အခဏ်း ၁၃။ Z

55 1 0
                                    

ဧပြီ..ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ...နွေပီသစွာပဲ.. ရွက်ကြွေတွေ က လေရိုင်းဝေ့တိုင်း လွင့်ကြွေကာ.. ပုရစ်ဖူးကတည်းက အတူရှိခဲ့တဲ့ ပင်စည်ကြီးကို နှုတ်မဆက်ပါဘဲ.. တစ်ဖွဲဖွဲ.. ထွက်ခွာသွားကြပြီ..အရိုးပြိုင်းပြိုင်း ပင်စည်ကြီးတွေ ကိုင်းခက်တွေကတော့.. တည်ရာမရွေ့..နေမြဲနေရာကနေ.. ထိုရွက်ကြွေလေးတွေ.. ဉီးတည်ရာမဲ့.. လေလာရာ လွင့်နေတဲ့ မြင်ကွင်းကို မျှော်ငေးနေသည့်အလား... ကြို့တို့ကြဲတဲ ရိုးတံတွေကို လေယူရာယိမ်းနွဲ့လျက်သာ..ဉယာဉ်သာကြီးတစ်ခွင်.. ပိတောက်ပင်ကြီးတွေကတော့.. သဘာဝအတိုင်း.. ရာသီဉတုကို ဆန့်ကျင်ကာ.. စိမ်းလျက်စိုလျက်.. ဖူးလျက်.. ငုံလျက် သင်္ကြန်မိုး ပက်ဖြန်းတာနဲ့ တစ်ပြိုင်နက် ပွင့်အာကြဖို့.. စိုင်းပြင်းနေကြပုံဖြင့်.. ယိမ်းကနေသည်။နန်းတော်နှင့်တစ်ကွ နန်းတော်ဝင်းကတော့ ယခင်နေ့တွေနဲ့မတူ.. လူတွေ ဟိုဒီပြေးလွှားကာ.. လှုပ်ရှားသက်ဝင်နေသည်။ဟုတ်သည်.. ယခင်နေ့တွေနဲ့ မတူအောင်...နန်းတော်ကြီးတစ်ခုလုံး.. လှုပ်လှုပ်ရှားရှား.. နန်းတွင်းသူတွေရော နန်းတွင်းသားတွေအားလုံး.. ပျားပန်းခပ်မျှ အလုပ်များနေကြလေပြီ။မိန်းကလေး ဗိုက်ဖုံးအင်္ကျီသာဝတ်ဆင်လာခဲ့တဲ့ ခေါင်ဖုရားအတွက်... ကိုယ်ရုံပွကြီးတွေ ချုပ်လုပ်ဖို့... ရင်ဖုံးလည်ကတုံးရှပ်အင်္ကျီပွကြီးတွေချုပ်လုပ်ဖို့.. တောင်ရှည်ပုဆိုးအစား.. ရှမ်းဘောင်းဘီပွကြီးတွေ ချုပ်လုပ်ဖို့.. အနူးညံ့ဆုံး အကောင်းမွန်ဆုံး ပိတ်သားကို မန္တလေးရှိ ပိုးထည်ရုံတွေမှ နေ့ချင်းပြီးယက်လုပ်ကာပို့လိုက်ပြီးနောက် မချုပ်ခင် ရေလျှော်ကာလှန်းနေကြတာ တပျော်တပါးကြီးပင်။အပ်ချုပ်သမားကလည်း ရံရွေတော်ဆောင်မှာ ကျောက်ချထိုင်ပြီး နန်းတွင်းက အပျိုတော်တွေ.. ကလေးတွေအကူအညီနဲ့ ...