖုန်းက ပြောလိုက်သည်။ "အားလုံးက အဆင်ပြေနေတယ်၊ ဟုတ်လား။ အားလုံးက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ချောမွေ့နိုင်ပါ့မလဲ"
ဒုတိယမျိုးဆက်မှ တပည့်များအား ရှီးလင်မြို့သို့ ခေါ်ဆောင်လာခဲ့ကာ လွတ်လပ်စွာ လှုပ်ရှားစေခဲ့သော်လည်း လင်းဖုန်းသည် ထိုသူလျှိုအား သူသတိမထားသည့် အချိန်တွင် အမိဖမ်းရန် ရည်ရွယ်ချက် ရှိပေသည်။
ကြည့်ရသည်မှာ ထိုသူလျှိုအား ထိန်းချုပ်ထားသည့်သူမှာ ရာထူးကြီးကြီးထဲမှ ဖြစ်မည်။ သူ့အား ဆက်သွယ်သည့်သူမှာ မဟာချင် အင်ပါယာ အတွင်းမှ မဟာကျိုး အင်ပါယာ၏ သူလျှိုမဟုတ်ပေ။ ထို့အစား သူသည် မဟာကျိုး အင်ပါယာ၏ သံတမန်အဖွဲ့အတွင်းမှ ဖြစ်သည်။
ထို့ကြောင့် သူသည် မဟာကျိုး အင်ပါယာ၏ အုပ်ချုပ်ရေး ဗဟိုအဖွဲ့အတွင်းမှ ဖြစ်သည်။
မကြာမီတွင် လင်းဖုန်းသည် သူ၏မျက်ခုံးများကို ကြုတ်လိုက်၏။ သူသည် မဟာကျိုး အင်ပါယာက သူလျှိုစေလွှတ်ထားသည်ကို သိပေသည်။ သို့သော်လည်း ယန့်မင်းရွဲ့က ဟင်းလင်းပြင် ဘုရားကျောင်းကလည်း ပါနေသည်ကို ပြောထား၏။
ထိုသူသည် အစောကတည်းက ဆရာမရှိသဖြင့် စနစ်အတွင်းမှနေ၍ သိရှိနိုင်ခြင်း မရှိပေ။ သို့သော်လည်း သူ၏ နေ့စဥ်လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် လင်းဖုန်းသည် သူ့အား သိရှိထားပေသည်။ သို့သော်လည်း သူသည် ရှီးလင်မြို့တွင် မည်သည့် လှုပ်ရှားမှုမျိုးကိုမှ မလုပ်ခဲ့ပေ။
"ဒီလူက အတော့်ကို ဂရုစိုက်တာပဲ" လင်းဖုန်းက သူ၏ခေါင်းကို ခါလိုက်ကာ ပြုံးလိုက်သည်။ "ကြည့်ရတာ သူတို့က ဒီလူကို အစောကြီး မသုံးချင်နေဘူးနဲ့ တူတယ်။ သူကိုယ်တိုင်ကလည်း သူ့ရဲ့ အဓိကရည်ရွယ်ချက်က ဘာလဲဆိုတာကို မသိဘူးနဲ့ တူတယ်"
***************
ရှီးလင်မြို့၏ အလယ်တွင် သာမန် အဆောက်အအုံ တစ်ခုရှိနေသည်။ ဥယျာဥ်အတွင်းမှ သစ်ပင်တစ်ပင်၏ အောက်တွင် လူနှစ်ယောက်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြ၏။ သူတို့သည် အရက်ကိုသာ တစိမ့်စိမ့်သောက်နေကြ၍ ဘာကိုမှ မပြောနေကြပေ။
အရက်အိုး ကုန်ခါနီးအချိန်မှပင် သူတို့အနက်မှ တစ်ယောက်က ရုတ်တရက် ပြောလိုက်၏။ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်ရဲ့ ကျင့်ကြံမှု အဆင့်ကို မပြောနဲ့ဦး၊ သူ့ရဲ့ လုပ်ကိုင်ပုံတွေကနေ ကြည့်ရသလောက်ဆိုရင် သူက ပြင်ဆင်မှုတွေ မပြုပဲ အလောတကြီး လုပ်တတ်တဲ့သူ မဟုတ်ဘူး။ စီနီယာ၊ သူက စီနီယာရဲ့ လှည့်ကွက်ကို ကြိုမြင်နေတယ်လို့ မထင်ဘူးလား"
