ဂန္တဝင် ဂိုဏ်းချုပ်
စာစဥ် ၂၀ : အပိုင်း ၁
အပိုင်း ၃၅၁ : ငါကမင်းကို မထိန်းနိုင်ဘူးလို့ မင်းကထင်နေတာလား?
"ရှီးဟောင်၊ ဘာကိစ္စများလဲ?" ယခုအချိန်တွင် လင်းဖုန်းသည်၊ သူ့အား မည်သို့ကိုင်တွယ်ရမည်ကို အနည်းနှင့်အများ သိနေခဲ့ပြီ ဖြစ်သည်။
သူက ကျီစယ်လာသည့်အချိန်တွင် အကောင်းဆုံး တုံ့ပြန်မှုမှာ၊ သူ၏ပေါက်ကရများကို ပြန်မဖြေပဲ စကားလမ်းကြောင်း ပြောင်းလိုက်ခြင်းသာ ဖြစ်သည်။
သင်သည် မြောင်ရှီးဟောင်နှင့် အငြင်းပွားသည့် အချိန်တွင်၊ သူသည် စကားအစအနကို လိုက်၍ အတင့်ပိုရဲလာကာ ရောင့်တက်လာမည် ဖြစ်သည်။ သင်သည် သူ့အား ဒေါသထွက်လာသည့် အချိန်တွင်၊ သူက သင့်အား ဂရုစိုက်ခြင်းကို ပြသနေသကဲ့သို့ နေကာ၊ သူက ဘာမှမမှားသကဲ့သို့ ဟန်ဆောင်နေမည် ဖြစ်သည်။
ထို့ကြောင့်ပင် ထိုကဲ့သို့ ဖြစ်ရပ်များကို ကိုင်တွယ်ရာတွင် အကောင်းဆုံးမှာ၊ စကားလမ်းကြောင်းကို လေးနက်သော အကြောင်းအရာများသို့ အလျှင်အမြန် ပြောင်းလိုက်ခြင်း ဖြစ်သည်။
မြောင်ရှီးဟောင်သည် ပေါ့ပျက်ပျက်ပုံစံမျိုး ပေါက်နေခဲ့သော်လည်း၊ သူ၏ မျက်လုံးမှတဆင့် လင်းဖုန်းသည် သူ့အား သတင်းတစ်ခု ပေးစရာရှိသည်ကို ခန့်မှန်းနိုင်ခဲ့သည်။
မြောင်ရှီးဟောင်သည် သူ၏နှုတ်ခမ်းများကို တွန့်လိုက်ကာ၊ လင်းဖုန်းအား အနည်းငယ် ဝမ်းနည်းသည့် ပုံစံမျိုးဖြင့် ကြည့်လိုက်သည်။ လင်းဖုန်းသည် သူ၏ တစ်ကိုယ်လုံးမှ ကြက်သီးမွေးညင်းများ ထလာသည်ကို ခံစားလိုက်ရသည်။
"ထျန်းဟောင်နဲ့ ထွမ်းထွမ်းတို့ ဖမ်းခေါ်လာခဲ့တဲ့ မြေခွေးမိစ္ဆာကို ကျွန်တော်ကြည့်ပြီးသွားပြီ" မြောင်ရှီးဟောင်သည် သူ၏ညာလက်ကို မြှောက်လိုက်ကာ၊ ဆွဲဆောင်မှု ရှိလှစွာဖြင့် သူ၏ဆံပင်အား သပ်တင်လိုက်သည်။ "ဒီအမြီးရှစ်ခု မြေခွေးက မိစ္ဆာသခင် စွမ်းအားတွေကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ သူက မီးတောက်မြေခွေးလည်း ဖြစ်တယ်။ သူမရဲ့ အကောင်းဆုံး အချိန်မှာ၊ ကျွန်တော်က သူမရဲ့ ပြိုင်ဘက်မဟုတ်ဘူး"
