ဂန္တဝင် ဂိုဏ်းချုပ်
စာစဥ် ၂၀ : အပိုင်း ၁၂
အပိုင်း၃၆၂ : ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ
ထိုစကားများကို ကြားခဲ့ရသောအခါ၊ တပည့်များ၏ စိတ်ဓာတ်များသည် ကယောက်ကယက် ဖြစ်သွားကြသည်။ မျက်လုံးအစုံပေါင်း များစွာတို့သည် ခရမ်းရောင်တိမ်တိုက် ဝင်္ကပါကို ထပ်မံသုံးသပ် လိုက်ကြပြီး၊ သူတို့၏ မျက်စိမျက်နှာများသည် ပျက်လာကြ၍ သတိထားသော အမူအရာများ ပေါက်လာကြသည်။
အဖွဲ့သုံးဖွဲ့၏ အဖွဲ့ဝင်တို့၏ အကြည့်များသည် ရှုယွင်စန်း၊ လီရှင်းဖေးနှင့် လျှိုရှဖုန်းတို့၏ အပေါ်တွင် ကျရောက်လာကြသည်။
ရှုယွင်စန်းနှင့် လျှိုရှဖုန်းတို့သည် ဝင်္ကပါကို တိတ်ဆိတ်စွာနှင့် အကဲခတ်နေကြပြီး၊ လီရှင်းဖေးက တိတ်တဆိတ် သက်ပြင်းတစ်ချက် ချလိုက်သည်။ "ဒီဝင်္ကပါထဲကို ဝင်သွားပြီးရင် အဖြစ်နိုင်ဆုံးက၊ သူတပါးတွေနဲ့ အဆက်အသွယ် ပြတ်သွားပြီး ကိုယ့်ဘာသာကိုယ် ရုန်းကန်ရမှာပဲ"
သူမ၏ အသံသည် သိမ်မွေ့ချိုသာလှသော်လည်း၊ အခုအချိန်တွင် သူမ၏ ဘေးနားတွင် ရှိသောသူများ၏ နားထဲတွင် နားဝင်မချိုခဲ့ပေ။
ရှုယွင်စန်းသည် လှည့်လိုက်ကာ တည်ငြိမ်စွာနှင့် ပြောလိုက်သည်။ "ငါတို့က တစ်ယောက်ချင်းစီ မဝင်ပဲနဲ့ အတူတကွ ဝင်သွားကြမယ် ဆိုရင်လည်း၊ ငါတို့ကို ခရမ်းရောင် တိမ်တိုက်တွေက ခွဲခြားလိုက်ပြီး၊ တစ်ယောက်နဲ့တစ်ယောက် အကူအညီ ပေးလို့မရအောင် အဆက်အသွယ်တွေ ဖြတ်ထားလိုက်မှာပဲ"
လူအုပ်ကြီးသည် ထိုအချိန်တွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၍၊ လင်းဖုန်းအား တစ်စိတ်တစ်ဝမ်းတည်း လှမ်းကြည့်လိုက်ကြသည်။
လင်းဖုန်းသည် တည်ငြိမ်စွာနှင့်သာ ရှိနေခဲ့၍၊ တိတ်ဆိတ်ငြိမ်သက် နေခဲ့သည်။ သူ၏ဘေးမှ ဇူရီက ပြောလိုက်သည်။ "အားလုံးက ဝင်္ကပါထဲကို အတူတကွ ဝင်ကြရမယ်။ ဂရန်းမာစတာက ဒီဝင်္ကပါထဲကို လေဟာနယ် စွမ်းအင်တွေ ပေါင်းစည်းထားတယ်။ ဒိုင်မန်းရှင်း တစ်ခုအထဲမှာ လေဟာနယ် အပိုင်းတွေ အများရှိ ရှိနေတယ်"
"ဝင်္ကပါ အထဲကို ဝင်သွားကြတဲ့ လူတိုင်းဟာ၊ သီးသန့်လေဟာနယ် တစ်ခုထဲကို ရောက်သွားလိမ့်မယ်။ မင်းတို့က အဲ့ဒီလေဟာနယ်ထဲမှာ တစ်ယောက်တည်းသောသူပဲ ဖြစ်လိမ့်မယ်။ အဲ့ဒီအတွက်ကြောင့် မင်းတို့က ဝင်္ကပါအထဲက ထွက်နိုင်မလား ဆိုတာက၊ မင်းတို့ကိုယ်တိုင် အပေါ်မှာပဲ မူတည်နေတယ်"
ဆယ်ကျော်သက် တစ်အုပ်စုတို့မှာ ပါးစပ်အဟောင်းသားနှင့်၊ ပင့်သက်ရှိုက်လိုက်ကြသည်။ သူတို့၏ အရှေ့မှ ခရမ်းရောင်တိမ်တိုက် ဝင်္ကပါအား ကြည့်လိုက်ကြ၍၊ သူတို့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများ၊ စိုးရိမ်ပူပန်မှုများ ပေါ်လာကြ၏။