သူနှင့် မျက်နှာချင်းဆိုင်မှသူသည် သူ၏လက်ထဲမှ အရက်ခွက်အား ဖြည်းညင်းစွာနှင့် လှည့်နေခဲ့၏။ "ကျန်နေသော အရက်တစ်ဝက်အား တစ်ကျိုက်တည်း မော့ချလိုက်ပြီးမှ သူက ပြန်ဖြေလိုက်သည်။ "မထင်ဘူး"
"အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က သူ့ရဲ့ စိတ်ဝိညာဥ် မှတ်ဉာဏ်တွေကို ရှာရင်တောင်မှ ဘာကိုမှတွေ့မှာ မဟုတ်ဘူး။ ငါတို့ရဲ့ သူလျှိုကိုယ်တိုင်ကတောင် သူ့ရဲ့ မစ်ရှင်ကဘာလဲ ဆိုတာကို မသိဘူး။ သူက ငါတို့ဘယ်သူလဲ ဆိုတာကိုတောင် သိတာမဟုတ်ဘူး"
"ငါတို့ရဲ့ သူလျှိုကိုယ်တိုင်ကတောင် သူက သာမန်တပည့်လို့ပဲ ထင်နေတာ" သူသည် အရက်ခွက်ကို ချလိုက်ကာ ဖွဖွလေး ပြုံးလိုက်၏။ "အချိန်မကျသေးတော့ ငါတို့က သူ့ကို အသုံးပြုဖို့ မလိုသေးဘူး။ ငါတို့ကသူ့ကို အသုံးပြုချင်ရင်တောင် တိုက်ရိုက်ဆက်သွယ်ဖို့ မလိုဘူး။ သူ့ရဲ့ မိဘတွေကနေတဆင့် အသုံးပြုလို့ရတယ်"
ပထမ စကားပြောလိုက်သောသူမှာ သူ၏ခေါင်းကို ညိတ်လိုက်ကာ ပြောလိုက်သည်။ "ဒါဆိုရင် အမိန့်ချလိုက်ရင်တောင် သူလျှိုက ဒါကို သူ့မိဘတွေဆီက လာတာလို့ပဲ ထင်နေလိမ့်မယ်။ အစကနေ အဆုံးအထိ သူက ငါတို့အတွက် အလုပ်လုပ်ပေးနေတယ်ဆိုတာကို သိမှာမဟုတ်ဘူး"
သူနှင့် မျက်နှာချင်းဆိုင်မှသူသည် သစ်ပင်ပေါ်သို့ ဖြည်းဖြည်းချင်း မှီလိုက်၍ ပြောလိုက်သည်။ သူသည် သက်တောင့်သက်သာ ရှိလှစွာဖြင့် ပြောလိုက်သည်။ "ဒါကတော့ အကောင်းဆုံး ရလဒ်ပဲ။ ငါတို့လုပ်ရမှာက ငါတို့ရဲ့ အကြံမှာ ပေါ်လာတဲ့ အနှောင့်အယှက်တွေကို ရှင်းပစ်ရုံပဲ"
သူ၏အကြည့်အား အဝေးမှ ကောင်းကင်ထံတွင် အာရုံစိုက်ထားလိုက်သည်။ ထိုနေရာတွင် ရှီမိသားစုစံအိမ် ရှိနေပေသည်။ အချိန်အတော်ကြီးကြာမှ သူကသူ့ကိုယ်သူ ပြောလိုက်၏။ "ဟင်းလင်းပြင် ယင်ယန်နာရီနဲ့ ဝင်္ကပါချိုးဖောက်ဗုံကို စစ်မျက်နှာပြင်ကို ခေါ်လာခဲ့ပြီ။ သူတို့နှစ်ခုကို တပြိုင်နက် နောက်ဆုံးသုံးတဲ့ အချိန်က ကမ္ဘာနှစ်ခုအကြားက စစ်ပွဲမှာ ဖြစ်တယ်"
***************
တစ်ညတာ အနားယူအပြီးတွင် လင်းဖုန်းသည် ရှီထျန်းဟောင်အား ခေါ်ကာ မဟာချင် အင်ပါယာ၏ နန်းတော်အတွင်းမှ ဥယျာဥ်ထံသို့ မနက်စောစောတွင် ထွက်လာခဲ့၏။