"ကျွန်တော်က အခြေတည်ဝိညာဥ် နောက်ဆုံး အဆင့်ကို ရောက်ရှိသွားပြီး၊ ကျွန်တော့်ရဲ့ စကြာဝဠာ ပုံသဏ္ဌာန်ကို ဖန်ဆင်းနိုင်မယ်ဆိုရင်တော့၊ ကျွန်တော်က သူမကို တိုက်ခိုက်နိုင်စွမ်း ရှိမယ်"
လင်းဖုန်းက သူ၏ခေါင်းအား ညိတ်လိုက်သည်။ "ထွမ်းထွမ်းရဲ့ အဆိုအရဆိုရင်၊ ဒီမိစ္ဆာရဲ့ နာမည်က ဟူရန်ရန်တဲ့။ သူမက မဟာလွင်တီးခေါင် ကုန်းမြေမှာ နာမည်အတော်ကြီးပြီး၊ သူမကို မီးတောက်မြေခွေး သခင်လို့ ခေါ်ကြတယ်တဲ့။ သူမက အမြီးကိုးခု ကောင်းကင်မြေခွေးရဲ့ အချစ်ဆုံး သမီးပဲ"
မြောင်ရှီးဟောင်သည် သူ၏မျက်ခုံးမွေးများကို ညင်သာစွာနှင့် ဆွဲနှုတ်လိုက်သည်။ "အိုး၊ သူမလား? ကျွန်တော်က ဟူရန်ရန်ဆိုတဲ့ နာမည်ကို ကြားဖူးတယ်။ သူမက လက်ရှိမျိုးဆက်တွေထဲမှာ အထင်ရှားဆုံး မိစ္ဆာတစ်ယောက် ဖြစ်တယ်။ သူမက ကောင်းကင်ကျက်သရေ မဟာပဏ္ဍိတရဲ့ တပည့်ဖြစ်တဲ့ လုံရဲ့နဲ့၊ အဆင့်တစ်ဆင့်ထဲမှာ ရှိနေတယ်"
ပြီးတာနှင့် မြောင်ရှီးဟောင်၏ မျက်နှာသည် ရုတ်ချည်းပင် ပြောင်းလဲသွားခဲ့၏။ သူသည် လင်းဖုန်းအား မိတ်ဆွေမဆန်သော အကြည့်ဖြင့်၊ ခြေဆုံးခေါင်းဆုံး ကြည့်နေခဲ့သည်။
လင်းဖုန်းက သူ့အား ထူးဆန်းစွာဖြင့် ကြည့်လိုက်ကာ မေးလိုက်သည်။ "မင်းကဘာများ လုပ်နေတာလဲ?"
မြောင်ရှီးဟောင်က သူ့အား လေးနက်သည့် မျက်နှာထားနှင့် မေးလိုက်သည်။ "အရှင်၊ အရှင်က ဟိုမြေခွေးမိစ္ဆာကို စွဲမက်နေပြီမလား?"
လင်းဖုန်းက သူ့အား မျက်လုံးပြူးကာ ကြည့်လိုက်သည်။ "အဓိပ္ပာယ် မရှိတာတွေ!"
"အာ? အရှင်က မသိဘူးလား?" မြောင်ရှီးဟောင်၏ မျက်နှာသည် လေးနက်နေသေးသော်လည်း၊ သူ၏ကိုယ်မှာ ပြေလျော့သွားခဲ့သည်။ သို့သော်လည်း သူသည် လင်းဖုန်းအား လေးနက်စွာဖြင့်၊ စိုက်ကြည့်နေဆဲ ဖြစ်သည်။ "အရှင်၊ အရှင်က ဟူရန်ရန်အကြောင်း ဘယ်လောက်သိထားလဲ?"
လင်းဖုန်းသည် သူ၏မျက်ခုံးများကို အနည်းငယ် တွန့်လိုက်ကာ ပြန်ဖြေလိုက်သည်။ "ဒီနေ့အချိန်အထိတော့ ထွမ်းထွမ်းပြောသလောက်ပဲ သိထားသေးတယ်။ ဒီမိစ္ဆာက ဘာများထူးခြားနေလို့လဲ?"