ရှုယွင်စန်းနှင့် လီရှင်းဖေးတို့၏ အမူအရာများသည်လည်း လေးနက်လာကြသည်။ သူတို့သည် အကြားအာရုံ၊ အမြင်အာရုံ စသည်တို့ကိုသာ အကျိုးသက်ရောက်မှု ရှိမည်ဟု ထင်နေကြသော်လည်း၊ လင်းဖုန်း၏ နည်းလမ်းများသည် သူတို့၏ ဉာဏ်မမှီသော နေရာတွင် ရှိနေခဲ့၏။
ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ အတွင်းသို့ ဝင်ရောက်သွားကြမည့် လူတစ်ဦးချင်းစီသည်၊ သီးသန့်လေဟာနယ် အတွင်းသို့ တစ်ယောက်တည်း ရောက်ရှိသွားမည် ဖြစ်သည်။ ထိုနေရာတွင် သူသည် တစ်ယောက်တည်း ရှိနေမည် ဖြစ်၏။
ဇူရီက ဆက်ပြောလိုက်သည်။ "တရားမျှတမှု ရှိစေဖို့အတွက် လေဟာနယ် တစ်ခုချင်းစီတိုင်းမှာ၊ ဝင်္ကပါရဲ့ အနေအထားနဲ့ အရပ်မျက်နှာတွေက တစ်ပုံစံတည်းပဲ ဖြစ်မှာဖြစ်တယ်"
"မင်းတို့မှာ မေးစရာမေးခွန်း မရှိခဲ့ရင်၊ မင်းတို့က စဝင်လို့ရပြီ။ အခုကနေစတင်ပြီး အချိန်ရေတွက်ပြီ - တစ်ရက်"
လူအုပ်ကြီးကို ကြည့်လိုက်ရင်း၊ လင်းဖုန်း၏ နှုတ်ခမ်းတို့သည် ပြုံးယောင်သန်းလာခဲ့သည်။ "မင်းတို့ကို သဲလွန်စတစ်ခု ပေးလိုက်မယ်။ မင်းတို့က စာအုပ်ကြီး အတိုင်းပဲ မစဥ်းစားပဲ လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားပြီး၊ အကန့်အသတ်တွေရဲ့ အထဲကနေ ခုန်ထွက်ရမယ်။ မင်းတို့ရဲ့ နှလုံးသားအတိုင်း စဥ်းစားမယ်ဆိုရင် ပုံရိပ်ယောင်တွေကို ကျော်လွှားနိုင်ပြီး၊ ဒီဝင်္ကပါထဲက ထွက်ဖို့က မခက်ခဲ့ပါဘူး"
ထိုစကားကို ကြားလိုက်ရသောအခါ၊ လူအားလုံးတို့သည် နောက်ထပ်တစ်ခေါက် အတွေးများနှင့် ငြိမ်သက်သွားခဲ့ကြသည်။
အချိန်အတော်ကြီးကြာမှ လျှိုရှဖုန်းသည် ဝင်္ကပါ၏ ဝင်ပေါက်ကို ကြည့်လိုက်ကာ၊ ရုတ်တရက် ရယ်လိုက်သည်။ "သွားကြစို့၊ ငါတို့က ဆရာတွေရဲ့ သင်ကြားမှုကို လိုက်ရှာနေကြတာ၊ ဒီကနေ့အတွက်ပဲ မဟုတ်ဘူးလား?" သူ၏စကား ဆုံးသည်နှင့် သူသည်၊ ဝင်ပေါက်ရှိရာသို့ ခြေလှမ်းကျဲကြီးများနှင့် လျှောက်လှမ်းသွားခဲ့သည်။ သို့သော်လည်း ပုံရိပ်တစ်ခုမှာ သူ့ထက်ပင် လျှင်မြန်နေသေး၏ - ယင်းလော်ရှ။
ဝင်္ကပါ ဝင်ပေါက်အနီးသို့ ရောက်လာခဲ့သော ယင်းလော်ရှသည် သူ၏ခြေလှမ်းကို ခေတ္တရပ်လိုက်ကာ၊ ရှုယွင်စန်းအား လှမ်းကြည့်လိုက်၏။ သူသည် ဘာမှမပြောခဲ့သော်လည်း၊ သူ၏ ရည်ရွယ်ချက်မှာ ထင်ရှားနေသည်။
သူတို့ ဂိုဏ်းအတွင်းသို့ စတင်ကတည်းက ကျင့်ကြံမှု အဆင့်ပင်ဖြစ်ဖြစ်၊ ဇူရီစစ်သော အသေးစား စာမေးပွဲလေးများပင် ဖြစ်ဖြစ်၊ ရှုယွင်စန်းသည် ဒုတိယမျိုးဆက် တပည့်များ အတွင်းတွင် အမြဲတမ်း ပထမရခဲ့သည်။ ထိုအချိန်တွင် ယင်းလော်ရှသည် ရှုယွင်စန်း၏ အနောက်တွင်၊ အနည်းငယ်သာ နောက်ကျကျန်နေခဲ့သည်။
