အပိုင်း ၃၅၀ : အခက်ထန် အကြမ်းကြုတ်ဆုံးဓား
လင်းဖုန်းသည် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာ အတွင်းသို့ စရောက်သည့် အချိန်တွင်၊ အထဲတွင် နဂိုကတည်းက ရှိနေကြသည့်သူ သုံးယောက်ရှိသည်။
သူတို့အနက်မှ တစ်ယောက်မှာ၊ အသားဝါဝါ ဝဝကစ်ကစ်နှင့် ကလေးငယ် လပ်ကီးဖြစ်သည်။ လင်းဖုန်းသည် နောက်တွင် လပ်ကီးသည် အရာအားလုံးကို စိုက်ပျိုးနိုင်သည့် အထူးမြေဆီလွှာ တစ်မျိုးဖြစ်သည့်၊ ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံသော စိတ်ဝိညာဉ်နယ်မြေ၏ လူပုံစံ အသွင်သဏ္ဌာန် ဖန်ဆင်းထားခြင်းပင် ဖြစ်ကြောင်း သိခဲ့ရသည်။
သို့သော်လည်း လပ်ကီးအား တစ်ခုခုခိုင်းစေရန်မှာလည်း မလွယ်ကူလှချေ။ လပ်ကီးသည် အကြွင်းမဲ့မီးတောက် ခုနှစ်မျိုးနှင့်သာ အာသာပြေနိုင်သည့်၊ ထူးခြားလှသည့် အစာစားချင်စိတ် ရှိပေသည်။
သူ့အပြင် တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေသည့် သူ့ဘာသာသူ မနားတမ်း စစ်တုရင် ကစားနေသည့်၊ အဘိုးအို တစ်ယောက်လည်း ရှိသည်။ သူ၏ စစ်တုရင်ခုံသည် အတော့်ကို ထူးခြား၍၊ အတွင်းတွင် နောက်ထပ် ဒိုင်မန်းရှင်းတစ်ခု ရှိပေသည်။ သူ၏ စစ်တုရင်ခုံ အတွင်းသို့ ဝင်သွားခဲ့လျှင်၊ တစ်ယောက်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားခဲ့မည် ဖြစ်သည်။
အစပထမတွင် ရှောင်ပုတန်နှင့် ရှောင်ယန်တို့သည်၊ အတွင်းသို့ မတော်တဆ ဝင်ရောက်သွားခဲ့မိသည်။ လင်းဖုန်းသည် သူတို့ကို အပြင်ပြန်ထုတ်ရန်အတွက်၊ အတော်ကြီးကို အားထုတ်လိုက်ရသေးသည်။
နောက်ဆုံးတစ်ယောက်မှာ ဧရာမ ဓားအိမ်ကြီးကို နောက်ကျောပေါ်တွင် ထမ်းထားသည့်၊ ကညာပျိုတစ်ယောက် ဖြစ်သည်။ သူမသည် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာအတွင်းရှိ၊ မဟူရာကောင်းကင် ရတနာသစ်ပင် အသေးစားလေးကို အဆက်ပြတ် လှည့်ပတ်၍ နေပေသည်။
