အခန်း ၂၉ - ယန်မင်ရှု မိသားစုအကြောင်း သိရှိခြင်း

10.2K 1.4K 66
                                    

နှစ်သစ်ကူး ရုံးပိတ်ရက်ရောက်ခါနီးပြီ။ အခုရက်ပိုင်း ယန်မင်ရှု ပိုပိုပြီး စိတ်မကြည်မလင်ဖြစ်လာတာကို ကျိုရှီအန်း သတိထားမိသည်။ တစ်ခါတစ်လေ စာကြည့်ခန်းထဲမှာပဲ ပိတ်နေတတ်ပြီး တစ်ခါတစ်လေ TVရှေ့မှာ စကားတစ်ခွန်းမှပြောဘဲ အကြာကြီးထိုင်နေတတ်သည်။

တစ်နေ့တော့ သူမနေနိုင်တော့ဘဲ ယန်မင်ရှုကို ဘာဖြစ်တာလဲလို့ မေးမိသည်။ အလုပ်က အဆင်မပြေလို့လား။ တကယ်တော့ နှစ်ကုန်ပိုင်းရောက်လာပြီဆိုတော့ သူလဲ အလုပ်များမှာပေါ့။

ယန်မင်ရှု ဘာလုပ်လဲဆိုတာ သူ လုံးဝမသိ။ ဘဏ္ဍာရေးပိုင်း၊ ရင်းနှီးမြုပ်နှံမှုပိုင်းနဲ့ဆိုင်တဲ့ အလုပ်ဖြစ်ပုံရသည်။ ဒါပေမယ့် အဲဒီ့ကိစ္စတွေကို ကျိုရှီအန်း နားမလည်၊ မေးလည်း မမေးမိ။ ယန်မင်ရှု ဝင်ငွေကောင်းတာနဲ့ အမြဲတမ်း အကောင်းဆုံးဆိုတာတွေကိုသာ ဝယ်တတ်တာကိုပဲ သူသိသည်။ သူတို့နှစ်ယောက်က အိမ်အတွက်ကုန်ကျစရိတ်ကို ခွဲပြီး မျှခံလေ့မရှိ။ ကြုံတဲ့လူက သူကြိုက်တာကို ဝယ်လာတတ်သည်။ သူတို့နှစ်ယောက် ငွေရေးကြေးရေးအကြောင်းကို တစ်ခါမှ အလေးအနက်မထားခဲ့ဖူး။ ယန်မင်ရှုကြောင့် ကျိုရှီအန်းလည်း အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေကို သုံးရသည်။

တဖြည်းဖြည်းနဲ့ နှစ်ကုန်ပိုင်းရောက်လာပြီး အရေးကြီးလာတော့ အလုပ်များလာသည်။ ပုံမှန်ဆို အလုပ်ကိုသွားစရာမလိုတဲ့ ကျိုရှီအန်းတောင် ကုမ္ပဏီနှစ်ပတ်လည်အစည်းအဝေးအတွက် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရအောင် အလုပ်ကို မသွားမဖြစ် သွားနေရသည်။ ယန်မင်ရှုလည်း အလုပ်များနေမယ်လို့ သူထင်သည်။

ယန်မင်ရှု ခေါင်းခါသည်။ "အဆင်ပြေပါတယ်။" ပြီးတော့ အေးဆေးတဲ့မျက်နှာထားနဲ့ အခန်းထဲ ဝင်သွားသည်။

ကျိုရှီအန်းမှာ သူ့ကို ကူညီနိုင်ဖို့ အင်အားမရှိ။

မနက်စောပိုင်းမှာ ကျိုရှီအန်း ကုမ္ပဏီကို ထပ်သွားရသည်။ ချိုင်ဝေက သူ့ကို နှစ်ပတ်လည် အစည်းအဝေးကို အစီအစဉ်ချတဲ့နေရာမှာ ကူလုပ်ခိုင်းသည်။ လောလောဆယ် လုပ်မယ့် ဟော်တယ်နေရာကိုလည်း မသတ်မှတ်ရသေး။ ကျိုရှီအန်း planner ရှိုကျန်နောက်ကို လိုက်ပြီး ဟော်တယ် တစ်ခုပြီးတစ်ခုကို လိုက်ကြည့်ပြီး အဆင်အပြေဆုံး ဟော်တယ်ကို ရှာနေရသည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now