တစ်ခါတရံတွင် သူတို့နှစ်ယောက်စလုံးတို့သည် တစ်ယောက်နှင့်တစ်ယောက် အသာစီး မရပဲ၊ သရေသာ ကျခဲ့သည်။ သို့သော်လည်း ယင်းလော်ရှသည် တစ်ခါမှ ရှုယွင်စန်းအား အနိုင်မရဖူးပေ။
တောရိုင်းလွင်ပြင်များ အတွင်းတွင် ကျင်လည်ကျက်စားလေ့ရှိသော မီးခိုးရောင် ဝံပုလွေ တစ်ကောင်ကဲ့သို့၊ အထီးကျန်ကာ မာနကြီးသော အသားမည်းမည်း အရိုးပြိုင်းပြိုင်းနှင့် ဆယ်ကျော်သက်၏ မျက်စိထဲတွင်၊ ရှုယွင်စန်း တစ်ယောက်သာ သူ၏ပြိုင်ဆိုင်ရန် ထိုက်တန်ပေသည်။ လီရှင်းဖေးနှင့် လျှိုရှဖုန်းတို့ အပါအဝင် ကျန်သောသူများသည်၊ စကားပြောရန်ပင် ထိုက်တန်ခြင်း မရှိပေ။
ယင်းလော်ရှ၏ စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရသော အချိန်တွင်၊ ရှုယွင်စန်းသည် ခါတိုင်းကဲ့သို့ပင် တည်ငြိမ်စွာနှင့် ခေါင်းကိုဖြည်းညင်းစွာ ညိတ်ပြလိုက်သည်။
သူ့အနေနှင့် ယင်းလော်ရှသည် ပြိုင်ဘက်ကောင်း တစ်ယောက်ဖြစ်သည်။ သူ၏ အနောက်တွင် ခြေလှမ်းတစ်ဝက်လောက်သာ နောက်ကျနေခဲ့သော ယင်းလော်ရှ၏ ဖိအားကြောင့်သာ မဟုတ်လျှင်၊ သူသည်လည်း ဤကဲ့သို့ အလျှင်အမြန် တိုးတက်လာနိုင်မည် မဟုတ်ပေ။
ရှုယွင်စန်းသည် သူ၏စိန်ခေါ်မှုအား လက်ခံလိုက်သည်ကို တွေ့ရပြီးနောက်၊ ယင်းလော်ရှသည် အေးစက်စွာနှင့် ပြုံးလိုက်ပြီး အနောက်သို့လှည့်ကာ၊ ခရမ်းရောင်တိမ်တိုက် ဝင်္ကပါအတွင်းသို့ ဝင်သွားခဲ့သည်။
မကျေမနပ် ဖြစ်နေသော တပည့်တစ်ယောက်သည် ရှုယွင်စန်းအား ပြောလိုက်သည်။ "စီနီယာရှု၊ သူ့ကို သင်ခန်းစာလေး ကောင်းကောင်းပေးလိုက်ပါဗျ!"
ရှုယွင်စန်းသည် ဖွဖွလေး ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့၊ ငါကရှုံးမှာ မဟုတ်ပါဘူး" ထိုစကားများကို ပြောလိုက်သော်လည်း ရှုယွင်စန်းသည် နေရာမှနေ မလှုပ်ရှားခဲ့ပဲ၊ နဂိုနေရာမှာပင် ငြိမ်သက်စွာ ရပ်နေခဲ့ကာ ခရမ်းရောင်တိမ်တိုက် ဝင်္ကပါအား မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။
အချိန်အတော်ကြီး ကြာပြီးသွား၍ ကျန်သောသူများ အားလုံးတို့သည် ဝင်္ကပါအတွင်းသို့ ဝင်သွားကြပြီး သွားမှပင်၊ ရှုယွင်စန်းသည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်ကာ အတွင်းသို့ ဝင်သွားခဲ့သည်။
"ဒုတိယ စီနီယာ၊ သူတို့က စီနီယာရဲ့ လက်အောက်မှာ သင်ကြားနေတာဆိုတော့၊ သူတို့ကို စီနီယာက အသိဆုံး ဖြစ်မှာပဲ။ သူတို့အထဲက ပထမဦးဆုံး ထွက်လာနိုင်မယ့်သူက ဘယ်သူများ ဖြစ်မယ်လို့ သင်သလဲဗျ?" ထိုအချိန်တွင် ရှောင်ပုတန်က ဇူရီအား စပ်ဖြီးဖြီးဖြင့် မေးလိုက်သည်။ "ပြီးတော့ တစ်ရက်အတွင်းမှာ လူဘယ်နှစ်ယောက်လောက် အောင်မြင်စွာနဲ့ ထွက်လာနိုင်မယ်လို့ ထင်သလဲ?"
