Chapter- 46(Uni+Zaw)

1.7K 145 38
                                    

Unicode

** နောက်ကြောင်းပြန်ခြင်း **

လွန်ခဲ့သော နှစ်နှစ်....
ကျောင်းပွဲတော်ရက်...
တစ်ကျောင်းလုံးသည် ကျောင်းသားတွေနဲ့ ကြက်ပျံမကျကို အုန်းအုန်းကျွတ်ကျွတ် ဆူညံလျက်ရှိသည်။
ကျောင်းဝန်းတွင်းတွင် မုန့်စျေးတန်းတွေအပြင် အခြား တိုလီမှုတ်စတွေပါ ရောင်းခွင့်ပေးသဖြင့် ကျောင်းသားတွေရဲ့အကြိုက်နဲ့ အံကိုက်ဖြစ်နေ၏။
ဆရာမတွေကလည်း ပွဲတော်နေ့ဆိုတဲ့အတိုင်း ကလေးတွေကို လွတ်လပ်ခွင့်ပေးထားကြပြီး အတန်ငယ်မျှသာ ထိန်းသိမ်းပေးလေသည်။
ထိုသို့သော ရုတ်ရုတ်သဲသဲအခြေအနေတွင် မည်သူမျှသတိမထားမိစွာနဲ့ ကျောင်းရဲ့ ချောင်ကျတဲ့အခန်းတစ်ခုတွင် ရန်ပွဲတစ်ခုအကြီးအကျယ်ဖြစ်ပွားနေ၏။
ရန်ပွဲဆိုတာထက် အနိုင်ကျင့်ပွဲဆိုရငိ ပိုမှန်မည်ထင်သည်။
လူ​ခြောက်ယောက်လောက်ရှိတဲ့ကျောင်းသားတစ်သိုက်သည် သမံတလင်းပေါ်မှာလဲနေတဲ့ကောင်လေးတစ်ယောက်ကို ဝိုင်း လိမ့်ကန်နေကြ၏။
" ခွေးမသား...ဟမ်...တို့ကို လုပ်ထားတာ..ပြန်ခံစမ်း..''
" စောက်သူဌေးသားကများ လေကြီး ဖင်ကျယ်နဲ့...''
သူတို့ ၏ နှုတ်တွေမှလည်း ယုတ်ရင်း ကြမ်းတမ်းစွာ ဆဲဆိုသည့်အပြင် ခြေထောက်တွေက အကန်မပျက်ကြ။
အကန်ခံရတဲ့ကောင်လေးသည် တစ်စက်မှ အော်ဟစ်ညည်းညူခြင်းမရှိဘဲ လူသေအတိုင်း ငြိမ်နေ၏။
ထိုစဉ် အနိုင်ကျင့်နေတဲ့လူတွေထဲက အရပ်အရှည်ဆုံးတစ်ယောက်မှာ ထိုကောင်လေးအား ဂုတ်ကနေ ဆွဲမပြီး မျက်နှာကနေစ၍ ဆေးမှုန့်နီတွေလောင်းချပစ်သည်။
"ကောင်မလေးတွေကြွေနေတဲ့မင်းမျက်နှာ စောက်ရမ်းကြည့်ကောင်းသွားပြီ''
ထိုကောင်လေး၏ မျက်နှာမှာ မည်သူမည်ဝါတောင်မခွဲနိုင်တော့တဲ့အထိ ဆေးနီတွေနဲ့ ပေကျံသွားကာ သူ့အကျီဖြူလည်း အဖြူမဟုတ်တော့ဘဲ အနီရောင်သို့ပြောင်းလဲသွားခဲ့ပြီ။
အရပ်ရှည်ရှည်နဲ့ကျောင်းသားက ထိုကောင်လေးအား သမံတလင်းပေါ် ပြန်တွန်းပစ်ကာ သူ့အဖွဲ့သားတွေနဲ့ အော်ကြီးဟစ်ကျယ်ရယ်နေကြ၏။
သူတို့အထင်က ထိုနေရာတွင် သူတို့ဘဲ ရှိနေသည်ဟု..
သို့သော် မထင်မှတ်စွာပင် အပြင်ဘက်ကနေ အသံတစ်သံက ကျယ်လောင်စွာ ထွက်လာသည်။
" ဟုတ်..ဆရာမ ကျွန်တော် ထားလိုက်မယ်''
တစ်စုံတစ်ယောက်သည် အခြားတစ်ယောက်ကို လှမ်းအော်ပြောကာ ခြေသံက သူတို့အခန်းဆီဉီးတည်လာမှန်း အတိုင်းသားကြားနေရ၏။
အနိုင်ကျင့်နေတဲ့ကျောင်းသားတွေရဲ့မျက်နှာသည် ရုတ်ချည်း ထိတ်လန့်သွားကြသည်။
အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အပြစ်တင်သံတွေထွက်လာ၏။
" ဟေ့ကောင် မင်းပြောတော့ ဒီအခန်းက လုံတယ်ဆို''
" အေးလေ ဒီလိုရက်ကြီးကို ဂီတခန်းထဲ ဘယ်သူက လာပြီး လေ့ကျင့်နေမှာလဲ''
" နေဉီး အဲ့လာတဲ့တစ်​ယောက်ကိုရော မှတ်လောက်သားလောက်အောင်ဆုံးမပေးကြတာပေါ့''