"ဒါက ပြဿနာပဲ.." မြောင်ရှီးဟောင်က တိုးညင်းစွာ ပြောလိုက်သည်။ သို့သော်လည်း သူ၏ခေါင်းကို မော့လိုက်ကာ၊ လင်းဖုန်းအား အမူအရာ ကင်းမဲ့စွာဖြင့် ကြည့်လိုက်သည်။ "ပြဿနာ မရှိဘူး၊ ဘာပြဿနာမှ မရှိပါဘူး။ ဘာမှမဖြစ်ဘူး၊ အရှင်က မသိလေ ပိုကောင်းလေပဲ"
သူက ပြီးတာနှင့် ရေရွတ်နေခဲ့သည်။ "ဒီမြေခွေးမိစ္ဆာက လူပုံဖန်ဆင်းနိုင်လောက်အောင် မတည်ငြိမ်သေးဘူး။ အင်၊ ဒါဆိုရင် ပြဿနာ မရှိပါဘူး။ မသိတာပဲ ကောင်းပါတယ်၊ မသိတာက အမြဲတမ်း ပိုကောင်းပါတယ်"
လင်းဖုန်းသည် သူ၏အရှေ့သို့ လျှောက်လာခဲ့ကာ မေးလိုက်သည်။ "ဘာဖြစ်နေတာလဲ? မသိတာက အမြဲတမ်း ပိုကောင်းတယ်ဆိုတာ၊ ဘာကို ဆိုလိုတာလဲ?'
"ဘာမှမဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး!" မြောင်ရှီးဟောင်သည် ရယ်လိုက်ကာ၊ လင်းဖုန်းသည် တည်ငြိမ်စွာနှင့် သူအားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသောအခါ၊ သူ၏စိတ်ထဲတွင် နောင်တ အနည်းငယ် ရသွားခဲ့သည်။
သူ၏ပါးစပ်သည် တွန့်သွားခဲ့ကာ၊ ရုတ်တရက်ပြောလိုက်သည်။ "အရှင်၊ ကျွန်တော်ဒီကနေ့ လာရတဲ့ အဓိက အကြောင်းရင်းက၊ ဟိုဟင်းလင်းပြင် ဘုရားကျောင်းက အမှိုက်ကောင်တွေကြောင့်ပဲ"
လင်းဖုန်းသည် မြောင်ရှီးဟောင်အား အေးစက်စွာနှင့် စိုက်ကြည့်နေခဲ့သည်။ မြောင်ရှီးဟောင်သည် နဂိုပုံစံအတိုင်း ပေါ့တန်တန် မနေခဲ့ပဲ၊ အလွန်အမင်း လေးနက်သည့်ပုံ ပေါက်နေခဲ့သည်။
ထို့ကြောင့်ပင် လင်းဖုန်းသည်၊ ဤလူဆိုးက စကားလမ်းကြောင်း လွှဲချင်နေသည်ကို သိနေခဲ့ခြင်း ဖြစ်သည်။
"ဘာကိစ္စလဲ၊ ပြောကြည့်လေ" လင်းဖုန်းသည် သူ၏မျက်လုံးများအား ထောင့်ကပ်လိုက်၍၊ ထပ်မမေးတော့ပေ။ ထို့အစား သူသည် မြောင်ရှီးဟောင်အား ဆက်ပြောစေခဲ့သည်။
မြောင်ရှီးဟောင်သည် အသက်ကို ညင်သာစွာ ရှူထုတ်လိုက်ကာ ပြောလိုက်သည်။ "ကျွန်တော်က ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ အတွင်းသတင်း တစ်ခုကို ရခဲ့တယ်။ တာအိုခြေလျှင် ခရီးသည် ပန်ကျဲဟာ ရာထူးအချခံလိုက်ရပြီး၊ အခုအချိန်မှာ ပိုင်ယွင်တောင်မှာ တံခါးပိတ်ပြီး လေ့ကျင့်နေတယ်တဲ့"
သူက အချိန်အနည်းငယ်မျှ ရပ်သွားပြီး ဆက်ပြောလိုက်သည်။ "သူ့ကိုကြည့်ရတာ၊ တစ်ဆို့ကြန့်ကြာနေတဲ့ အတားအဆီးတွေကို ချိုးဖောက်သွားနိုင်ပြီး၊ အခုအချိန်မှာ အင်မော်တယ် ဝိညာဥ် အဆင့်ကို ရောက်အောင် ကြိုးစားနေတယ်နဲ့ တူတယ်!"
လင်းဖုန်းသည် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ "လက်စသတ်တော့ ဒီလိုကိုး.."