"အထဲကနေ ထွက်လာနိုင်တဲ့သူတွေက လက်နှစ်ဘက်နဲ့ ရေတွက်လို့ရမယ်" ဇူရီက တည်ငြိမ်စွာနှင့် ဖြေလိုက်သည်။ "ဝင်္ကပါထဲကနေ ပထမဦးဆုံး ထွက်လာနိုင်မယ့်သူ အနေနဲ့ကတော့…"
သူသည် ခရမ်းရောင်တိမ်တိုက် ဝင်္ကပါအား တစ်ချက်ကြည့်လိုက်ပြီး၊ "ဆရာ့ရဲ့ ဝင်္ကပါက... ကြည့်ရတာ ရိုးရှင်းပေမဲ့၊ ဟိုတပည့်တွေ အနေနဲ့ဆိုရင်၊ ဒါက ဘက်ပေါင်းစုံကို စစ်ဆေးတာပဲ"
"ပထမ၊ သူက သူတို့ကို စိတ်ဝိညာဥ် စွမ်းအင်နဲ့ ပတ်သတ်တဲ့ စိတ်ခံစားမှု စွမ်းရည်တွေကို စစ်ဆေးတယ်။ ဒါက သူတို့ရဲ့ အရိုးအရင်းမြစ်ကို စစ်ဆေးတာပဲ။ သူတို့ရဲ့ စိတ်အာရုံခံမှု ကောင်းလေလေ၊ စိတ်ဝိညာဥ် စွမ်းအင်တွေရဲ့ လှုပ်ရှားမှုကနေ ဝင်္ကပါရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ အခွင့်အရေး ပိုများလေလေပဲ ဖြစ်တယ်"
"နောက်တစ်ချက်က သူတို့ရဲ့ စိတ်စွမ်းအင်ကို စစ်ဆေးတာ။ သူတို့က ဝင်္ကပါအတွင်းက ကစဥ့်ကလျား ဖြစ်မှုတွေကို၊ စိတ်လှုပ်ရှားမှု ကင်းမဲ့ပြီး တည်ငြိမ်စွာနဲ့ ကြံ့ကြံ့ခံပြီး ရင်ဆိုင်နိုင်ရမယ်။ ဒါမှသာ သူတို့ကို လမ်းမှားပို့နေတဲ့ ပုံရိပ်ယောင်တွေကို ထွင်းဖောက်မြင်နိုင်ပြီး မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာ ဖြစ်တယ်"
"နောက်ဆုံးမှာ သူတို့ရဲ့ အသိဉာဏ်နဲ့ လိုက်လျောညီထွေမှုတွေကို စစ်ဆေးတာ။ တကယ်လို့ သူတို့က ဒီဝင်္ကပါရဲ့ အနောက်မှာ ကွယ်ဝှက်ထားတဲ့ အစစ်အမှန် လျှို့ဝှက်ချက်တွေကို မဖော်ထုတ်နိုင်လို့ရှိရင်၊ နံပါတ်ငါး ဂျူနီယာ ပြောထားတဲ့ အတိုင်းပဲ၊ သူတို့က တစ်ရက်မပြောနဲ့ တစ်သက်လုံးတောင်မှ အထဲကနေ ထွက်လာနိုင်မှာ မဟုတ်ဘူး"
ထိုစကားများကို ပြော၍အပြီးတွင်၊ ဇူရီ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ခုက ပေါ်လာခဲ့သည်။ "ငါက သူတို့ကို နည်းစနစ်တွေ သင်ကြားပေးခဲ့တယ် ဆိုပေမဲ့၊ ငါက သူတို့နဲ့ အချိန်အနည်းသာ ထိတွေ့ခဲ့တာ။ ငါက သူတို့အကြောင်းကို ထဲထဲဝင်ဝင်သိတယ်လို့ မပြောရဲဘူး"
"ငါပြောရဲတာက ဝင်္ကပါအထဲက ပထမဦးဆုံး ထွက်လာနိုင်တဲ့ သူက ရှုယွင်စန်း၊ ယင်းလော်ရှ၊ လီရှင်းဖေးနဲ့ လျှိုရှဖုန်းတို့ လေးယောက်ထဲက တစ်ယောက်ဖြစ်လိမ့်မယ် ဆိုတာကိုပဲ" ခေတ္တမျှ ငြိမ်သွားပြီး သူက ဆက်ပြောလိုက်သည်။ "ငါက ရှုယွင်စန်းနဲ့ ယင်းလော်ရှတို့ကို ပိုထင်တယ်"
သူတို့၏ ဆွေးနွေးနေမှုများကို နားထောင်နေရင်း၊ လင်းဖုန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့ကာ၊ သူ၏ဘေးမှ လေဟာနယ် တစ်ခုဆီသို့လှည့်ကာ ပြောလိုက်သည်။ "နန်းဟွာ၊ ရှီးဟောင်၊ မင်းတို့ရဲ့ အမွေတွေကို ဆက်ခံဖို့၊ တပည့်တချို့ ရွေးဖို့ကို စိတ်ဝင်စားသလား?"
