အခန်း ၃၆ - ရန်ပွဲ... ဝမ်ယုတုန်ရဲ့ တောင်းဆိုမှု

12.3K 1.7K 205
                                    

ကျိုရှီအန်း ကားကို အိမ်ပြန်မောင်းလာသည်။

ဒီအိမ်မှာ သူ မွေးကတည်းက နေတာ နှစ်ပေါင်းသုံးဆယ်ရှိပြီ။ အခုတော့ လူတစ်ယောက်ကြောင့် ရက်ပေါင်းများစွာ ဒီအိမ်ကို ပြန်မလာရဲ။

ဒီလူကို သူပဲ အိမ်ကိုခေါ်လာခဲ့တာ၊ အခု သူပဲ ပြန်နှင်ထုပ်ရပြီ။ ယန်မင်ရှုက မောက်မာပြီး မာနကြီးသည်၊ နှင်ထုပ်ခံရတဲ့ ရှက်စရာ ခံစားမှုမျိုးကို သည်းခံနိုင်မှာ မဟုတ်ဘူးလို့ သူထင်သည်။

ယန်မင်ရှု စိတ်ထဲမှာ၊ သူက အိမ်အကူ တစ်ယောက်၊ အိမ်ဖော်အိပ်ဖက်တစ်ယောက်သာ ဖြစ်လိမ့်မည်၊ ရှိရှိ မရှိရှိ အရေးမပါသော အလွယ်တကူ လဲလှယ်နိုင်သော အရာတစ်ခု။

သူ အိမ်ပြန်ရောက်တော့ မီးတွေ ဖွင့်ထားတာ တွေ့ရသည်၊ ယန်မင်ရှု အိမ်ပြန်ရောက်နေပြီ။

ကျိုရှီအန်း အသက်ကို ပြင်းပြင်းရှူပြီး သော့နဲ့ တံခါးကို ဖွင့်လိုက်သည်။

ယန်မင်ရှု ဆိုဖာပေါ်မှာ မတ်မတ်ထိုင်နေရင်း သူ့ကို အေးစက်စက် ကြည့်နေသည်။

ကျိုရှီအန်း အရင်လိုမျိုးပဲ ကုဒ်အင်္ကျီကို ချွတ်ပြီး တံခါးက ချိတ်မှာ ချိတ်သည်၊ ဖိနပ်ကို ခြေညှပ်ဖိနပ် လဲစီးပြီးတော့ သူ့သော့ကို ဖိနပ်ဘီရိုပေါ်ကို တင်သည်။ သူ အိမ်ကို ပြန်ရောက်တဲ့အချိန်တိုင်း လုပ်နေကျ အမူအကျင့်တွေ ဖြစ်သည်။ ယန်မင်ရှု ဒါတွေကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ပြီးပြီ။ သူ့မျက်စိရှေ့မှာ ဒီမြင်နေကျ မြင်ကွင်းကို တွေ့ရတော့ သူတို့နှစ်ယောက်ကြားမှာ ဘာမှ မဖြစ်ခဲ့သလို ခံစားရသည်။ ဒီတိုင်းပဲ ယန်မင်ရှုက ကျိုရှီအန်းထက် အရင် အိမ်ပြန်ရောက်နေသလိုမျိုးပဲ။

ကျိုရှီအန်း သူ့ဘဝရဲ့ အကြီးမားဆုံး အာရုံစူးစိုက်မှုကြီးကို သုံးပြီး အပေါ်ယံမှာ တည်ငြိမ်နေသလို ဖြစ်အောင် ထိန်းထားသည်။ သူ လမ်းလျှောက်လာပြီး အခန်းထဲကို ကြည့်ရင်း ဘာမှ မဖြစ်သလို ပြောသည်။ "မင်း ပစ္စည်းတွေ အခုထိ မသိမ်းရသေးဘူးလား။ ကိုယ် ကူသိမ်းပေးမယ်။"

ယန်မင်ရှုရဲ့ မျက်လုံးတွေ အကြီးအကျယ်ပြောင်းလဲသွားသည်။ သူ ဆိုဖာပေါ်ကနေ ချက်ချင်းထပြီး ကျိုရှီအန်း အင်္ကျီကော်လံကို ဆွဲပြီး လက်သီးကို မြှောက်ပြီး ထိုးဖို့ရွယ်သည်။

လူစားထိုး သရုပ်ဆောင် (translation, unicode)Where stories live. Discover now