ဟင်းလင်းပြင် ဘုရားကျောင်းမှ ဗဟိုတပည့်များသည် သာမန်လူများ မဟုတ်ကြပေ။ အစပထမတွင် ပန်ကျဲသည် ရှကျိုးတိုက်ပွဲတွင် ရှုံးနိမ့်သွားသောအခါ၊ သူ၏ ဂုဏ်သိက္ခာသည် အကြီးအကျယ် ကျဆင်းသွားခဲ့သည်။ သို့သော်လည်း သူ၏ဆုံးရှုံးမှု အတိုင်းအတာ အစစ်အမှန်အား၊ သူတစ်ယောက်တည်းသာ သိပေသည်။
"နောက်ထပ် တာအိုခြေလျှင် ခရီးသည် အသစ်က ဘယ်သူများ ဖြစ်လာမလဲ?" လင်းဖုန်းသည် သိလိုစိတ် ပြင်းပြနေခဲ့သည်။ "ယန့်မင်းရွဲ့က ဒီနေရာကို ဒုတိယအကြိမ် ယူနိုင်မှာ မဟုတ်ဘူး။ သူမက တခြားနည်းနဲ့ အကျိုးအမြတ် ရရှိနိုင်မှာ ဖြစ်ပေမဲ့၊ တာအိုခြေလျှင် ခရီးသည် နေရာကို ထပ်မရနိုင်တော့မှာ သေချာနေတယ်။ သူမဟာ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ သမီးတော် အဖြစ်ကို အခေါ်ခံရဖို့ ပိုပြီးတော့ သင့်တော်တယ်"
မြောင်ရှီးဟောင်သည်လည်း သူ၏ခေါင်းအား သဘောတူစွာဖြင့် ညိတ်လိုက်၏။ သူ၏နှုတ်ခမ်းများအား ကွေးလိုက်ကာ၊ သူသည် ရှိုးတိုးရှန့်တန့် ပုံစံဖြင့် ပြုံးလိုက်သည်။ "အရှင်ပြောတာမှန်တယ်။ ယန့်မင်းရွဲ့က ပိုင်ယွင်တောင်ကို ပြန်တဲ့အခါ၊ သူမက တာအိုခြေလျှင် ခရီးသည် ရာထူးကိုတော့ ပြန်ယူတော့မှာ မဟုတ်ဘူး။ ဟင်းလင်းပြင် ဘုရားကျောင်းက သူမကို ဘယ်လို စီစဥ်ပေးမလဲ ဆိုတာကိုတော့၊ ဘယ်သူကမှ မသိဘူး"
"တာအိုခြေလျှင် ခရီးသည် အသစ်အနေနဲ့ကတော့…" မြောင်ရှီးဟောင်၏ အမူအရာသည် အတန်ငယ် လေးနက်လာခဲ့ကာ၊ ဖြည်းညင်းစွာဖြင့် ပြောလိုက်သည်။ "ဒီကအစ်ကို ရှီးဟောင်က သတင်းတချို့တော့ ကြားထားတယ်။ ဒါပေမဲ့ ဒါက တီးတိုးပြောနေကြတဲ့ စကားတစ်ခုသာ ဖြစ်တယ်"
"တာအိုခြေလျှင် ခရီးသည် အသစ်ဟာ၊ ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ မျိုးဆက်သစ် တပည့်တွေရဲ့ အထဲက မဖြစ်နိုင်ဘူး။ သူက ယန့်မင်းရွဲ့နဲ့ ပန်ကျဲတို့ရဲ့ ဂျူနီယာတွေ မဖြစ်နိုင်ပဲ၊ သူတို့ အုပ်စုထဲက ဒါမှမဟုတ် သူတို့ရဲ့ စီနီယာ တစ်ယောက်တောင် ဖြစ်နိုင်တယ်"
လင်းဖုန်း၏ မျက်လုံးအစုံမှာ တောက်ပလာခဲ့သည်။ "အိုး၊ သူက ရှေ့ဆောင်လမ်းစဥ် ပါတီက ဖြစ်မလား၊ ဒါမှမဟုတ် ကွန်ဆာဗေးတစ် ပါတီကပဲ ဖြစ်မလား?"
မြောင်ရှီးဟောင်သည် သေချာသည့် ပုံစံဖြင့် ပြောလိုက်သည်။ "သံသယ ဖြစ်ဖွယ်ရာ မရှိပဲ၊ ကွန်ဆာဗေးတစ် ပါတီက ဖြစ်လိမ့်မယ်"
လင်းဖုန်းသည် ဘာမှဆက်မပြောခဲ့ပဲ၊ သူ၏ခေါင်းအတွင်းတွင် အတွေးပေါင်း မြောက်မြားစွာ ပေါ်လာခဲ့သည်။ သူ၏နေရာကို ဆက်ခံသူသည် သူ့လိုပင် ရှေ့ဆောင်လမ်းစဥ် ပါတီမှ ဖြစ်ခဲ့ပါမူ၊ ပန်ကျဲ၏ ရာထူးမှ စွန့်လွှတ်မှုသည် သိပ်ပြီးမှ ပြဿနာရှိမည် မဟုတ်ပေ။
ဘာပဲပြောပြော၊ ပန်ကျဲသည် အမှားအယွင်း လုပ်မိသည် မဟုတ်ပေ။ သူသည် သူ၏ အမှားများကို ပြန်လည်ပေးဆပ်သည့် အနေဖြင့်၊ ရာထူးမှ နှုတ်ထွက်သွားသည်နှင့် မတူချေ။ အနည်းနှင့်အများ ဆိုသလို၊ သူသည် ယန့်မင်းရွဲ့၏ ချောက်ချခြင်းကို ခံခဲ့ရပေသည်။
သို့သော်လည်း ယခုအချိန်တွင် ကွန်ဆာဗေးတစ်ပါတီမှ အဖွဲ့ဝင်တစ်ယောက်သည်၊ ပန်ကျဲ၏ နေရာသို့ ဝင်ရောက်ခဲ့ပြီ ဖြစ်သည်။ ဒါသည် ဘာကိုဆိုလိုနေသနည်းဆိုလျှင်၊ ဟင်းလင်းပြင် ဘုရားကျောင်း အတွင်းတွင် ကွန်ဆာဗေးတစ် ပါတီနှင့် ရှေ့ဆောင်လမ်းစဥ် ပါတီတို့က ပဋိပက္ခအကြီးကြီး ဖြစ်ခဲ့ခြင်း၊ သို့မဟုတ် နှစ်ဦးနှစ်ဘက်တို့က အတိုက်အခိုက် ခေတ္တရပ်စဲထားခဲ့ခြင်းတို့ ဖြစ်နိုင်ပေသည်။
လင်းဖုန်းက ပြုံးလိုက်သည်။ "တာအိုခြေလျှင် ခရီးသည် အသစ်ဟာ လျှို့ဝှက်ဆန်းကြယ်တယ် ဆိုပေမဲ့၊ အနှေးနဲ့အမြန် သူက သူ့ကိုယ်သူ ဖော်ပြရမှာပဲ"
မြောင်ရှီးဟောင်က ခေါင်းညိတ်လိုက်သည်။ "အရှင်ပြောတာ မှန်တယ်"
"ဒါဆိုရင် မိစ္ဆာမြေခွေးက…" လင်းဖုန်းက မူလ အကြောင်းအရာကို စကားပြန်စလိုက်၏။
မြောင်ရှီးဟောင်၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ကာ၊ ကောင်းကင်သို့ ကြည့်လိုက်၍ သမ်းဝေလိုက်သည်။ "အရှင်၊ ကျွန်တော်က ဒီရက်ပိုင်းအတွင်း ကောင်းကောင်း မအိပ်ရသေးဘူး။ တစ်ရေးပြန်ပြီး အိပ်လိုက်ဦးမယ်။ စိတ်လျှော့၊ စိတ်လျှော့"
ပြီးတာနှင့် လင်းဖုန်းဘာမှ ပြန်မပြောနိုင်ခင်တွင်၊ သူသည် အဝေးသို့ လျှောက်သွားခဲ့သည်။
အဝေးမှ မြောင်ရှီးဟောင်၏ လှုပ်ခါနေသော ခါးကိုကြည့်လိုက်ရင်း၊ သူသည် အလျင်စလိုပုံမပေါက်အောင် အတင်းထိန်းချုပ်ထားနေခဲ့ကြောင်းကို သတိပြုမိလိုက်သည်။ လင်းဖုန်းသည် ရယ်ချင်စိတ် ပေါက်လာခဲ့ကာ၊ "မင်းကငါ့ကို ဖုံးလို့ရမယ် ထင်နေတာလား? ရှီးဟောင်၊ မင်းက နုပါသေးတယ်"
နောက်ဆုံးတွင် လင်းဖုန်းသည် မြောင်ရှီးဟောင်အား ကိုင်တွယ်ရန်၊ နည်းလမ်းတစ်ခုအား ရရှိသွားခဲ့ပြီ ဖြစ်၍ အမတန်ကိုမှ ပျော်ရွှင်နေခဲ့သည်။ ထို့အပြင် မြောင်ရှီးဟောင် မပြောလည်း၊ သူသည် ဟူရန်ရန် အကြောင်းကို ပို၍သိရှိရန် နည်းလမ်းရှာနိုင်မည် ဖြစ်သည်။
"သူက ဘာကိုများ ဖုံးကွယ်ထားချင်နေတာလဲ?" လင်းဖုန်းသည် ချက်ချင်းပင် စိတ်ဝင်စားလာခဲ့သည်။ သူသည် ထွမ်းထွမ်းအား ခေါ်လိုက်ကာ မေးလိုက်သည်။ "ဟူရန်ရန်နဲ့ ပတ်သတ်ပြီးတော့ မင်းအရင်က ပြောပြထားတဲ့ အချက်အလက်တွေအပြင်၊ ငါသိထားသင့်တဲ့ အချက်တွေ ဘာရှိသေးလဲ?"
ထွမ်းထွမ်းသည် မဟာလွင်တီးခေါင် ကုန်းမြေတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူမသည် မိစ္ဆာကလန်များနှင့် ပတ်သတ်၍၊ မြောင်ရှီးဟောင်ထက် အများကြီး ပိုသိနိုင်ပေသည်။ ထို့အပြင် သူမသည် ကောင်းကင်မြေခွေး မျိုးနွယ်စုနှင့် ဆက်ဆံရေး မကောင်းသဖြင့်၊ ရန်သူအကြောင်းကို ပိုမိုသိရှိနိုင်မည် ဖြစ်သည်။
လင်းဖုန်းစဥ်းစားမိသလောက်ဆိုလျှင်၊ ကောင်းကင်မြေခွေး မျိုးနွယ်စုတို့၏ အကြောင်းကို စုံစမ်းချင်လျှင် မေးမြန်းဖို့ အသင့်တော်ဆုံးသူမှာ ထွမ်းထွမ်းပင် ဖြစ်သည်။
မည်သူက သိထားမည်နည်း၊ ထိုစကားကို ကြားပြီးသောအခါ ထွမ်းထွမ်းသည် မှင်သက်သွားခဲ့၏။ သူမ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့ပြီး၊ လင်းဖုန်းအား အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့သည်။ သူ့အား အထင်သေးစွာဖြင့်ကြည့်၍ ပြောလိုက်သည်။ "ရှင်က ဟန်ဆောင်ထားနေပေမဲ့၊ ရှင်တို့ယော်ကျားတွေ အားလုံးက တစ်ပုံစံထဲပါပဲ!"
လင်းဖုန်းသည် သူမ၏ အပြုအမူကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ သူသည် အခြေအနေကို မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိပဲ၊ ထွမ်းထွမ်းအား လည်ဂုတ်မှ ဆွဲကိုင်ကာ လေပေါ်သို့ မြှောက်လိုက်သည်။ "ကောင်မစုတ်လေး၊ အသားမနာသေးတော့ ကန်းတက်နေတယ်၊ ဟုတ်လား?"
"ငါ့ကိုအောက်ချ၊ ငါ့ကိုအောက်ချ!" ထွမ်းထွမ်းသည် လေထဲတွင် သူမ၏ ခြေထောက်အစုံကို ယက်ကန်ယက်ကန် လုပ်နေ၍၊ အဆက်မပြတ် ရုန်းကန်နေခဲ့သည်။ သူမသည် လင်းဖုန်းအား သံသယများဖြင့် ပြည့်နေသော မျက်လုံးအစုံဖြင့် ကြည့်လိုက်ကာ မေးလိုက်သည်။ "ကျွန်မပြောတာ မှားလို့လား? ရှင်ကလည်း ဟူရန်ရန်ကို စိတ်ဝင်စားနေတယ် မဟုတ်လား? မဟုတ်လို့ရှိရင် ဘာဖြစ်လို့ သူမရဲ့ သတင်းကို ဒီလောက်အထိ စိတ်ဝင်စားနေရတာလဲ?"
"မိစ္ဆာတွေက သူမကို စိတ်ဝင်စားတယ်ဆိုတာ ကျွန်မက လက်ခံနိုင်ပါသေးတယ်။ ဒါပေမဲ့ ရှင်တို့ ယော်ကျားတွေက ဒီလောက်အထိ အသိဉာဏ် တိမ်တာကို မယုံနိုင်ဘူး။ ရှင်တို့အကုန်လုံးက သူမရဲ့ မြူဆွယ်မှုကို ခံနေရတယ်!"
သူမ၏ စကားအား ကြားရသောအခါ၊ လင်းဖုန်းသည် ဒေါသမထွက်သွားခဲ့ပဲ မေးလိုက်သည်။ "မင်းက ခနနေတုံးက 'ရှင်တို့ယော်ကျားတွေ'လို့ ပြောလိုက်တယ်။ ဒါက ဘာကိုဆိုလိုနေတာလဲ?"
ထွမ်းထွမ်းသည် မှင်သက်သွားခဲ့၏။ သူမ၏ ရုန်းကန်နေမှုကို ရပ်လိုက်ကာ၊ လင်းဖုန်းအား စပ်စုစွာဖြင့် ကြည့်လိုက်သည်။ "ဘာလဲ၊ ရှင်က တကယ်မသိဘူးလား?"
လင်းဖုန်းသည် သူမအား အောက်သို့ချလိုက်ကာ ပြုံးလိုက်သည်။ "ငါက သူမရှိနေမှန်းကို မင်းပြောမှသာ သိခဲ့ရတာလေ၊ မင်းမမှတ်မိဘူးလား?"
"ဟုတ်သားပဲ!" ထွမ်းထွမ်သည် သူမနဖူးကို သူမပြန်ရိုက်လိုက်ကာ၊ လင်းဖုန်းအား ကြည့်လိုက်သည်။ "ပြီးတော့၊ ဟူရန်ရန်က အခုအချိန်မှာ အရမ်းကို အားနည်းနေတာဆိုတော့၊ သူမက လူသားပုံစံကိုတောင် မဖန်ဆင်းနိုင်ဘူး။ ရှင်က သူမရဲ့ လူပုံစံကို အရင်က မမြင်ဖူးဘူး မဟုတ်လား?"
ထွမ်းထွမ်းက လေးနက်စွာဖြင့် ပြောလိုက်သည်။ "ဟူရန်ရန်ဟာ မီးတောက်မြေခွေး သခင်မလို့ နာမည်တွင်နေတယ်။ ဒါပေမဲ့ မဟာလွင်တီးခေါင် ကုန်းမြေက မိစ္ဆာအတော်များများဟာ သူမကို 'မြေခွေးအချစ်နတ်မိမယ်'လို့ ခေါ်ကြတယ်။ သူမဟာ မဟာလွင်တီးခေါင် ကုန်းမြေမှာ အားလုံးက သတ်မှတ်ထားတဲ့ အလှပဆုံး နတ်မိမယ်တစ်ပါးပဲ"
"သူမက လိုက်ဖို့အတွက် ချင်းချိုးတောင်ကို လာကြတဲ့ မိစ္ဆာတွေဟာ၊ တောင်တစ်တောင်လုံးကိုတောင်မှ ပြားပြားဝပ်သွားစေနိုင်တယ်"
လင်းဖုန်းက အံ့အားသင့်သွားခဲ့သည်။ "သူမက လုံရဲ့ထက် ပိုလှသလား?"