လေထုထဲမှ အက်ကွဲကြောင်းနှစ်ခု ပေါ်လာခဲ့၍၊ ခန်းနန်းဟွာနှင့် မြောင်ရှီးဟောင်တို့ နှစ်ယောက်သား ပေါ်လာကြသည်။ ခန်းနန်းဟွာက ပြုံးလိုက်ကာ ခေါင်းကိုခါလိုက်သည်။ "လူကြီးလူကောင်း တစ်ယောက်က၊ တခြားလူရဲ့ ပစ္စည်းတွေကို မတပ်မက်ရဘူး။ ကျွန်တော်က ဝင်ပါမှာ မဟုတ်ပါဘူး"
မြောင်ရှီးဟောင်ကလည်း ရယ်ရမ်းသွေးလိုက်၏။ "ကျွန်တော်ကလည်း တပည့်တစ်ယောက်ကို သွန်သင်ဖို့ အချိန်နဲ့ စိတ်ဝင်စားမှု မရှိဘူး။ တကယ်လို့ ကျွန်တော်က တပည့်တစ်ယောက်ကို လိုချင်လို့ရှိရင်၊ အမြင့်ဆုံးတောင်ကိုပဲ တက်ရတက်ရ၊ အနက်ဆုံး သမုဒ္ဒရာထဲကိုပဲ ဆင်းရဆင်းရ၊ ကျွန်တော့်ရဲ့ နည်းစနစ်နဲ့ တာအိုတွေနဲ့ အသင့်တော်ဆုံး၊ ကျွန်တော် သဘောအကျဆုံး ကလေးတစ်ယောက်ကို ကိုယ်တိုင်ရွေးချယ်မှာ ဖြစ်ပါတယ်"
ခရမ်းရောင်တိမ်တိုက် ဝင်္ကပါအား ကြည့်လိုက်ကာ၊ သူသည် စိတ်လက်ပေါ့ပါးစွာနှင့် ပြောလိုက်သည်။ "ဒါပေမဲ့ အခုတော့ ကျွန်တော်က အရှင့်ရဲ့ ဝင်္ကပါထဲကနေ ဘယ်သူက ထိပ်ဆုံး ထွက်လာနိုင်မလဲ ဆိုတာကို စိတ်ဝင်စားနေတယ်"
လင်းဖုန်းက ဖွဖွလေး ပြုံးလိုက်သည်။ "ဒါဆိုရင်လည်း စိတ်ရှည်လက်ရှည်နဲ့ စောင့်ကြတာပေါ့"
အခုအချိန်တွင် ကလေးများ အပါအဝင် တပည့် ဒါဇင်ပေါင်း များစွာတို့သည်၊ ဝင်္ကပါအတွင်းသို့ ရောက်နေခဲ့၏။ သို့သော်လည်း လင်းဖုန်း၏ လေဟာနယ် ထိန်းချုပ်ထားမှုတို့ကြောင့်၊ သူတို့ တစ်ယောက်ခြင်းသည် သီးသန့်လေဟာနယ် တစ်ခုစီတွင် ရောက်နေခဲ့သည်။
သူတို့သည် အခြားလူများကို အားကိုး၍ မရနိုင်သောအခါ၊ ကိုယ့်အားကိုယ်ကိုး၍ ကိုယ့်ဒူးကိုယ်ချွန်ကာ၊ ကိုယ့်အင်္ကျီလက်ဝ အတွင်းမှ ဖဲချပ်များကို ကိုယ်ထုတ်သုံးရတော့မည် ဖြစ်သည်။
အချို့သူများသည် ပုံမှန်နည်းလမ်းများဖြင့် ကြိုးစားခဲ့ကြသည်။ သူတို့သည် ဝင်္ကပါမှ လမ်းတိုင်းကို လျှောက်သွားကြည့်ကြပြီး၊ လမ်းဆုံးနှင့် တွေ့သောအခါ ပြန်လှည့်လာ၍ နောက်ထပ် လမ်းကြောင်းတစ်ခုအား ကြိုးစားခဲ့သည်။
လီရှင်းဖေးသည် ထိုနည်းလမ်းကို အသုံးပြုနေသော သူတစ်ယောက်ဖြစ်သည်။ ဝင်္ကပါကြီးမှာ အလွန်ကို ကြီးမားလှသည် ဖြစ်၍၊ သူ၏ အဆုံးအစကို လုံးဝ မြင်တွေ့နိုင်ရခြင်း မရှိပေ။ သူမ၏ စိတ်ရှည်သည်းခံနိုင်မှုမှာ အားကောင်းလှသော်လည်း၊ ထိုကဲ့သို့ မဆုံးနိုင်သော လမ်းပိတ်များနှင့်သာ ကြုံတွေနေရသောအခါ၊ သူမသည် စိုးရိမ်ပူပန်လာခဲ့သည်။