သဘောတူညီချက် အရဆိုလျှင် ချင်ဧကရာဇ် ရှီယုသည် ရှီထျန်းဟောင်အား ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေအတွင်းသို့ ပတ်ဝန်းကျင်နှင့် သဟဇာတ ရှိစေရန် ဝင်ခွင့်ပြုမည် ဖြစ်သည်။
ဘာပဲပြောပြော ရှီထျန်းရီသည် ထိုနေရာတွင် တစ်နှစ်ခန့် လေ့ကျင့်ခဲ့ပြီး သူသည် ထိုပတ်ဝန်းကျင်နှင့် စိတ်ဝိညာဥ် စွမ်းအင် စီးဆင်းပုံတို့ကို အလွန်အမင်း ကျင့်သားရနေပြီ ဖြစ်၏။ နဂါးတိုက်ပွဲ စင်မြင့်သည် သီးသန့်နေရာတစ်ခု မဟုတ်ပဲ ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ အတွင်းမှ နေရာတစ်ခုသာ ဖြစ်၏။
ထိုနေရာမှ ပတ်ဝန်းကျင် အနေအထားတို့သည် ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေနှင့် အများစု ဆင်တူနေကြသည်။
အစောပိုင်းတွင် ရှောင်ယန်နှင့် ထောင်ရောင်ရောင်တို့သည် ယုကျင်းတောင်အပေါ်တွင် ယှဥ်ပြိုင်ခဲ့စဥ်က အလင်းဓားမြန် ဓားမာစတာသည် တိုက်ခိုက်ရန် နေရာတစ်ခုအား ဖန်တီးပေးခဲ့သည်။ ရှောင်ယန်ကလည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်များသည် ယုကျင်းတောင်ပေါ်မှ စိတ်ဝိညာဥ် စွမ်းအင်များကို စုပ်ယူရာတွင် ပိုမိုလွယ်ကူသည်ဟု ပြောခဲ့၏။ ဒါသည် မှန်ပေသည်။
ထို့အတူပင် ရှီထျန်းဟောင်သည် လုံးဝကို အစိမ်းသက်သက်ဖြစ်နေသည့် နေရာတစ်ခုကို ဝင်ရောက်ရမည် ဖြစ်ပြီး ရှီထျန်းရီက ထိုနေရာတွင် တစ်နှစ်ခန့် လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် အိမ်ကွင်းအားသာချက်ကို ရရှိထားပေသည်။
စွမ်းအားမြင့် ကျင့်ကြံသူများအကြားမှ တိုက်ပွဲတွင် ခြားနားချက် အနည်းငယ်လေးသည် တိုက်ပွဲ၏ ရလဒ်အား ဆုံးဖြတ်ပေးနိုင်သည်။ ရှီထျန်းဟောင်သည် ရှီထျန်းရီအား အနိုင်ယူနိုင်ရန် ယုံကြည်ချက် ရှိသော်လည်း သူသည် နိုင်ပွဲကို လွယ်ကူစွာ ရရှိရန် ရရှိသည့် အခွင့်အရေးများကို အသုံးချရန် ဝန်မလေးခဲ့ပေ။
အချိန်သည် အကန့်အသတ် ရှိသော်လည်း သူက ဤအခွင့်အရေးသည် အလွန့်ကို အသုံးဝင်သည်ဟု ယုံကြည်နေခဲ့၏။
အရင်ညက ဧည့်ခံပွဲတွင် နှစ်ဦးနှစ်ဘက်တို့သည် ဤကိစ္စအား ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် ရှီဧကရာဇ် ရှီယုသည် ကတိပေးထားသည့်အတိုင်း ရှီထျန်းဟောင် ဝင်ရောက်ရန် ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေကို ဖွင့်လှစ်ပေးခဲ့သည်။
နောက်သုံးရက်အတွင်းတွင် ရှီထျန်းဟောင်သည် ထိုနေရာတွင် အချိန်ကို ငြိမ်သက်စွာနှင့် ကုန်ဆုံးစေပြီး တိုက်ပွဲကို စောင့်စားနေမည် ဖြစ်၏။
