အပိုင်း(၁၅၆) စကားကြီးစကားကျယ်

173 33 0
                                    


ထိုခဏ၌ သူ့ခေါင်းထဲသို့ သောင်းပြောင်းထွေလာအရာများ လောင်းထည့်ခံလိုက်ရသည်ကို ဖန်းကျန့်ခံစားရ၏။ ထို့နောက် သူ့နှုတ်မှာလည်း သူ့အပိုင်မဟုတ်တော့။ တလှုပ်လှုပ် တရွရွဖြစ်လာသော လျှာကိုလည်း ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားကော သူပင် တစ်ခါမျှ မကြားဖူးသော သုတ္တန်ကျမ်းကို စတင်​ဖွင့်ဆိုရှင်းလင်းလေတော့၏။

ဖန်းကျန့် ထိုမျှ စကားများများပြောနိုင်လိမ့်မည်ဟု ရီရှင်းမယုံကြည်။ သူတို့အသက်အရွယ်က မတိမ်းမယိမ်း၊ သူထက် ဆပေါင်းများစွာ သာလွန်လိမ့်မည်ဟု သူမယုံ။ ဖန်းကျန့် စကားဟလာသည့်နောက် သူပါးစပ်အဟောင်းသားဖြစ်သွားတော့၏။

ဖန်းကျန့်ပြောဆိုနေသည်က သက္ကတဘာသာ၊ ဂီတသံတမျှ အသံသာသော  သက္ကတစကားသံပင်တည်း။ ဤကား စကားပြောနေခြင်းမဟုတ်၊ တေးသီကြူးနေခြင်းသာဖြစ်တော့သည်။ ကျယ်လောင်သော်ငြား နားမငြီးစေ။ အသံ၌ အတိုင်းအဆမဲ့သော တရားမျှတမှုကိန်းအောင်းလျက်၊  တစ်ခဏ၌ သူ့နှလုံးအိမ်ထဲရှိ နှင်းမြူတိမ်တိုက်တို့ကို အရပ်ရှစ်မျက်နှာသို့ ခွဲခြားပစ်လိုက်၏။ ယခင်က ရှိခဲ့သော အတ္တဟူသမျှ ရှင်းလင်းသုတ်သင်ခံလိုက်ရချေပြီ။

 ရီရှင်း၏ မျက်လုံးအစုံမှာ ထိတ်လန့်မှုဖြင့် ပြည့်နှက်လျက်။ ငယ်စဥ်အခါကပင် ဟောင်ကျိမှ သူ့ကို တရားပွဲများသို့ ခေါ်သွားလေ့ရှိသည့်တိုင် ထိုသို့ဟောကြားပို့ချပုံမျိုး တစ်ခါမျှပင် မကြားခဲ့ရဖူး။

သက္ကတစကားကို ရီရှင်းနားမလည်၊ သို့သော် ဖန်းကျန့်ပြောသမျှ သူနားလည်နေသည်မှာ ၎င်းပြောဆိုနေသည်က တရုတ်ဘာသာစကားဖြစ်သည့်နှယ်။ သို့တိုင် တရုတ်သာဘာကဲ့သို့ မခံစားရဘဲ သတ္တလောကရှိ သက်ရှိအပေါင်းနားလည်နိုင်သော ဘာသာစကားတစ်ခုအလားရှိသည်။ ဗုဒ္ဓဘာသာတရား၏ နှစ်လိုဖွယ်ကျက်သရေကိန်းဝပ်နေသော အနှီအသံသည် လူတို့အား မိမိကိုယ်ကို ပြန်လည်ဆန်းစစ်လျက် နက်ရှိုင်းစွာ တစိမ့်စိမ့်ဆင်ခြင်စေ၏။

ဖန်းကျန့်ဟောကြားလိုက်ချိန်၌ ရှိရှိသမျှ ရဟန်းတိုင်း ရင်သပ်ရှုမောလျက် သူ၏ ဘုရားဟောတရားကမ္ဘာထဲ နှစ်မျောသွားကြလေ၏။

ဗုဒ္ဓစနစ်(၂)Where stories live. Discover now