အထူးသဖြင့် အချိန်တစ်ခေါက်တွင် သူမက နဂိုနေရာကို ပြန်လာခဲ့ချိန်တွင်၊ သူမချန်ထားခဲ့သော အမှတ်အသားများသည် ပြောင်းလဲနေသည်ကို သတိထားမိခဲ့သည်။ အကယ်၍ သူမသည် အချိန်မီသာ သတိမထားမိပါက၊ လမ်းမှားသို့ လျှောက်လှမ်းမိမည် ဖြစ်ပြီး၊ ဝင်္ကပါထဲတွင် လုံးဝ မျက်စိလည် လမ်းပျောက်သွားခဲ့မည် ဖြစ်သည်။
လီရှင်းဖေးသည် ထိတ်လန့်စွာနှင့် ပင့်သက်ရှိုက်လိုက်သည်။ သူမ၏ ယခင်က အမှတ်အသားများသည်၊ တစ်ခါမှ မမှားခဲ့ပေ။ အကယ်၍ သူမသည် ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေပြီး သတိလွတ်သွားပါက၊ ဤအခေါက်တွင် ဒုက္ခလှလှ တွေ့သွားနိုင်သည်။
ထိုကဲ့သို့ အမှတ်အသားချန်ထား၍ ခရီးသွားခြင်းသည်၊ တစ်နေရာတွင် အမှားတစ်ခုကို အချိန်မီသာ မတွေ့ခဲ့ပါက၊ တစ်ယောက်သည် အမှတ်အသားအတိုင်း ဆက်လျှောက်သွားလျှင်၊ ပြင်၍ရတော့မည် မဟုတ်ပဲ လမ်းပျောက်သွားမည် ဖြစ်သည်။
သတိကောင်း၍ သေချာစေ့စပ်သော လီရှင်းဖေးသည်၊ ကံကောင်းစွာနှင့် အမှားကို စောစီးစွာ သတိထားမိခဲ့၍ သူမ၏ အမှားများကို ပြင်နိုင်ခဲ့သည်။ သို့သော်လည်း သူမနှင့် နည်းလမ်းအတူတူ ကျင့်သုံးခဲ့သော လူများစွာတို့မှာ၊ သူတို့၏ ပြဿနာများကို အချိန်မီ မပြင်နိုင်ခဲ့ပဲ၊ ဤဝင်္ကပါမှနေ၍ သူတို့ထားခဲ့သော အမှတ်အသားများကို တိတ်တဆိတ် ပြောင်းလဲခဲ့မည်ကို လုံးဝမထင်ထားကြပေ။ နောက်ဆုံးတွင် သူတို့သည် ဝင်္ကပါအတွင်းတွင် မျက်စိလည်ကုန်ကြ၍၊ သူတို့သည် မည်သည့်အရပ်ကို မျက်နှာမူ၍ သွားလာနေကြသည်ကိုပင် သိနိုင်စွမ်း မရှိကြတော့ပေ။
အချိန်ကြာလာသည်နှင့်အမျှ ဝင်္ကပါသည် သူတို့ချန်ထားခဲ့သော အမှတ်အသားများကို ပြုပြင်ပြောင်းလဲရုံနှင့်ပင် မကျေနပ်တော့ပဲ၊ အရှက်ကင်းမဲ့စွာဖြင့် သူတို့ မသွားခဲ့ဖူးသော လမ်းကြောင်းများတွင်ပါ အမှတ်အသား အသစ်များကို မှတ်သားခဲ့လိုက်သည်။ ထို့ကြောင့် တပည့်အချို့တို့သည် လမ်းသေတစ်ခုတွင် ပိတ်မိနေကြကာ၊ ထွက်ပေါက်မပြောနှင့် ဝင်ပေါက်ထံကိုပင် ပြန်လည်မလာနိုင်ကြတော့ပေ။
အချို့သူများသည် အမှတ်အသားချန်ထား၍ ရှာဖွေခြင်း နည်းလမ်းအား အသုံးပြုခဲ့ကြသကဲ့သို့၊ အချို့သူများသည် ပင်ကိုယ်အသိ နည်းလမ်းကို အသုံးပြုခဲ့သည်။ သူတို့သည် သူတို့၏ ဗီဇစိတ်အတိုင်း လျှောက်လှမ်းနေကြ၏။