သူသည် ရှီထျန်းဟောင်က ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေ အတွင်းသို့ ဝင်ရောက်သွားသည်ကို ကြည့်နေကာ လင်းဖုန်းက ရှီယုဘက်သို့ လှည့်လိုက်ကာ ငြိမ်သက်စွာနှင့် ပြောလိုက်သည်။ "ပြင်ဆင်မှု အခြေအနေတွေ ဘယ်လိုရှိသလဲ ဆိုတာကို သိပါရစေ"
ရှီယုသည် နဂါးပလ္လင်အပေါ်မှ ထလိုက်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်ရာ နန်းတွင်းမှ ခန်းမဆောင်တစ်ခုလုံး မြည်ဟည်းသွားခဲ့သည်။ "မာစတာလင်း၊ ကျေးဇူးပြုပြီး ကြွပါ"
ရွှေရောင်အလင်းတန်းတစ်ခု လက်သွားခဲ့ပြီး သူတို့နှစ်ယောက်၏ အရှေ့မှ မြင်ကွင်းများက ပြောင်းသွားခဲ့သည်။ လင်းဖုန်းသည် တည်ငြိမ်စွာနှင့် ရပ်နေခဲ့ကာ ရှီယုက သွားလိုသည့် နေရာကို ခေါ်ဆောင်သွားခြင်းအား ခံနေခဲ့သည်။
သူ၏အရှေ့မှ မှောင်မိုက်သော ဟင်းလင်းပြင်၏ အရှေ့တွင် အရောင်ငါးမျိုးတို့က မှေးမှိန်စွာနှင့် လင်းလက်နေခဲ့သည်။ တစ်ယောက်သည် အစစ်အမှန် နဂါးတစ်ကောင်က ကြောက်မက်ဖွယ်ရာ စွမ်းအားများနှင့် ကခုန်နေသည်ကို တွေ့နိုင်ပေသည်။
အဖြူ၊ အစိမ်း၊ အနက်၊ အနီနှင့် အဝါရောင်တို့ ဖြစ်ကြ၏။ အလင်းတန်းများ တစ်ခုစီ အတွင်းတွင် ဝေဝါးနေကာ မပြတ်သားသည့် ရှည်လျားသော ပုံရိပ်တစ်ခုအား တွေ့နိုင်၏။
ဒါသည် လင်းဖုန်းက ထိုရတနာအား ဒုတိယအကြိမ် တွေ့ခြင်းဖြစ်သည်။ သို့သော်လည်း သူသည် အံ့အားသင့်ခဲ့ရသေး၏။ မကျော်လွန်၊ မချိုးဖောက်နိုင်သည့် အန္တိမအော်ရာသည် စကြာဝဠာအား ဖိနှိပ်ထားနိုင်စွမ်း၍ တစ်ယောက်အား အံ့ဩစွာဖြင့် နှစ်ခါပြန်ကြည့်စေနိုင်သည်။
ဒါသည် ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာ တစ်ခုဖြစ်၏။
ကြမ္မာပန်းတိုင် အဆင့်မှ မှော်ရတနာ တစ်ခုသာ ဤကဲ့သို့သော စွမ်းအားများကို ပိုင်ဆိုင်ထားနိုင်သည်။ ထိုမှော်ရတနာသည် ပြီးပြည်စုံခြင်း မရှိသေးသော်လည်း ကမ္ဘာအတွင်းမှ အခြား မှော်ရတနာ အများစုတို့ထက် ပို၍စွမ်းအားကြီးကာ တွေ့သူတိုင်းကို အံ့ဩတုန်လှုပ်စေခဲ့သည်။
ဤကဲ့သို့သော ရတနာမျိုးကို သာမန် မဟာယာနအဆင့်၊ ပွားစည်းခြင်းအဆင့် သို့မဟုတ် သန္ဓေလောင်းအဆင့်မှ မှော်ရတနာ တစ်ခုက နှိုင်းယှဥ်နိုင်မည် မဟုတ်ပေ။
အလင်းရောင်သည် ဖြည်းဖြည်းချင်း မှေးမှိန်သွားကာ ပို၍ ကြည်လင်လာခဲ့သည်။ ဤကနေ့မှပင် လင်းဖုန်းသည် ထိုမှော်ရတနာ၏ အစစ်အမှန် ပုံစံအား တွေ့မြင်ရခြင်း ဖြစ်သည်။
ဒါသည် ကီလိုမီတာပေါင်း ရာနှင့်ချီကာ ရှည်လျားသည့် မရေတွက်နိုင်သော အလျားရှိသည့် မြို့တံတိုင်းတစ်ခုဖြစ်၏။ သူ၏ နှစ်ဘက်တို့သည် လေဟာနယ် အတွင်းတွင် ခိုင်မာစွာနှင့် စိုက်ထူထား၍ သူ၏အဆုံးအား မည်သူကမှ မတွေ့နိုင်ပေ။ သူသည် လူပေါင်းများစွာတို့ကို တင်ဆောင်ထားသည့် ဧရာမ နဂါးတစ်ကောင်နှင့် တူနေ၏။
လင်းဖုန်းသည် ရုတ်တရက် သူ၏အရင်ဘဝမှ တရုတ်ပြည်၏ မဟာတံတိုင်းကို စဥ်းစားမိလိုက်သည်။ ကမ္ဘာမြေသည် မူလကောင်းကင် ကမ္ဘာနှင့် အရွယ်အစားခြင်း နှိုင်းယှဥ်၍ မရချေ။ သူ၏အရှေ့မှ တံတိုင်းသည် အနည်းဆုံးတော့ မဟာတံတိုင်းပေါင်း တစ်ရာထက် ပိုကြီးပေသည်။
ထိုအလျားသည် သာမန်လူသားများ စိတ်မကူးနိုင်လောက်အောင် ရှည်လျားပေသည်။ သူ၏ အလျားအား တိုင်းတာ၍ မရနိုင်ပဲ နှိုင်းယှဥ်၍ရသော အရာတစ်ခုမှလည်း မရှိပေ။ သူ၏ အရွယ်အစားသည် စိတ်ကူး၍သာ ရနိုင်ပေသည်။
"ဒါက အင်မော်တယ် နဂါးမြို့တော်လား" လင်းဖုန်း၏ အကြည့်မှ တောက်ပလာခဲ့၏။ ယခင်တစ်ခေါက် ကြည့်ခဲ့ရစဥ်က သူသည် ယခုလောက် မထင်ရှားခဲ့ပေ။ သို့သော်လည်း လင်းဖုန်းသည် ဘာဖြစ်မည်ကို ခန့်မှန်း၍ ရခဲ့သည်။ သူသည် စနစ်ကြီးအား စစ်ကြည့်လိုက်အပြီးတွင် ဒါသည် အဖြစ်နိုင်ဆုံး ဖြစ်မည်ဟု တွက်ဆမိခဲ့သည်။
အင်မော်တယ် နဂါးမြို့တော်သည် ကမ္ဘာဦးခေတ်မှစ၍ ကြမ္မာပန်းတိုင် အဆင့် မှော်ရတနာအဖြစ် ပထမ လူသားဧကရာဇ်၊ ပထမ ဧကရာဇ်မှ စတင်ထုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာဦးခေတ်တွင် မိစ္ဆာတို့သည် စကြာဝဠာတို့အား အုပ်စိုးထား၍ လူသားမျိုးနွယ်စုတို့၏ အမှောင်မိုက်ဆုံး အချိန်ဖြစ်၏။ ပထမ ဧကရာဇ် အုပ်စိုးချိန်မှ စတင်၍ လူသားတို့သည် တိုးတက်လာနိုင်ခဲ့ကြပြီး မိစ္ဆာတို့၏ ကြီးစိုးမှုအား တွန်းလှန်နိုင်ခဲ့ကြသည်။
အင်မော်တယ် နဂါးမြို့တော်သည် ပထမ ဧကရာဇ်က မိစ္ဆာတို့၏ ကြမ်းကြုတ်မှုတို့ကို ခုခံရန်နှင့် လူသားမျိုးနွယ်စုတို့အား ထာဝရ ကာကွယ်နိုင်ရန်၊ ဖျက်ဆီး၍ မရစေရန် ရည်ရွယ်၍ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ပထမ ဧကရာဇ်သည် မိစ္ဆာတို့နှင့် တိုက်ခိုက်ရင်း ကျဆုံးသွားခဲ့သည်။ ထို့ကြောင့် အင်မော်တယ် နဂါးမြို့တော်သည် ကြမ္မာပန်းတိုင် မှော်ရတနာဟု ဆိုရသော်လည်း သူသည် မပြည့်စုံသေးပဲ ပထမ ဧကရာဇ် ကျဆုံးသွား အပြီးတွင် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်က မဟာချင် အင်ပါယာ၏ ပထမ ဧကရာဇ်သည် ထိုရတနာကို တူးဖော်တွေ့ရှိခဲ့ပြီး ကောင်းကင်နဂါး ရှေးဟောင်းနယ်မြေနှင့် အခြား ကံကောင်းခြင်းများနှင့် အတူ မဟာချင် အင်ပါယာ၏ အခြေခံ အုတ်မြစ်ကို စတင်တည်ထောင်ခဲ့သည်။
