အခန်း ၂၃ - ရိုက်ကွင်းပေါ်က တင်းမာမှုများ

9.8K 1.5K 13
                                    

နောက်နေ့ ကျိုရှီအန်း ကုမ္ပဏီကိုသွားပြီး ချိုင်ဝေ့ကို သွားတွေ့သည်။ မထင်မှတ်ဘဲ ကုမ္ပဏီကို မလာတာ တော်တော်ကြာပြီဖြစ်တဲ့ သူဌေးဝမ်ပါရောက်နေသည်။

အခြေအနေ တော်တော်ဆိုးနေတာများလားလို့ တွေးမိပြီး ကျိုရှီအန်း ရင်ထိတ်သွားသည်။

သူဌေးဝမ်က သူ့မျက်နှာအခြေအနေကိုကြည့်ပြီး သူဘာတွေးနေလဲ ရိပ်မိသဖြင့် ရေနွေးကို ဖြည်းဖြည်းချင်းသောက်ရင်းနဲ့ သူ့ကို လှမ်းပြောသည်။ "အရမ်း စိတ်ပူမနေနဲ့။ ဘာမှမဖြစ်ဘူး။"

ကျိုရှီအန်း စိတ်သက်သာရာ ရသွားသည်။ သူဌေးဝမ်က ယုံကြည်ရတဲ့လူဖြစ်သည်။ သူက ဘာမှမဖြစ်ဘူးလို့ပြောရင် ဘာမှမဖြစ်တာ သေချာသည်။

"ချိုင်ဝေ ငါ့ကို ပြောပြီးပြီးချင်းပဲ ငါ ဝမ်ယုတုန်ကို ဖုန်းလှမ်းဆက်လိုက်တယ်။ ဒါရိုက်တာဝမ်က သူ့ထက် အသက်သုံးဆယ်ကျော်လောက် ပိုကြီးတယ်၊ စီနီယာလည်း ဖြစ်တယ်။ သူ့ရဲ့ ဒေါသကြီးတဲ့အကျင့်က ပြောင်းလို့ရတော့မှာ မဟုတ်ဘူး။ ဒီအဖိုးကြီးက တစ်ခါတစ်လေ မလုပ်သင့်တာတွေ လုပ်တတ်တယ်ဆိုပေမယ့် တကယ် ပါရမီရှိတဲ့လူကြီး။ ဝမ်ယုတုန် သူ့ကို လေးစားသမှုရှိရမယ်။ မနေ့က ငါ ဝမ်ယုတုန်နဲ့ အကြာကြီး စကားပြောဖြစ်တယ်။ သူက ဒါရိုက်တာဝမ်ကို ဒီရက်ပိုင်းအတွင်း ပြန်တောင်းပန်ပါမယ်တဲ့။ ဒါရိုက်တာဝမ်ဘက်ကိုလဲ တခြား investor တစ်ယောက်နဲ့ ပြောခိုင်းထားတယ်။ မနေ့က ရိုက်ထားတဲ့အခန်းကိုလည်း ထည့်မသုံးဖို့ ပြောပြီးပြီ။ အဲ့ဒါကြောင့် စိတ်ပူမနေနဲ့တော့။"

ကျိုရှီအန်း ခါးသက်သက် ပြုံးသည်။ "ကျွန်တော်ဖြင့် လန့်သွားတာပဲ။ ကျွန်တော်က ရိုးရိုး စတန့်သမားလေးပါဗျာ။ ဘယ်သူ့အပေါ်မှ အမှားလုပ်လို့ မဖြစ်ဘူး။"

သူဌေးဝမ်လည်း ပြုံးသည်။ "ဒီနှစ်ယောက်၊ ငါတော့ သူတို့ ဒီကားကို မြန်မြန်ပြီးအောင် ရိုက်ပြီး ငါထည့်ထားတဲ့ ငွေတွေ မြန်မြန်ပြန်ရပါစေလို့ပဲ ဆုတောင်းတယ်၊ ငါ့ကိုလည်း ထပ်ပြီး ဒုက္ခတွေ မပေးပဲနဲ့။ မင်းလည်း ရိုက်ကွင်းပေါ်မှာ သူတို့နှစ်ယောက်ကို စောင့်ကြည့်ထား။ တစ်ခုခုဆို ငါ့ကိုချက်ချင်း လှမ်းပြော။"

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now