ထိုကညာပျို၏ သေးသေးသွယ်သွယ် ကိုယ်လုံးလေးနှင့် မလိုက်ဖက်စွာ၊ သူမသယ်ဆောင်ထားသော ဓားအိမ်ကြီးသည် မီတာပေါင်း ၂၀-၃၀ခန့် ကြီးမားသည်။ သူသည် တောင်လေးတစ်လုံးနှင့်ပင် တူနေ၏။ ထိုဓားကို သယ်ထားသော ကညာပျိုသည် တောင်တစ်လုံးကို ထမ်းထားသော ပုရွက်ဆိတ် တစ်ကောင်နှင့် တူနေပေသည်။ ရယ်စရာ ကောင်းလှသလို အံ့ဩစရာလည်း ကောင်းလှပေသည်။
ဤအချိန်တွင် ကညာပျိုသည် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ မြေပြင်ပေါ်တွင် အဆက်မပြတ် တုန်ခါနေသော၊ ဧရာမ ဓားအိမ်ကြီး တစ်ခုသာ ကျန်ခဲ့ပေသည်။
ဓားအိမ်အတွင်းမှနေ၍ ကြောက်မက်ဖွယ်ရာ အသံကြီးတစ်ခုက ထွက်ပေါ်နေခဲ့သည်။ အတွင်းမှ တစ်စုံတစ်ရာက ထွက်လာရန် ရုန်းကန်လှုပ်ရှားနေသကဲ့သို့ ဖြစ်နေ၏။
လင်းဖုန်း၏ အမူအရာတို့သည် လေးလံနေခဲ့၍၊ သူသည် ထိုဓားအိမ်ကြီး အနားသို့ လျှောက်သွားခဲ့သည်။ သူ၏ အရှေ့မှ ဧရာမ ဓားအိမ်ကြီးအား ကြည့်လိုက်ကာ၊ အတွင်းမှနေ၍ ရိုင်းစိုင်းကြမ်းကြုတ်သည့် စွမ်းအားတစ်ခုက တုန်ခါနေသည်ဟု ခံစားလိုက်ရသည်။
"ဝေါင်း!"
ဓားအိမ်အတွင်းမှ ရုတ်တရက်ပင် ရှေးပဝေသဏီ ခေတ်ကာလမှ ထွက်ပေါ်လာသော အသံနှင့်တူသော၊ ဟိန်းဟောက်သံ တစ်ခုသည် ရုတ်တရက် ထွက်လာခဲ့၏။ သူသည် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာ၏ အဆုံးမဲ့မြေပြင်အား တုန်ခါသွားစေ၏။ ဧရာမ သားရဲကြီးတစ်ကောင်က ဆောင်းခိုနေရာမှ နိုးထလာသကဲ့သို့ ဖြစ်သည်။
ထိုအော်သံမှနေ၍ ကြောက်မက်ဖွယ် အော်ရာတစ်ခုကို ခံစားလိုက်ရ၍၊ လင်းဖုန်း၏ မျက်လုံးသူငယ်အိမ်တို့သည် ပြူးကျယ်သွားခဲ့သည်။ သူသည် ရက်စက်မှုအပေါင်းကို သရဖူဆောင်းကာ၊ ရပ်တန့်၍မရနိုင်သော သတ်ဖြတ်လိုမှုနှင့် ဖျက်ဆီးလိုမှုတို့နှင့် ပြည့်နှက်နေခဲ့သည်။ ထိုအော်သံသည် ကမ္ဘာကြီးအတွင်းမှ အဆိုးဆုံး ကပ်ဘေးများနှင့် အလားသဏ္ဌာန် တူနေခဲ့သည်။
ဖျက်ဆီးခြင်း၊ အစုအပြုံလိုက် သတ်ဖြတ်ခြင်း၊ ကွပ်မျက်ခြင်း၊ ဖျောက်ဖျက်ခြင်း!
ကောင်းကင်တစ်ခုလုံးမှ အကြမ်းတမ်း၊ အခက်ထန်ဆုံး သားရဲကြီးသည်၊ လှောင်အိမ်အတွင်းမှ လွတ်မြောက်လာ၍ ကမ္ဘာကြီး အတွင်းတွင် ပြန်ပေါ်လာပေတော့မည်!