မဟာချင် အင်ပါယာ စတင်တည်ထောင်ပြီးသည့် အချိန်မှစ၍ သူတို့သည် အရင်းအမြစ်ပေါင်း များစွာတို့အား အင်မော်တယ် နဂါးမြို့တော်အား အောင်မြင်စွာ ကျင့်ကြံနိုင်ရန် အသုံးပြုခဲ့ကြသည်။ သို့သော်လည်း ဒါသည် သန့်စင်ရန် ခက်ခဲသည့် မှော်ရတနာတစ်ပါး ဖြစ်ကာ တစ်ယောက်ကမှ အောင်မြင်အောင် မကျင့်ကြံနိုင်ခဲ့ကြပေ။ လူသားနှင့် မိစ္ဆာတို့၏ နောက်ဆုံးတိုက်ပွဲ အတွင်းတွင် သူသည် အပြင်းအထန် ပျက်စီးသွားခဲ့သည်။
နှစ်ထောင်ပေါင်းများစွာ ပြန်လည်ပြင်ဆင်၍ အပြီးတွင် အင်မော်တယ် နဂါးမြို့တော်သည် ထပ်ဖန်တစ်ခါ ပြန်၍ နဂိုအခြေအနေသို့ ပြန်ရောက်ခဲ့ပြီ ဖြစ်သည်။ သူသည် ပြီးပြည့်စုံလုနီးပါး ဖြစ်နေ၍ အဆုံးသတ် ပြင်ဆင်မှု အချို့သာ လိုနေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ချင်ဧကရာဇ် ရှီယုက လင်းဖုန်း၏ အကူအညီကို လိုအပ်နေခြင်း ဖြစ်သည်။
လင်းဖုန်းသည် အင်မော်တယ် နဂါးမြို့တော်အား တည်ငြိမ်စွာဖြင့် ကြည့်နေခဲ့ကာ မလိုအပ်သော အရာများကို မပြောခဲ့ပေ။ သူသည် သူ၏နဖူးအား ဖွဖွလေး တို့လိုက်ရာ အဖြူနှင့်အနက် တံဆိပ်တစ်ခုက သူ၏နဖူးပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ဒါသည် ယင်ယန်ပုံရိပ်ဖြစ်၏။ ထိုပုံရိပ်မှနေ၍ ကြည်လင်သော အလင်းရောင်နှင့် သတ်ဖြတ်လိုသော အော်ရာများကို ထုတ်လွှတ်လျှက်ရှိသည်။
ထိုအော်ရာနှင့် ထိတွေ့ခဲ့ရသော အင်မော်တယ် နဂါးမြို့တော်မှနေ၍ မသဲမကွဲ အသံတစ်ခု ပေါ်လာခဲ့သည်။ အဆုံးမဲ့ တံတိုင်းတစ်ခုလုံး တုန်ခါသွားခဲ့၏။ 'အင်မော်တယ်'ဟူသည့် နာမည်နှင့် လိုက်ဖက်ညီစွာ ထိုအလင်းတန်းနှင့် ဆန့်ကျင့်တိုက်ခိုက်နေရင်း အကာအကွယ် စွမ်းအားတစ်ခုသည် တံတိုင်းကြီးအား ဖုံးလွှမ်းသွားခဲ့သည်။
လင်းဖုန်းသည် အင်မော်တယ် နဂါးမြို့တော်၏ အော်ရာကို ခံစားနေခဲ့ရင်း သူ၏နဖူးပေါ်မှ ယင်ယန်ပုံရိပ်သည် ပို၍ တောက်ပခက်ထန်လာခဲ့သည်။ ကမ္ဘာဖျက် သားရဲတစ်ကောင်က နိုးထလာခဲ့ကာ ကမ္ဘာတစ်ခုလုံး တုန်လှုပ်စေအောင် ဟိန်းဟောက်နေသကဲ့သို့ ဖြစ်သည်။