အပိုင်း-(၁၀)

107K 11.4K 587
                                    

နင့်နင့်သည်းသည်း စိုက်ကြည့်ခံရသည်တွင် မင်းဆက်ကိုယ်ပေါ်၌ ကြက်သီးမွှေးညင်းများ ထ လာ၏။ တစ်ခုခုပြောချင်သော်လည်း ပါးစပ်က အာစေးကပ်သလို ဘာစကားလုံးမှ ထွက်မလာ။ ခန့်ဦးရှိန်၏ အကြည့်အောက်က မင်းဆက်သည် စိတ်လှုပ်ရှားနေကာ ခြေထောက်များပါ မခိုင်ချင်တော့ပြီ။ မျက်လုံးလွဲထားသော်လည်း စူးစူးဝါးဝါးအကြည့်က သူ့ကိုယ်ပေါ်မှ ရွေ့မသွား။ စိတ်ငြိမ်အောင် အံ ကို တင်းတင်းကြိတ်၍ သူ့အပေါ် လွှမ်းခြုံလျက်ရှိသော အကြည့်ပြင်းပြင်းကို သုံးသပ်နေမိသည်။

အသိစိတ်ကပ်စမ်း သိုက်မင်းဆက်။

"လူ..လူနာ! အဆင်ပြေရဲ့လား"

ထွက်လာသော စကားလုံးတို့မှာ အထစ်ထစ် အ အအ။

မုန့်ခိုးစားတာ လူမိသွားသော ကလေးတစ်ယောက်လို ခန့်ဦးရှိန် ဆတ်ခနဲ တုန်ခိုက်သွားသည်။ အကြည့်ကို ခပ်မြန်မြန်လွှဲကာ ခေါင်းကို ဆတ်ခနဲ ညိမ့်ပြမိ၏။

"ဒီအိမ်က ကိုလွန်းအာကာ ရဲ့ အိမ်မဟုတ်ဘူးလားလို့?"

စိတ်မရှည်သလို ထပ်မေးလိုက်တော့ သူ့ကို ငဲ့ပင်မကြည့်ဘဲ ခေါင်းညိမ့်ပြန်သည်။

"အာကာက ခရီးသွားနေလို့ ငါဒီမှာ ခဏလာနေတာ....။"

"ဪ..."

"မင်းကရော ဒီကို ဘာကိစ္စလဲ?"

အဖြေမရသေးသော မေးခွန်းကို ထပ်မံ၍ မေးလေတော့ ကောင်ငယ်လေးက ပြုံး၍...

"ဓမ္မာရုံက မနက်ဖြန်ည ပဌာန်းရွတ်မှာခင်ဗျ။ ရပ်ကွက်က လူတွေကို ဖိတ်ခိုင်းလိုက်လို့ ကျွန်တော်က လိုက်ဖိတ်ပေးနေတာပါ။"

ပြောသမျှ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေသော်လည်း ခန့်ဦးရှိန်၏ မျက်လုံးက ကျီးကန်းတောင်မှောက်သလို ဟိုကြည့်ဒီကြည့်။

"ခု ကိုလွန်းအာကာကလည်း ခရီးသွားနေတယ်ဆိုတော့ ကျွန်တော် ပြန်လိုက်ပါအုံးမယ် ခွင့်ပြုပါခင်ဗျ..."

"အေး...အေး"

မင်းဆက်က ကျောခိုင်း၍ လှည့်ပြန်ဖို့ပြင်သည်။

ကောင်လေး၏ ကျောပြင်ကို ကြည့်နေလျက်က သူပြောသင့်မပြောသင့် စဉ်းစားနေစဉ်မှာပင် အလိုက်မသိသော ပါးစပ်မှ စကားတစ်ခွန်း လွှတ်ခနဲထွက်သွားသည်။

Swamping with Intimacy(Season-1)Where stories live. Discover now