ဓားအိမ်အပေါ်မှ ချုပ်နှောင်ထားသည့် ယန္တရားများသည် တုန်ခါမှုကြောင့် ပွင့်သွားခဲ့ကာ၊ အေးစက်သော အလင်းတန်း ထောင်ပေါင်းများစွာတို့သည် လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာအတွင်းမှ ကောင်းကင်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ အပြာရောင် အလင်းတန်း တစ်ခုဖြင့် ဖုံးလွှမ်းသွားခဲ့ကာ၊ လူတိုင်း၏ရင်တွင် ကြောက်စိတ်များကို ဖြစ်ပေါ်စေခဲ့သည်။
ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အတွင်းမှ ရတနာသစ်ပင်အောက်တွင်၊ တစ်ချိန်လုံး စစ်တုရင် ကစားနေခဲ့သော အဘိုးကြီးသည် နောက်ဆုံးတွင် တုံ့ပြန်လာခဲ့သည်။ သူ၏ခေါင်းကို မော့ကြည့်လိုက်ကာ၊ ဓားအိမ်ကို စိတ်ခံစားချက် ကင်းမဲ့စွာနှင့် ကြည့်လိုက်သည်။
လပ်ကီးသည် ရတနာ သစ်ပင်၏ အနောက်တွင် ပုန်းနေခဲ့သည်။ သူသည် တစ်ကိုယ်လုံး ဘောလုံးကဲ့သို့ ကွေးထားခဲ့ကာ၊ အဆက်မပြတ် တုန်ခါနေခဲ့၏။
မဟူရာကောင်းကင် ရတနာသစ်ပင်၏ သစ်ရွက်များသည်ပင်လျှင် စတင်တုန်ခါလာကြသည်။ ခြားနားသော ဒိုင်မန်းရှင်းများ အတွင်းမှသာ ခံစား၍ရနိုင်သော ဧရာမ အရာကြီးတစ်ခုသည်၊ သူ၏ ပတ်ဝန်းကျင်မှ ပြောင်းလဲမှုများကို သတိပြုမိသဖြင့် ပေါ်ပေါက်လာခဲ့သကဲ့သို့ ဖြစ်နေ၏။
ဓားအိမ်ကြီးအတွင်းမှ ဧရာမ ဓားကြီးတစ်လက်သည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာပေသည်။
ထိုဓားကြီးတစ်ခုလုံးသည် သံချေးများဖြင့် ပြည့်နေသည်ကို သတိပြုမိလိုက်သဖြင့်၊ လင်းဖုန်းသည် မျက်မှောင်ကြီးအား ကြုတ်မိလိုက်သည်။ ဓားသွားမှစ၍ လက်ကိုင်အထိအောင် သံချေးအထူကြီး တက်နေခဲ့သည်။ သူသည် ဓားတစ်ချောင်းအစား သံချေးတက်နေသော သတ္တုချောင်း တစ်ခုနှင့် တူနေခဲ့သည်။ သူ့တွင် ဓားတစ်ချောင်း ရှိသင့်သော ထက်မြက်မှုမျိုး တစ်စုံတစ်ရာမှ ရှိမနေခဲ့ပေ။
သို့သော်လည်း ထိုသံချေးတက်နေသော ဓားသွားအတွင်းတွင်၊ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားပေသည်။ လင်းဖုန်းသည် ထိုစွမ်းအားများကို၊ ကြယ်တာရာကိုးလုံး ကောင်းကင်ချေမှုန်း ဝင်္ကပါနှင့် ရင်ဆိုင်ရသည့် အချိန်ကသာ ကြုံတွေ့ခဲ့ရဖူးခြင်း ဖြစ်သည်။
ထိုသံချေးတက်နေသော ဓားကြီးသည် ဓားအိမ်အတွင်းမှ သုံးပုံနှစ်ပုံခန့် ထွက်လာသောအခါ၊ လင်းဖုန်းသည် ရင်ထဲမှနေ၍ ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။ မသိစိတ်ကနေ သူသည် ကောင်းကင် အကာအကွယ် ထီးကြီးကို ဖွင့်မိလိုက်၏။
ခဏအကြာတွင် လင်းဖုန်း၏ မျက်လုံးအစုံတို့သည် ပြူးကျယ်သွားခဲ့သည်။ ထိုဓားကြီး၏ နောက်ဆုံး သုံးပုံတစ်ပုံသည်၊ သံချေးလုံးဝ ကင်းစင်နေသည်ကို တွေ့လိုက်ရ၏။ သူသည် တောက်ပသော အလင်းတန်း တစ်ခုဖြင့် ဝင်းလက်နေခဲ့သည်။ ထိုနေရာမှပင် ဓား၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
လင်းဖုန်းထံသို့ မှန်းဆ၍ မရအောင် ထက်မြက်သော အော်ရာတစ်ခုသည် ပြေးဝင်လာခဲ့သည်။ ထိုဓား၏ သုံးပုံတစ်ပုံ အပိုင်းသည် လင်းဖုန်းတွေ့ဖူးသမျှ အရာထဲတွင်၊ အထက်မြက်ဆုံး ဖြစ်သည်။ သူမှနေ၍ ကြောက်မက်ဖွယ်ရာ အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေပြီး၊ ကောင်းကင်ကို ဖြတ်တောက်ကာ ဒိုင်းမန်းရှင်းများကို လှီးဖြတ်နိုင်သကဲ့သို့ ဖြစ်နေခဲ့သည်။
မျက်စိတစ်မှိတ်လေး အတွင်းမှာပင်၊ ဧရာမ ဓားကြီးသည် လင်းဖုန်း၏ အရှေ့သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ကံကောင်းစွာနှင့်ပင် လင်းဖုန်းသည် ကောင်းကင် အကာအကွယ် ထီးကြီးကို အချိန်မီ ဖွင့်နိုင်ခဲ့ပြီး ဖြစ်သည်။ သူ၏လက်ရှိ ကျင့်ကြံမှု အဆင့်နှင့်ဆိုလျှင် ထိုဓားပျံသန်းလာခဲ့သည့် အမြန်နှုန်းကို၊ အချိန်မီ တုံ့ပြန်နိုင်လိမ့်မည် မဟုတ်ပေ။
ဧရာမ ထီးကြီးသည် အဆက်မပြတ် တုန်ခါနေခဲ့၏။ လင်းဖုန်း၏ လက်အတွင်းမှ ထွက်သွားတော့မည့်ကဲ့သို့ ဖြစ်နေခဲ့သည်။ ထီးကြီးမှနေ၍ နားကွဲလုမတတ် စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ဧရာမ ဓားကြီးသည် ထီး၏ခံစစ်ကို မချိုးဖောက်နိုင်ခဲ့ပေ။ သူသည် နောက်ပြန်ဆုတ်သွားခဲ့သော်လည်း၊ လင်းဖုန်း၏ ရင်ထဲတွင် လှုပ်ခါနေဆဲ ဖြစ်သည်။
"ဘာလဲဟ?" လင်းဖုန်းသည် တုန်လှုပ်စွာနှင့် တွေးလိုက်သည်။ "ဒီက ဓားတစ်ချောင်းလုံးရဲ့ စွမ်းအား သုံးပုံတစ်ပုံပဲ ရှိသေးတယ်။ ဒီလောက်အထိ ကြောက်ဖို့ကောင်းနေပြီ။ တကယ်လို့များ သံချေးတွေ အားလုံးကင်းစင်သွားတဲ့ အခါမှာ၊ ဘယ်လောက်အထိများ ကြောက်စရာ ကောင်းလိုက်မလဲ?"
ထိုအချိန်တွင် လင်းဖုန်းသည် ရုတ်တရက် သဘောပေါက်ခဲ့လိုက်သည်။ "ဒီဓားက အမတန်မှ အစွမ်းထက်တဲ့ မှော်ရတနာ တစ်ပါးဖြစ်လိမ့်မယ်။ သူရဲ့စွမ်းအားက ငါနားလည်နိုင်တာထက် ပိုနေပြီး၊ သူ့ကို အပြည့်အဝ မသန့်စင်ရသေးဘူး"
"ဒီဓားကို သယ်ထားတဲ့ ကညာပျိုဟာ ဒီဓားရဲ့ လူပုံဖန်ဆင်းထားတဲ့ စိတ်ဝိညာဉ်ပဲ ဖြစ်ရမယ်။ ရတနာ သစ်ပင်ကို တစ်ပတ်ပြီးတစ်ပတ် ပတ်လျှောက်နေတာဟာ၊ သူမရဲ့ ကျင့်ကြံမှု ပုံစံတစ်မျိုးပဲ ဖြစ်ရမယ်။
ဒါသည် သူ၏ကိုယ်ပိုင် တွေးခေါ်ယူဆချက်သာ ဖြစ်သော်လည်း၊ သူသည် မမှားနိုင်ဟု လင်းဖုန်း၏ စိတ်ထဲတွင် ခံစားနေရသည်။ "အခုအချိန်မှာ ဓားသွားက သုံးပုံတစ်ပုံပဲ သန့်စင်လို့ ပြီးသေးတယ်။ သူမက အလျှင်လိုနေတာလား?"
လင်းဖုန်းသည် ထိုခက်ထန်သော ဓားသွားကို အသေအချာ ကြည့်နေခဲ့ကာ၊ ထိုဓားသွားထိပ်မှ သေးငယ်သော သံချေးစများထဲတွင် မသန့်စင်မှုများသည်၊ ကြည်လင်နေသော ရေအိုင်တစ်ခုနှင့် ရောယှက်နေသည်ကို ရုတ်တရက် တွေ့လိုက်ရ၏။ ကြည့်ရသည်မှာ လွန်စွာပင် စိတ်မသက်မသာ ဖြစ်ဖွယ်ကောင်းလှ၏။
"အာ? ဒါက အခွင့်အရေး တစ်ခုများ ဖြစ်နိုင်မလား?" လင်းဖုန်းသည် ကောင်းကင် အကာအကွယ် ထီးကြီးကို သိမ်းထားလိုက်ပြီး၊ သူ့ကိုယ်သူ တွေးလိုက်၏။
လင်းဖုန်းသည် သူ၏ထီးအား သိမ်းလိုက်သည့် အချိန်တွင်ပင်၊ ဧရာမဓားကြီး၏ သတ်ဖြတ်လိုစိတ်က နောက်တစ်ခါ ပြန်ပေါ်လာခဲ့သည်။ သူသည် လင်းဖုန်းထံသို့ ဦးတည်လိုက်ကာ၊ နောက်ထပ်တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။
လင်းဖုန်းသည် အသက်ပြင်းပြင်း ရှူလိုက်ကာ သူ၏ ညာလက်ကို မြှောက်လိုက်ပြီး၊ ဧရာမ ဓားကြီးထံကို ဆန့်တန်းလိုက်သည်။ ပြီးတာနှင့် သူ၏လက်ချောင်းများကို လက်သီးသဏ္ဌာန် ကွေးလိုက်သည်။
ကောင်းကင်နှင့်မြေကြီး ဖျက်ဆီးခြင်း မှော်ကျိန်စာအား အသက်သွင်းလိုက်ကာ၊ သူ၏ပစ်မှတ်သည် ဧရာမ ဓားကြီး၏ထိပ်မှ မသန့်စင်မှုများပင် ဖြစ်သည်။
လင်းဖုန်း၏ တရစပ် ထိုးနှက်မှုအောက်တွင်၊ ဓား၏ မသန့်စင်မှုများသည် ပျောက်ကွယ်သွားခဲ့သည်။ ဓားသွားထိပ်မှနေ၍ အောက်ဘက်သို့ သုံးပုံတစ်ပုံသည် လုံးဝသန့်စင်သွားခဲ့ကာ၊ အညစ်အကြေး တစ်စက်မှ မရှိတော့ပေ။
ဓားကြီး၏ ကြောက်မက်ဖွယ် အော်ရာနှင့် လူသတ်လိုစိတ်တို့သည် နောက်ထပ်တစ်ဆင့် တက်သွားခဲ့ကာ၊ ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ တစ်ခုလုံးသည် သူ၏ လွှမ်းမိုးခြင်းအား ခံခဲ့ရသည်။
ထိုအချိန်တွင် မဟူရာကောင်းကင် ရတနာသစ်ပင်မှ သစ်ရွက်များသည် အသံများ အော်မြည်ကာ၊ အဆက်မပြတ် တုန်ခါနေကြသည်။ ဓားအလင်းတန်းနှင့် ထိတွေ့ခဲ့သည့် အချို့သစ်ရွက်များမှာ၊ ကြွေပင် ကြွေကျလာကြသည်။
သို့သော်လည်း ခဏအကြာတွင် ထိုအော်ရာသည် ပြန်လည်ငြိမ်သက်သွားခဲ့သည်။ ဧရာမ ဓားကြီး၏ သတ်ဖြတ်လိုက်စိတ်သည် ဖြည်းဖြည်းချင်း လျော့ပါးလာကာ၊ နောက်ဆုံးတွင် လုံးဝ ငြိမ်သက်သွားခဲ့သည်။
ဓား၏ သုံးပုံတစ်ပုံသည် လင်းလက်စွာဖြင့် တောက်ပနေပြီး၊ ကျန်သုံးပုံနှစ်ပုံမှာ သံချေးများဖြင့် ပြည့်နေလျှက်နှင့်ပင် ဓားသည် ဓားအိမ်အတွင်းသို့ ပြန်ဝင်သွားခဲ့သည်။ ပြီးတာနှင့် ဓားအိမ်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဓားသည် ဓားအိမ်အတွင်းသို့ ပြန်ဝင်သွားပြီးသည်နှင့်၊ 'ဒက်'ဆိုသော အသံတစ်ခုအား ကြားလိုက်ရ၏။ ဓားအိမ်အား ချုပ်နှောင်ထားသော ယန္တရားများသည် ပြန်လည်အသက်ဝင်လာကြကာ၊ ဓားအား ဓားအိမ်အတွင်းတွင် ပိတ်ဆို့ထားလိုက်သည်။ သူသည် နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
ထိုအခြင်းအရာကို ကြည့်လိုက်ကာ လင်းဖုန်းသည် ပင့်သက်ရှိုက်လိုက်ကာ ပြောလိုက်သည်။ "ငါ့ရဲ့ ခန့်မှန်းမှုတွေက မှန်နေတာပဲ"
ထိုဧရာမဓားကြီးက ဒေါသထွက်နေရခြင်းမှာ၊ သံချေးကင်းစင်နေသော ဓားသုံးပုံတစ်ပုံ အပိုင်းမှ ကျန်နေသော သံချေးအစ အသေးလေးအား သန့်စင်နေလိုသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန် ခြေလှမ်းအသေးလေး တစ်လှမ်းသာ လိုတော့သည် ဖြစ်၏။
ထိုဓားသည် ဓားအိမ်အတွင်းသို့ ပြန်ဝင်သွားခဲ့သည်နှင့် တပြိုင်နက်၊ ကြောက်မက်ဖွယ်ရာ အော်ရာသည်လည်း ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာသည် ထပ်ဖန်တစ်ခါ တည်ငြိမ်သွားခဲ့သည်။
ဓားအိမ်၏ အပေါ်တွင် တောက်ပသော ချိန်းကြိုးအသစ်များက ပေါ်ပေါက်လာခဲ့သည်။ သူတို့သည် လေထုထဲတွင် တွန့်လိမ်လှုပ်ခါနေကြသည်။ သို့သော်လည်း သူတို့သည် မီတာသုံးဆယ် မြင့်မားသော ဓားအိမ်ကြီးနှင့် ယှဉ်လိုက်လျှင်၊ လွန်စွာပါးလွှာနေကြ၏။ ပိုးမျှင်စလေးများနှင့် တူနေပေသည်။
ဓားလွယ်ထားသည့် ကညာပျိုသည် ထပ်ဖန်တစ်ခါ ပေါ်လာခဲ့ပြန်သည်။ ခါတိုင်းကဲ့သို့ပင် သူမ၏ မျက်နှာသည် အမူအရာ ကင်းမဲ့နေ၏။ သူမ၏ ခန္ဓာကိုယ် တဝိုက်တွင် ချိန်းကြိုးလေးပေါင်း များစွာတို့သည် ရစ်ပတ်လိုက်ကြကာ တင်းသွားကြပြီး၊ ဓားအိမ်ကြီး၏ အလေးချိန်ကို သူမ၏ အပေါ်တွင် တင်ပေးလိုက်သည်။
ထိုကညာပျိုသည် ဓားအိမ်ကြီးအား သယ်ဆောင်ကာ လမ်းဆက်လျှောက်နေစဉ်တွင်၊ သူမ၏ ခြေသံသည် လေးလံစွာနှင့် တစ်ဒုန်းဒုန်း အသံများ ထွက်လာခဲ့သည်။ သူမသည် မဟူရာကောင်းကင် ရတနာသစ်ပင်အား တစ်ပတ်ပြီးတစ်ပတ် ထပ်မံပတ်နေပေတော့သည်။
သူမ၏ ခြေလှမ်းများသည် အလွန်အမင်း လေးလံကာ နှေးကွေးလှ၏။ သို့သော်လည်း ခြေတစ်လှမ်းတိုင်းသည် တည်ငြိမ်နေ၍၊ ရပ်တန့်၍ မရနိုင်သော လှုပ်ခါ၍ မရနိုင်သော ခံစားချက်များ အပြည့်နှင့် ဖြစ်သည်။ တစ်စုံတစ်ယောက်ကမှ သူမအား ရပ်တန့်၍ ရနိုင်မည် မဟုတ်ချေ။
ထိုမြင်ကွင်းအား ကြည့်လိုက်ကာ မဟူရာကောင်းကင် ရတနာသစ်ပင်အောက်တွင် စစ်တုရင် ကစားနေသော အဘိုးအိုသည်၊ သူ၏အကြည့်အား ရုပ်သိမ်းလိုက်ကာ သူ၏အာရုံများကို စစ်တုရင်ခုံပေါ်သို့ ပြန်လည် ပို့ဆောင်လိုက်သည်။
အစောပိုင်းက ရပ်တန့်နေခဲ့သော နယ်ရုပ်များသည် ပြန်လည်ကာ လှုပ်ရှားလာကြသည်။
လပ်ကီးသည်လည်း မဟူရာကောင်းကင် ရတနာသစ်ပင် အနောက်တွင် ပုန်းကွယ်နေရာမှ၊ သတိတကြီးဖြင့် ခေါင်းပြူလာခဲ့ကာ ချောင်းကြည့်လိုက်၏။ ဤကမ္ဘာအတွင်းတွင်း သူနှင့်အတူ နဂိုမူလကတည်းက ရှိနေခဲ့သော ကညာပျိုသည်၊ သူမ၏ ပုံစံအမှန်ကို ပြန်ရောက်သွားသည်ကို တွေ့လိုက်ရသောအခါ၊ သူသည် သစ်ပင်ခြေရင်းသို့ ရောက်လာခဲ့၍ မြေပြင်ပေါ်သို့ လှဲချလိုက်သည်။ ခဏအကြာတွင် တစ်ခေါခေါနှင့် အိပ်ပျော်သွားပေတော့သည်။
လင်းဖုန်းသည် သူ၏ခေါင်းကို ခါလိုက်ကာ ရယ်လိုက်သည်။ သူသည် ဓားလွယ်ထားသော ကညာပျိုအား လှည့်ကြည့်လိုက်ကာ၊ သူ၏ မျက်မှောင်များကို အနည်းငယ် ကြုတ်လိုက်၍ တွေးလိုက်သည်။ "သူမက အနည်းငယ် အသက်ကြီးလာတာပဲ"
ယနေ့မတိုင်ခင်တွင် ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အတွင်းတွင် အချိန်မည်မျှ ပြောင်းသွားပါစေ၊ ထိုဓားလွယ်ထားသော ကညာပျိုသည် တစ်စက်မှ မပြောင်းလဲခဲ့ပေ။ သူမသည် လင်းဖုန်းသူမအား စတွေ့ခဲ့သည့်အတိုင်း၊ ပိန်ပိန်ပါးပါးနှင့် အသက် ၁၁-၁၂နှစ်ထက်ပို၍ ကြီးမလာခဲ့ချေ။
သို့သော်လည်း ယခုအချိန်တွင် သူမ၏ကိုယ်လုံးကိုယ်ပေါက်သည် သိသိသာသာ ကြီးထွားလာခဲ့သည်။ ပိန်ပိန်ပါးပါးသာ ရှိသေးသော်လည်း၊ သူမသည် ၁၄-၁၅နှစ် အရွယ်သို့ ရောက်လာခဲ့ပေသည်။
လင်းဖုန်းသည် အံ့ဩစွာနှင့် စိုက်ကြည့်နေခဲ့သည်။ "စိတ်ဝင်စားစရာပဲ။ ဒါက ဒီကနေ့ အဖြစ်အပျက်နဲ့ သက်ဆိုင်နေမယ် ထင်တယ်။ အခုအချိန်မှာ ဒီဓားကို ကိုင်နိုင်ဖို့ ယုံကြည်ချက် မရှိသေးပေမဲ့၊ ဒီကနေ့မှာ သူ့ကို စိတ်ကျေနပ်အောင် ပြုလုပ်ပေးနိုင်ခဲ့တော့၊ တစ်ချိန်ချိန်မှာ အသုံးဝင်လာနိုင်တယ်ကွ"
လင်းဖုန်းသည် ကောင်းကင်စကြာဝဠာ အလင်းတန်းကမ္ဘာ အတွင်းမှ ထွက်လာခဲ့ရင်း တွေးလိုက်သည်။ "ကောင်းကင် အကာအကွယ် ထီးနဲ့ဆိုရင်၊ ခံစစ်အတွက်တော့ စိတ်ပူနေစရာ မလိုတော့ဘူး။ တကယ်လို့ ဒီဓားကိုသာ ကျင့်ကြံနိုင်ခဲ့မယ် ဆိုရင်၊ ငါ့ရဲ့ တိုက်စစ်စွမ်းအားတွေကလည်း ဆထက်တပိုး တိုးတက်လာမှာပဲ။ ဒါက ငါဦးတည်ရမယ့် မျှော်မှန်းချက်ပဲ။ ပြဿနာက ဘာလိုဆက်ပြီး လုပ်ရမှာ ဆိုတာပဲ?"
ထိုအကြောင်းကို တွေးနေရင်းနှင့် အမွှေးရနံ့တစ်ခုအား ရှူလိုက်ရ၍၊ လင်းဖုန်း၏ နှာခေါင်းတို့သည် တွန့်သွားခဲ့သည်။
"ဒီအနံ့…" လင်းဖုန်း၏ ဦးနှောက်သည် မည်းမှောင်သွားခဲ့၍၊ ရင်ထဲတွင်း တင်းကျပ်ကျပ်ကြီး ခံစားခဲ့ရသည်။ အနောက်ကို လှည့်ကြည့်လိုက်ရာ ရွှေနားကွပ် ပန်းပွင့်ဝတ်စုံအား ဝတ်ဆင်ထားသည့်၊ မိန်းမဆန်စွာ ချောမောလှပသည့် လူရွယ်တစ်ယောက်အား တွေ့လိုက်ရ၏။
သူသည် မြောင်ရှီးဟောင်မှလွဲ၍ မည်သူမှ မဟုတ်ပေ။
"အာ၊ အရှင်က ပြန်ရောက်နေတာ ကျွန်တော့်ကို ဘာဖြစ်လို့ မပြောသလဲ? ကျွန်တော့အသည်းတွေ ကွဲကုန်ပါပြီ!"
သူ့အား တွေ့တွေ့ချင်း ပြောလိုက်သော စကားသည်၊ လင်းဖုန်းက မြောင်ရှီးဟောင်အား မျက်နှာကို လက်သီးဖြင့် ဆွဲထိုးချင်စိတ် ပေါက်သွားစေခဲ့သည်။
Novel : History's Number 1 Founder
Author : August Eagle
Translator : Master Shifu