ထွမ်းထွမ်း၏ နှုတ်ခမ်းအစုံမှာ တွန့်သွားခဲ့သည်။ "ရှင်တို့ လူသားမျိုးနွယ်စုတို့ရဲ့ သတ်မှတ်ချက်အရဆိုရင်၊ သူတို့နှစ်ယောက်က အတူတူလောက်ပဲ။ ဒါပေမဲ့ မိစ္ဆာမျိုးနွယ်စုတို့ရဲ့ သတ်မှတ်ချက်အရဆိုရင်၊ လုံရဲ့ဟာ အသိပညာ ကျောက်စိမ်းသစ်ပင်သာ ဖြစ်တယ်။ သူမဟာ မြေခွေးနဲ့ရော၊ လူသားတွေနဲ့ရော နှိုင်းယှဥ်လို့ မရဘူး"
သူမသည် လင်းဖုန်းအား မျက်လုံးထောင့်ကပ်၍ ကြည့်လိုက်သည်။ "ဟူရန်ရန်က သူမရဲ့ လူသားပုံစံနဲ့ လူသားကမ္ဘာထဲကို လာခဲ့တုံးက၊ မဟာချင် အင်ပါယာရဲ့ အင်မော်တယ် ဝိညာဥ် အဆင့်က မင်းသားတစ်ပါးရဲ့ မျက်စိကျခြင်းကို ခံခဲ့ရဖူးတယ်။ သူမရဲ့ ငြင်းပယ်မှုကို ခံလိုက်ရအပြီးမှာ၊ သူဟာ အင်အားသုံးပြီး အကြမ်းဖက်ဖို့ ကြိုးစားခဲ့တဲ့အတွက်၊ ကောင်းကင်မြေခွေး မဟာပဏ္ဍိတ ကိုယ်တိုင်က လာပြီးတော့ သူမကို ဘေးကင်းစေရန်အတွက် ပြန်ခေါ်ခဲ့ရဖူးတယ်"
"ဒါက မဟာလွင်တီးခေါင် ကုန်းမြေမှာ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သွားပြီး၊ ဟူရန်ရန်ရဲ့ ကျော်ကြားမှုကို ပိုပြီးတော့ ပျံ့နှံ့သွားစေခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူမဟာ မဟာလွင်တီးခေါင် ကုန်းမြေအတွင်းမှာ၊ အကျော်ကြားဆုံး အလှဘုရင်မ ဖြစ်လာခဲ့တယ်"
လင်းဖုန်းသည် သူမ၏ ဇာတ်လမ်းအား နားထောင်၍ အပြီးတွင်၊ စိတ်ဝင်စားစွာနှင့် ပြုံးလိုက်သည်။ "ဒါဆိုရင်တော့ သူမကို ခေါ်လာခဲ့တဲ့အတွက်၊ မင်းကို ကျေးဇူးတင်ရမှာပေါ့"
ထွမ်းထွမ်းသည် အသံတိုးတိုးဖြင့် မသဲမကွဲ ရေရွတ်လိုက်ကာ၊ သူမ၏ခေါင်းကို လှည့်သွားခဲ့သည်။ "ယော်ကျားတွေ အားလုံးက အတူတူတွေချည်းပါပဲ။ အပေါ်ယံဆန်လွန်းတယ်!"
"အထီးတစ်ကောင်နဲ့ မိတ်လိုက်ချင်နေတဲ့ ကောင်မလေး တစ်ယောက်က၊ ငါ့ကို အပေါ်ယံဆန်တယ်လို့ ပြောဖို့အတွက် အခွင့်အရေး မရှိဘူး" လင်းဖုန်းက ပြုံးလိုက်ကာ သူ၏ခေါင်းအား ခါလိုက်သည်။ သူသည် ရင်ထဲမှ တမျိုးကြီး ခံစားလိုက်ရ၍ ကြည့်လိုက်ရာ၊ ရှောင်ပုတန်လေးက သူ့အား ထူးဆန်းသည့် အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူ့အား အရိုအသေ ပေးလိုက်ပြီးနောက်၊ ရှောင်ပုတန်သည် သူ၏ပါးစပ်အား ဟလိုက်ကာ ထူးခြားသည့် လေသံဖြင့် ပြောလိုက်သည်။ "ဆရာခင်ဗျ၊ ဟိုမြေခွေးမိစ္ဆာဟာ ခဏနေကအထိ သေချင်ယောင်ဆောင်နေခဲ့ပြီး၊ အခုအချိန်မှ ရုတ်တရက်ပဲ ဆရာ့ကို တွေ့ချင်တယ်လို့ ပြောလာခဲ့တယ်"
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu