အခန်း ၄၂ - အလုပ် ပိုလိုအပ်ခြင်း

11.1K 1.7K 29
                                    

သူချောင်းကြည့်နေတာကို ယန်မင်ရှု မမြင်။ ဦးထုပ်လျှာကို အောက်ဆွဲချပြီး တံခါးကို သော့ခတ်ပြီးနောက် လှေကားကနေ ဆင်းသွားသည်။

ကျိုရှီအန်း ကုန်းပြီး လှေကားထောင့်မှာ ပုန်းနေသည်၊ သက်တောင် မရှူရဲ။ ယန်မင်ရှု တိုက်အပြင်ထွက်သွားတာကို လှေကားခွင်ပြတင်းပေါက်နေ လှမ်းမြင်ရတော့မှ အသက်ရှူနိုင်ပြီး မတ်တပ်ထရပ်ရဲသည်။ သူ့နှလုံးက တဒိန်းဒိန်းခုန်နေသည်။ ပြီးတော့ သော့ခတ်ပိတ်ထားတဲ့ တံခါးကို ကြည့်ရင်း သူ့ရင်ထဲမှာ ရှုပ်ထွေးသွားသည်။

ဘာလို့ ယန်မင်ရှု ဒီမှာပေါ်လာတာလဲ။ ဒီမှာနေတာတော့ မဟုတ်လောက်ဘူး၊ သူရုပ်ဖျက်တာ ဘယ်လောက်တော်တယ်ပဲ ပြောပြော ဒီနေရာကို နေ့တိုင်းအဝင် အထွက်လုပ်နေရင် ပတ်ဝန်းကျင်ကလူတွေ သတိထားမိမှာ သေချာတယ်။ ဘယ်နာမည်ကြီးတွေမှ ဒီလိုလူနေထူထပ်တဲ့ ရပ်ကွက်ဟောင်းမှာ မနေဘူး၊ နေရင်လည်း ပြဿနာအကြီးကြီးတွေ ဖြစ်သွားလိမ့်မယ်။

ဒါပေမယ့် သူ အက်ဆီးဒင့်မဖြစ်ခင် နောက်ဆုံးအကြိမ် ဖုန်းပြောတုန်းက "ခင်ဗျားအိမ်မှာပဲ နေပြီး ခင်ဗျားပြန်လာတဲ့အထိ စောင့်နေမယ်"လို့ ယန်မင်ရှု ပြောခဲ့သည်။ ဒီစကားကို သူ့စိတ်ထဲက ဖျောက်မရဖြစ်နေသည်။

ယန်မင်ရှုပြောသမျှ စကားတိုင်းကို သူရှင်းရှင်းလင်းလင်းမှတ်မိသည်။ စကားပြောတဲ့လေသံနဲ့ စကားလုံးတွေက သူ့ကိုဖောက်ထွင်းပြီး နှလုံးသားအခြေအထိ ဝင်ရောက်သွားတဲ့ ခံစားချက်တွေကိုပါ မှတ်မိသေးသည်။

ယန်မင်ရှု တကယ်ပဲ သူပြန်လာတာကို စောင့်နေတာလား။

ကျိုရှီအန်း အဲ့လိုစဉ်းစားမိပြီး ချက်ချင်း မဖြစ်နိုင်ဘူးလို့ ငြင်းဆန်လိုက်သည်။

သူက သေလူဖြစ်နေပြီ၊ ဘာလို့ ယန်မင်ရှုက သူ့ကိုစောင့်နေမှာလဲ။ လူတွေ ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းရင် ဘဝက အရမ်းခက်ခဲလိမ့်မည်။ ယန်မင်ရှု ဒီနေရာမှာ ပေါ်လာတာက၊ တစ်ခုခုကို ပြန်လာယူတာ ဖြစ်လိမ့်မည်။ ပြောရရင် ယန်မင်ရှုက တစ်နှစ်တောင် သူနဲ့အတူတူ နေခဲ့တာလေ။ ဒီအိမ်က ယန်မင်ရှုရဲ့ ပစ္စည်းတွေနဲ့ ပြည့်နေသည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now