ဤနည်းလမ်းမှာ ယုတ္တိမတန်သလို ဖြစ်နေခဲ့သော်လည်း၊ ပင်ကိုယ်ဗီဇစိတ်ဖြင့် သွားခြင်းဆိုသည်မှာ၊ အမှန်ဆိုလျှင် ဝင်္ကပါအတွင်းမှ စိတ်ဝိညာဥ်စွမ်းအင်တို့ စီးဆင်းပုံကို အာရုံခံ၍ လမ်းရှာခြင်းဖြစ်သည်။
လျှိုရှဖုန်းသည် ထိုနည်းလမ်းကို အသုံးပြုသူ တစ်ယောက်ဖြစ်သည်။ သူသည် အရှေ့သို့ လျှောက်လှမ်းသွားရတွင်၊ လမ်းဆုံလမ်းခွနှင့် ကြုံတွေ့ရသည့် အချိန်တိုင်း၊ သူသည် သူ၏အာရုံခံ၍ ပေါ်လာသော လမ်းကြောင်းကို တွေဝေနေခြင်း အလျဥ်းမရှိပဲ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
"ဒီနည်းလမ်းက အလုပ်ဖြစ်တယ်ဟ" လျှိုရှဖုန်း၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ယခုအချိန်အထိ လျှောက်လှမ်းခဲ့ရာတွင်၊ အံ့ဩဖွယ် ကောင်းလောက်အောင် သူသည် လမ်းပိတ်တစ်ခုနှင့်မှ မတိုးသေးခဲ့ပေ။ လမ်းဆုံလမ်းခွတိုင်းတွင် သူ၏ ရွေးချယ်မှုသည် လမ်းမှန်ကို ရွေးချယ်နိုင်ခဲ့သည်။
လမ်းပိတ်များနှင့် မတွေ့ကြုံရပဲ မှားယွင်းသော လမ်းကြောင်းများတွင် အချိန်မဖြုန်းရသဖြင့်၊ လျှိုရှဖုန်း၏ တိုးတက်မှုနှုန်းမှာ သူများထက်စာလျှင် မြန်ဆန်သည်ဟု ပြော၍ရသည်။
"ဝင်္ကပါက ဘယ်လောက်ပဲ ကြီးတယ်ပြောပြော၊ အဆုံးမဲ့လောက်အောင် မကြီးမားခဲ့ရင်တော့၊ တစ်နေ့မှာ သူ့ကို ကျော်လွှားအောင်မြင်နိုင်မှာပဲ" လျှိုရှဖုန်းက တွေးနေခဲ့၏။ သို့သော်လည်း လျှောက်လှမ်းနေခဲ့သည်မှာ အချိန်အတော်ကြာ ရှိနေခဲ့ပြီ ဖြစ်သော်လည်း၊ သူသည် အရှေ့သို့ အနည်းငယ်သာ ရောက်နေသေးသည်။ သူသည် လမ်းပိတ်တစ်ခုနှင့်မှ မကြုံတွေ့ခဲ့သော်လည်း၊ ဝင်္ကပါကြီးသည် တကယ့်ကို အဆုံးမဲ့ဟု ထင်နေရ၏။
"ဒီဝင်္ကပါထဲက စိတ်ဝိညာဥ် စွမ်းအင်တွေရဲ့ စီးဆင်းပုံက ငါ့ကို အထင်မှားစေခဲ့တာပဲ" လျှိုရှဖုန်းသည် သူက ခရမ်းရောင်တိမ်တိုက် ဝင်္ကပါ၏ လှည့်ကွက်အတွင်းသို့ ကျရောက်သွားသည်ကို၊ လျှင်မြန်စွာဖြင့် သဘောပေါက်လိုက်သည်။ "ဒီဝင်္ကပါအထဲမှာ လမ်းဆုံလမ်းခွတွေ အများကြီးရှိပြီး၊ ငါက လျှောက်ပြီးသား လမ်းတွေကို ထပ်လျှောက်နေမိတာပဲ ဖြစ်ရမယ်။ ဒါကြောင့် ငါက အရှေ့ကို မရောက်နိုင်တာပဲ။ ငါက ဒီတစ်နေရာထဲမှာ စက်ဝိုင်းပုံစံ ပတ်ပြီးလျှောက်မိနေတာနဲ့ တူတယ်"
