အပိုင်း(၁၇၂) အဆောင်ကလည်း နည်းတာကြီးမဟုတ်ဘူး

133 28 1
                                    


 ဖန်းကျန့်မှာ မသိကျိုးကျွံလိုက်ပြီးနောက် “ဒကာဝမ် တကယ်လို့ ရေသောက်ချင်တယ်ဆိုရင် မီးဖိုချောင်ကို သွားပြီးတော့ တစ်ခွက်လောက် သွားခပ်သောက်လိုက်ပါ။ ကိုယ်‌တော် အဆောင် တစ်ခုနှစ်ခုလောက် ဆွဲလိုက်ပါဦးမယ်။”

   “အင်းပါ၊” ဝမ်ရိုကွေ့မှာ မီးဖိုချောင်ထဲသို့ ဒရောသောပါး ပြေးထွက်သွားလေတော့၏။ 

 ဖန်းကျန့်က မှင်တုံးကိုထုတ်ယူလိုက်ပြီးနောက် အဝါရောင်စက္ကူကို ခေါက်လိုက်၏။ စက္ကူကို ဓားပါး (သို့မဟုတ်) ကတ်ကြေးမပါဘဲနှင့် သူ ညီညီညာညာပိုင်းဖြတ်တတ်ပေသည်။ စာရွက်ပိုင်းကို ဖြဲလိုက်ပြီးနောက် ခေါက်ရာတစ်ခုမှ မထင်ဘဲ မျဉ်းဖြောင့်တစ်ကြောင်းသာ ကျန်ရစ်ပေသည်။ အဝါရောင်စက္ကူကို ပြင်ဆင်ပြီးသွားသောအခါ ဖန်းကျန့်သည် မှင်တုံးကို သွေးပြီးလျှင် ဟင်္သာပြဒါးနှင့် ရောလိုက်၏။ သူ့ စုတ်တံကို မှင်ထဲသို့ နှစ်ပြီးနောက် သက်ပြင်းတစ်ချက်ရှုလိုက်ကာ ရုတ်ခြည်းဆိုသလို သူ့ တစ်ကိုယ်လုံး မည်သူမျှ မထိပါးနိုင်သော ဗုဒ္ဓတစ်ပါးအဖြစ်သို့ ကူးပြောင်းသွားသယောင် ထင်ရပေသည်။ 

    အာရုံစူးစိုက်ထားသော သူ့မျက်ဝန်းကား တောင်တစ်လုံးကဲ့သို့ တည်ငြိမ်လှပေသည်။ ထို့နောက် သူ၏ စုတ်တံကို အောက်သို့ စိုက်ချလိုက်၏။  ထိုအခါ သူ့စုတ်ချက်တို့ထဲ နဂါးများ၏ ဟိန်းသံများ၊ မိုးကြိုးလျှပ်စီးများ လိုက်ပါစီးဝင်နေသယောင်။

    သူစိတ်ကူးလိုက်သည်နှင့်စုတ်တံက စတင်လှုပ်ရှားလာ၏။ စုတ်တံသည် နတ်နဂါးတစ်ကောင်ပမာ ဝေ့ဝဲလှုပ်ရှားနေပြီး တစ်မိနစ်အတွင်း အလွန် ရှုပ်ထွေးသော အဆောင်အင်းတစ်ခုကို သူရေးဆွဲပြီးသွားချေပြီ။ ထို့နောက် သူစုတ်တံကို ပြန်လည်ပင့်တင်လိုက်သောအခါ အဆောင်စာရွက်မှာ အဝါရောင် အလင်းတန်းများက ပုံရိပ်ယောင်တစ်ခုအလား ဝေဝေဝါးဝါး တောက်ပနေတော့၏။ 

   ဖန်းကျန့်က ထိုအချက်ကို လုံးဝအာရုံမစိုက်ပေ။ စုတ်တံကို အောက်သို့ချပြီးသည်နှင့် ခုံကို ဘန်းခနဲ ရိုက်လိုက်ရာ အဝါရောင် အဆောင်စာရွက်က လေပေါ်သို့ လွင့်မျောသွား၏။ ထို့နောက် သူ၏ လက်တစ်ဖက်ကို ဆန့်တန်းလိုက်ရာ လေတိုးသံများ ထွက်ပေါ်လာ၏။ သူသည် အဆောင်စာရွက်ကို ဆဌဂံပုံ ခေါက်လိုက်ပြီးလျှင် ထိုစာရွက်ကို ဆီစိမ်စက္ကူထဲတွင် ခေါက်သိမ်း၍ မှင်တုံးများကို သိမ်းဆည်းလိုက်ပြီး ဝမ်ရိုကွေ့ကို စောင့်ဆိုင်းလိုက်၏။ 

ဗုဒ္ဓစနစ်(၂)Where stories live. Discover now