အပိုင်း-(၁၁)

99.5K 10.7K 706
                                    

"သားက ဖေဖေအသည်းအသန်ဖြစ်တယ်ထင်လို့ စိတ်ပူသွားတာပဲဗျာ"

အိမ်ရောက်မဆိုက် မတွေ့တာကြာပြီဖြစ်သော ဦးသူရိန်ထက်၏ပုခုံးကိုဖက်၍ လင်းထက်သူ အချွဲပိုနေသည်။

"အဖေက သွေးလေးနည်းနည်းတိုးသွားတာပါကွာ....မင်းအမေက လန့်ပြီး ဖုန်းဆက်လိုက်တာ "

"ဘာပဲဖြစ်ဖြစ် သား အိမ်ပြန်လာဖြစ်တာပေါ့ ကိုသူရိန်ရယ်"

"ဟုတ်တယ်....သားလည်းမဟုတ်ရင် မပြန်ဖြစ်ဘူး"

သုံးဆယ်နားကပ်နေသည့် လူပျိုကြီးကို ကလေးလေးတစ်ယောက်လို အချစ်ပိုတတ်သည်မှာ သူ့မိဘများ၏ သဘာဝသာ ဖြစ်သည်။ လင်းထက်သူက တစ်ဦးတည်းသော သား ဖြစ်ပြီး သူတို့လိုချင်တာ အကုန်ဖြည့်ဆည်းပေးခဲ့သော်လည်း ရည်ရွယ်ထားသည့် မိန်းကလေးနှင့် အိမ်ထောင်ရက်သား ချပေးကြချင်သေးသည်။ ဘာမဆို လိုက်လျောသည့် သားဖြစ်သူက ဒီကိစ္စမှာတော့ ဟိုရွှေ့ဒီရွှေ့။ သူ့ရွေးချယ်မှုနှင့် သက်ဆိုင်သော အိမ်ထောင်ရေးကိစ္စဖြစ်သဖြင့် စေ့စပ်ထားရုံတင် သူတို့ကျေနပ်နှင့်ရသည်။

"သား အခန်းထဲသွားနားတော့လေ....မအိပ်ခင် ယမင်းခ လေးကို ဖုန်းဆက်လိုက်ဦးနော်"
 
"ဟုတ်ကဲ့ မေမေ"

လမ်းမှာ ညစာစားခဲ့သည်မို့ သူ ဗိုက်အင့်၍ အိပ်ချင်နေသဖြင့် အခန်းစောစောပြန်ဖြစ်သည်။

ကျယ်ဝန်းလှသော အခန်းကို သူပြန်လာမည်ဆိုသောကြောင့် သေချာပြန်ပြင်ထားသည်။ အခန်းထောင့်ရှိ ဝါးပင်နုနုလေးများက သူငယ်ငယ်ကတည်းက စိုက်ပျိုးတတ်သည်ပင်။ သစ်နံ့၊ဝါးနံ့ ရှင်းရှင်းလေး ရနေသော အခန်းကြောင့် အလိုလိုပြုံးမိသွား၏။

အခန်းပြတင်းပေါက်ကို ဖွင့်လိုက်တော့ လတ်လတ်ဆတ်ဆတ်လေအေးနှင့်အတူ ကလောမြို့၏ ရှုခင်းကို လှမ်းမြင်နေရသည်။ သူတို့အိမ်က ကလောမှာ ချမ်းသာသည့်မိသားစုများထဲပါ၏။ မိသားစုပိုင် နေကြာစိုက်ခင်းများကို ပြတင်းပေါက်မှ တမေ့တမော ငေးမိသည်။
   
ယမင်းခကို ဖုန်းဆက်ရဦးမည် ဟု တွေးနေဆဲမှာပင် တဖက်မှ ဖုန်းဝင်လာပါသည်။

"ဟယ်လို ကိုလင်း....အိမ်ရောက်ပြီလား"

သူမ အသံက တိုးဖျော့ဖျော့နှင့် ညင်သာနေသည်။

Swamping with Intimacy(Season-1)Where stories live. Discover now