သူသည် စိတ်မပျက်သွားခဲ့သလို၊ ဒေါသလည်း ထွက်မလာခဲ့ပေ။ ပေါ့ပျက်ပျက်နှင့် နမော်နမဲ့နိုင်ပုံ ရသော ဆယ်ကျော်သက်သည်၊ အမှန်တွင် အလွန်တည်ငြိမ်သောသူ ဖြစ်သည်။
အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လျှိုရှဖုန်းသည်၊ သူလာခဲ့ရာ လမ်းကြောင်းသို့ ပြန်လှည့်သွားလိုက်သည်။ ယခုအခေါက်တွင် သူသည် အရင်ကထက်ပို၍ ဂရုတစိုက် ရှိနေခဲ့သည်။ သူသည် လမ်းကြောင်းတစ်ခုကို ညွှန်ပြနေသော အလွန်အားကောင်းသည် စိတ်ဝိညာဥ် စွမ်းအင် စီးဆင်းမှု တစ်ခုနှင့် ကြုံတွေ့ခဲ့ရသော အချိန်တွင်၊ ပြောင်းပြန်လမ်းကြောင်းအား ရွေးချယ်ခဲ့သည်။
အချိန်ခဏကြာသွားပြီးသောအချိန်တွင်၊ လျှိုရှဖုန်းသည် ဝင်္ကပါ၏ ဝင်ပေါက်ထံသို့ ပြန်ရောက်လာခဲ့သည်။ သူသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ အနည်းဆုံးတော့ သူသည် ဝင်္ကပါ အတွင်းတွင် လုံးဝ လမ်းမပျောက်သွားခဲ့ပေ။ သို့သော်လည်း သူသည် စတင်၍ စိုးရိမ်ပူပန်လာခဲ့သည်။ သူသည် ဘာအကျိုးမှ မရှိပဲ အချိန်အများကြီးကို ဖြုန်းတီးမိခဲ့ကာ၊ နောက်ဆုံးတွင် စမှတ်ထံသို့သာ ပြန်ရောက်လာခဲ့သည်။
လင်းဖုန်းနှင့် ကျန်သောသူများ ကြည့်ရှုရန်အတွက်၊ လေဟာနယ် တစ်ခုချင်းဆီမှ ပုံရိပ်များသည် လေပေါ်သို့ ထုတ်လွှင့်နေခဲ့သည်။
တပည့်များ၏ အခြေအနေ အသီးသီးကို ကြည့်နေကြခြင်းအားဖြင့်၊ လင်းဖုန်းနှင့် သူ့တပည့်များ အပါအဝင်၊ ခန်းနန်းဟွာနှင့် မြောင်ရှီးဟောင်တို့ကလည်း စိတ်ဝင်တစား ဖြစ်နေကြသည်။ ရှောင်ယန်သည် သူ၏ခေါင်းကို ဆက်တိုက်ခါနေခဲ့ကာ ရယ်ရမ်းသွေးနေခဲ့၏။ "ထင်ထားတဲ့ အတိုင်းပဲ၊ တကယ့်ကို မလွယ်ကူဘူး"
သူ၏ဘေးတွင် ဇူရီသည် ရယ်သံတိုးတိုးလေးဖြင့် ရယ်လိုက်သည်။ "သူတို့နှစ်ယောက်ကတော့၊ ဂိုဏ်းထဲကို စဝင်တဲ့ နေ့ကတည်းက ယှဥ်ပြိုင်နေကြတာပဲ"
သူ၏ အကြည့်နောက်ကို လိုက်ကြည့်ခြင်းအားဖြင့်၊ အားလုံးတို့သည် ရှုယွင်စန်းနှင့် ယင်းလော်ရှတို့၏ ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
ထိုနှစ်ယောက်တို့သည် တိုက်ဆိုင်စွာနှင့်ပင်၊ အရပ်မျက်နှာများကို ရှာဖွေရန် အတွက် တူညီသော နည်းလမ်းတစ်ခုကို ရွေးချယ်ခဲ့ကြသည်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu