အပိုင်း-(၂)

Start from the beginning
                                    

"မေ့နေတုန်းပဲ....နောက် သုံးနာရီလောက်ဆိုရင်တော့ သတိပြန်ရမယ်ထင်တယ်"

လူနာကို လှမ်း၍ ကြည့်လိုက်လျှင် ကုတင်ပေါ်တွင် သူမဟုတ်သည့်အတိုင်း အေးဆေးမေ့မြောနေတာ တွေ့ရသည်။ လက်မှ ဒဏ်ရာကို ကြည့်ရန် လူနာကုတင်ဘေးမှ ခုံတွင် သူ လှစ်ခနဲ ဝင်ထိုင်လိုက်၏။

တံတောင်ဆစ်ထိ ခေါက်ထားသော ရှပ်လက်ရှည်ကို လက်မောင်းနားထိရောက်အောင် ကတ်ကြေးဖြင့် ညှပ်လိုက်ရသည်။ သွေးတစိမ့်စိမ့်ထွက်နေသော ဒဏ်ရာက ထင်ထားတာထက် နက်နေလေပြီ။ တအားနာနေမှာကို လူနာ ဘယ်လိုများတောင့်ခံခဲ့လဲ မင်းဆက် မသိချင်တော့။ သွေးတိတ်အောင်လုပ်၊ ဆေးထည့်ပြီး အပ်ဖြင့် သေချာ ချုပ်ပေးနေလိုက်သည်။

သွေးတိတ်သွားမှ လက်မောင်းက Tattoo ကို ထင်ထင်ရှားရှား မြင်ရတော့သည်။ ဒီလူက Tattoo တွေတော့ အတော်များ၏။ ခုနက ရုန်းရင်းဆန်ခတ်ဖြစ်ချိန် တွေ့ခဲ့ရသည်က လည်ကုတ်မှာ တစ်ခု။ ညာဖက် လက်ဖျံမှာလဲ တစ်ခု။ ဘာပုံ​တွေမှန်းတော့ မင်းဆက် သေချာမသိ။

လက်မောင်းနှစ်ဖက်က Tattoo ကတော့ ခပ်ကြီးကြီးဌက်မွှေးပုံများဖြစ်သည်။ ဌက်မွှေးဘေးမှ ပျံ့ထွက်နေသော အမွှေးအပိုင်းအစများကလည်း အနုစိတ်လှသည်။ အသားဖြူဖြူပေါ်မှာ လက်ဝင်စွာ ထိုးနှံထားသော Tattoo သည် ပနံ့သင့်၏။ မင်းဆက် စိတ်ဝင်စား၍ ညာဖက်လက်ဖျံက Tattoo ကို လှမ်းကြည့်မိသည့်အခါ
ကျားကုတ်ရာလို လိုင်းအတွန့်အတွန့်လေးခုလောက်ဖြစ်သည်။ ခန္ဓာကိုယ်က အရာရာတိုင်းဟာ အရှိန်အဝါနှင့် ကြည့်လို့သန့်နေသည်မှာ ကိုခန့်ဦးရှိန် ၏ အားသာချက်ပေ။

လည်ကုတ်ကို လှန်ကြည့်မိပြန်တော့ ပင့်ကူအိမ် အသေးစားက ခန့်ခန့်ထည်ထည်။
ရိုးရိုးဆိုင်က ထိုးထားသည်မဟုတ်ဘဲ သူများနိုင်ငံက နာမည်ကြီး ဈေးကြီးဆိုင်များတွင်သေချာ ထိုးထားသော တန်ဖိုးကြီးTattooများမှန်း သိသာသည်။ Tattoo ဘယ်လောက်များများ လူရမ်းကားပုံမျိုးမပေါ်သည့် ဤလူသည် မေ့မြောနေသော်ငြားက ခန့်ညားစွာ ရှိနေ၏။ ပုံပျက်ပန်းပျက်မဟုတ်။

လက်မောင်းကို ချုပ်စဥ်မှာလည်း သွေးကြောများ ယှက်ဖြာနေသည့် လက်ဖျံတစ်ခုလုံးကို မင်းဆက် အသေအချာ မြင်လိုက်ရသည်။ လက်သည်းခွံကြည်ကြည်များဖြင့် ခိုင်မာစွာ ပြေပြစ်နေသည့် လက်ချောင်းရှည်များကလည်း ကြည့်လို့ ကောင်းစွာ သွယ်ပျောင်းပျောင်း။ သူ့ကို ထိုးလို့ နည်းနည်းပွန်းချင်သည့် လက်ဆစ်များကိုတော့ မင်းဆက် တာဝန်အရ ဆေးထည့်ပေးလိုက်ရသည်။

Swamping with Intimacy(Season-1)Where stories live. Discover now