တစ်ယောက်နဲ့တစ်ယောက် တွတ်ထိုးနေခိုက် အခန်းထဲသို့ ပစ္စည်းဖာလေးမပြီး ကျောင်းသားတစ်ဉီးဝင်လာ၏။
ထိုကျောင်းသားသည် အစပိုင်းတော့ သူတို့ကို ကြောင်ကြည့်နေပြီး သမံတလင်းပေါ်လဲနေတဲ့ကောင်လေးကို မြင်မှ သဘောပေါက်သွားဟန်တူသည်။
" ဟေ့ကောင်လေး လုပ်စရာရှိတာလုပ်ပြီးထွက်သွား။
ဒီအကြောင်း သတ္တိရှိရင် ဟကြည့်
ငါတို့နဲ့တွေ့မယ်''
သူတို့ထင်တာက လူအင်အားတောင့်တဲ့ သူတို့အုပ်စုကို ကြည့်ပြီး ထိုကောင်လေး လန့်ပြီး တောင်းပန်လာမယ်လို့။
ကောင်လေးရဲ့အသွင်အပြင်က အရပ်မရှည်တရှည်နဲ့ သူတို့ရဲ့လူကောင်ကြီး​ကြီး​တွေနဲ့ ယှဉ်ရင် ပိန်ပိန်သေးသေးလေးမို့ ခြိမ်းခြောက်လို့ရတယ်လို့ ထင်လိုက်ကြတာဖြစ်သည်။
သို့ပေမဲ့ ထိုကောင်လေးကတှုပ်တှုပ်မျှမလှုပ်ဘဲ လဲနေတဲ့ကောင်လေးကိုတစ်လှည့်၊ သူတို့ကို တစ်လှည့်ကြည့်နေသည်။
ပြီးတော့ ခပ်တည်တည်နဲ့ ထိုအဖွဲ့ကို အရှိုက်ထိစေတဲ့စကားတစ်ခွန်းကို ပြောလိုက်လေ၏။
" လူမမျှလိုက်တာ။
P' တို့က ခြောက်ယောက်၊ ဟိုက တစ်ယောက်တည်း
ရန်ဖြစ်ရင် လူညီမှ ဖြစ်ကြတယ်လို့ကြားတယ်။
အစ်ကို တို့စိတ်ဓာတ်တွေ တော်တော်အောက်ကျတာဘဲ''
ထိုကျောင်းသားတွေရဲ့မျက်နှာသည် မဲပုပ်သွားတော့သည်။
ချက်ချင်းပင် သူတို့မြားဉီးက ထိုကောင်လေးဘက်လှည့်သွား၏။
" ကောင်လေး မင်းတော်တော်အရိုက်ခံချင်တယ်ထင်တယ်''
ထိုကောင်လေးက  ပခုံးတစ်ဖက် တွန့်ပြလာ၏။
သတ္တိရှိရင် စမ်းကြည့်လေ..ဆိုတဲ့အဓိပ္ပါယ်။
ချက်ချင်းပင် ထိုကောင်လေးထံသို့ လက်သီးတစ်ချက်ကျလာသည်။
မည်သူထင်ထားမည်နည်း...
ထိုကောင်လေးက ထိုလက်သီးအား သူ့လက်ထဲက စက္ကူပုံးနဲ့ပြန်ရိုက်အချ နောက်ကလည်း အခြေအနေတွေဝရုန်းသုံးကားဖြစ်ကုန်တော့၏။
အကြောင်းမှာ စောစောက လဲနေတဲ့ကောင်လေးသည် မယုံနိုင်စရာပင် အကောင်းအတိုင်းနဲ့ ကျန်တဲ့ကျောင်းသားတွေကို တဘုန်းဘုန်း၊ချနေတာကြောင့်ပင်။
ခုံတစ်ခုံနဲ့သူ့ကို ချရန်ပြင်နေတဲ့တစ်ယောက်ကို လက်လိမ်ပြီး ဆောင့်ကန်ပစ်သည်မှာ ​ပိရိသေသပ်လွန်းပါ၏။
မ​ကြာပါ...လုပ်ချင်တိုင်းလုပ်ပြီး ဝုန်းဒိုင်းကျဲခဲ့သော ကျောင်းသားတစ်သိုက်ကား ဖရိုဖရဲနဲ့အခန်းထဲက ပြေးထွက်ကုန်တော့သည်။
နောက်ဆုံး အခန်းထဲမှာ ကျန်ခဲ့တာက ကြမ်းပြင်ပေါ် ပံုကျ​နေတဲ့ music notes booksတွေနဲ့အတူ စုတ်ပြဲနေတဲ့ဖာအစုတ်နဲ့ ရပ်နေတဲ့ ကြောင်အမ်းအမ်းဖြစ်နေသည့်ကောင်လေးတစ်ယောက်နဲ့ တစ်ကိုယ်လုံးအနီရောင်ဖြစ်နေပြီး ဆေးနီနဲ့လူရုပ်မထွက်တော့တဲ့ကောင်လေးတစ်ယောက်သာကျန်ခဲ့တော့၏။
အချိန်ငါးစက္ကန့်လောက်ကြာပြီးသည့်အချိန်တွင်တော့ စောစောက ဟိတ်ဟန်အပြည့်နဲ့ စိန်ခေါ်ခဲ့သောကောင်လေးသည် ကြမ်းပြင်ပေါ် ငုတ်တုတ်ထိုင်၍ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာရှာတော့၏။

မင်းကလွဲ၍(မင္းကလြဲ၍)Where stories live. Discover now