ခြောက်လာသမျှ ပိတ်စကို ချစ်ခင်ရတဲ့ခေါင်ဖုရားအတွက်.. အသေအချာ ဒီဇိုင်းဆွဲပြီး သေသေသပ်သပ် ချုပ်လုပ်ရင်း.. ခေါင်ဖုရားများ.. ကြွလှမ်းလာလေမလားလို့ မျှော်နေရတာ လည်လဲ ရှည်လှပြီလေ။ထီးဘုရားရဲ့ နန်း‌ဆောင်ခန်းရှေ့..မှာတော့.. အသက် ၇၀ကျော်အရွယ်.. ဉီးညိုက စပြီး.. မူလတန်းကျောင်းသား မောင်ခင်ဝင်းတို့အထိ... စင်္ကြန်လျှောက်လမ်းတစ်ဘက်တစ်ချက်မှာ တိတ်တဆိတ်... ထိုင်လျက် နားစွင့်နေကြလေသည်။ခြောက်သွေ့နေတဲ့ နန်းတော်ကြီးက .. ခေါင်ဖုရား အငွေ့အသက်နဲ့တင် ..စိုပြေလာတာမို့လည်း .. အခစားဝင်ခွင့်ရလေမလား.. စောင့်စားနေကြတာလည်းဖြစ်သည်။မေ့မျောသွားရလောက်အောင် စိတ်နှလုံးထိခိုက်စရာတွေ ကြုံတွေ့ခဲ့တဲ့ ခေါင်ဖုရားကို ပင်လုံဆေးရုံကြီးမှာ လေးရက်လောက် ကုသလိုက်ရပြီး.. သက်သာလာတာနဲ့ နန်းတော်ပြန်ချင်တယ်ပူဆာလွန်းလို့... ထီးဘုရား.. မငြင်းနိုင်ဘဲ ပြန်ဆောင်ယူခဲ့ရတာပင်။နန်းဆောင်ခန်းအတွင်း.. အခန်းပေါက်ဝဒေါင့်လေးမှာ သက်ဉီးနဲ့ ကောင်းမြတ်သူတို့ ထိုင်လျက် စောင့်ဆိုင်းနေကြရင်း.. မြင်ရခဲတဲ့မြင်ကွင်းကို မျက်တောင်မခတ်စတမ်း ကြည့်နေမိကြသည်။ဆေးအရှိန်‌ကြောင့်ရော.. ပင်ပန်းလာခဲ့တာကြောင့်ရော.. မလှုပ်မယှက် အိပ်စက်ပျော်နေလေတဲ့ ခေါင်ဖုရားအနား ထီးဘုရား နေရာတစ်ချက်မရွေ့စတမ်း ထိုင်ကာစောင့်နေတာ ညလုံးပေါက်နေပြီ။ခေါင်ဖုရားရဲ့ .. နှဖူးဆံစလေးတွေကို သပ်လိုက်...ပါးလေးတွေကို လက်မလေးနဲ့ ပွတ်သပ်လိုက်...နှုတ်ခမ်းလေးတွေကို ရေစွတ်ထားတဲ့ ဂွမ်းစလေးနဲ့ ထိတွေ့ပေးလိုက်..ဆေးထိုးအပ်စိုက်ပြီး ဆေးသွင်းထားတဲ့ လက်တစ်ဘက်ကို ကိုင်လျက် ဆေးထိုးအပ်နေရာလေးကို အသာအယာ.. နှုတ်ခမ်းလေးနဲ့ထိတွေ့ကာ အာငွေ့လေးပေးလိုက်..ဓါးပြတ်ရှရာတွေကို ဆေးထည့်လို့ စည်းနှောင်ပေးထားရတဲ့.. လက်ချောင်းလေးတွေကို အနမ်းလေးပေးကာ ပါးမှာအပ်လိုက်..ပူလန်နေပြီဖြစ်တဲ့ ဗိုက်ကလေးကို မရဲတရဲ ထိတွေ့လိုက် လုပ်နေတဲ့ ထီးဘုရားက... တစ်ညလုံး တစ်မှေးမျှ မအိပ်။"မြတ်ငယ်.. မောင်တော်ရှိတယ်ကွဲ့နော်။ မြတ်ငယ်လုံခြုံပြီကွယ်။ မောင်တော် မြတ်ငယ်ကို သတိရလွမ်းဆွတ်နေခဲ့တာ မြတ်ငယ်ရယ်။ ပါးလေးတွေလည်း ဖောင်းဖောင်းလေးမဟုတ်တော့ဘူးပဲ... ပိန်သွားလိုက်တာ မြတ်ငယ်။ ဒီဗိုက်လေးထဲမှာ မောင်တော့်ရင်သွေးလေးတွေ ရှိတယ်နော်။ အိပ်ပါ မြတ်ငယ်.. စိတ်အေးလက်အေး အိပ်စက်ပါ။ မောင်တော် အနားမှာ ရှိနေပါတယ် ကွယ်"တစ်ညလုံး .. မရိုးနိုင်အောင် တတွတ်တွတ်ရွတ်နေရှာတဲ့ .. ထီးဘုရားကို သက်ဉီး စောင့်ကြည့်နေရတာမို့ မငိုက်မြည်းရဲ။ ဆေးရုံပေါ်မှာလည်း .. ဤနည်းနှယ်.. အနားမခွာဘဲ . ..ကိုယ်တိုင်ပြုစုလာခဲ့တာ.. ပင်ပန်းလှလောက်ပြီ။ ပိန်လှတဲ့ ထီးဘုရားပါ ထပ်ပြီး လဲပြိုလို့မဖြစ်ဘူးမဟုတ်လား။"သက်ဉီး."ဒေါက်တာကောင်းမြတ်သူ သက်ဉီးပခုံးကို တိုက်လိုက်တာမို့ သက်ဉီးလှည့်ကြည့်လိုက်သည်။"ဟင်။ ဘာလဲ ကောင်းမြတ်""ငါ မရှင်းလို့.. မင်းက ဘုရင့်သားလား""မဟုတ်ဘူး.. ဘုရင့်သား ဘုရင် ကဟိုကထီးဘုရားပဲ။ မင်းဆေးကုပေးတာက ငါတို့ အရှင်သခင် မိဖုရားခေါင်။ ငါက နန်းရင်းဝန်ရဲ့ မြစ်။ နားခံတော်မင်းကြီးရဲ့ မြေး""မင်းမျိုးမင်းနွယ်တွေ ငါ အခုမှ သေချာမြင်ဖူးတော့တာ။ မင်းတို့မိဖုရားက ငါ့ဆီရောက်လာတုန်းကဆိုရင်..""အဲ့ဒီတုန်းက မင်း ငါ့ကိုချက်ချင်းမပြောလို့ အခုလိုအခြေအနေဆိုးကုန်တာကွ""ဟာကွာ.. ငါ့ကို မပြောဖို့ သေချာ ကတိတောင်းထားတာလေကွာ။ ဆရာမကြီးကလည်း လူနာအခက်အခဲဖြစ်စေမယ့်ကိစ္စ ဘာမှ မဟ နဲ့လို့ မှာထားတာ မင်း ဒေါမေရီ အကြောင်း သိရဲ့သားနဲ့။ သက်ဉီး. . မင်းတို့မိဘုရား ငါ့ဆီရောက်လာတုန်းက ငါ လန့်သွားတာ ကွ။ အမျိုးသားပါ ခင်ဗျာ လို့ ပြောတဲ့ မျက်လုံးကို ငါ မေ့မရဘူး။ အရမ်းခက်ခဲခဲ့မှာပဲနော်။ ဒါနဲ့ ဘာတွေဖြစ်လာခဲ့တာတဲ့လဲ သိခဲ့ပြီလား""အင်း.. ငါတို့ခေါင်ဖုရားက.. သူ့အသက်ကိုသတ်မယ့်သူကို ရောဂါပျောက်အောင်ကုသပေးပြီး အနားခေါ်ထားခဲ့ပေမယ့်.. အဲ့လူကပဲ ခေါင်ဖုရားကို အသက်ပေးကာကွယ်သွားတယ် တဲ့ .. ဒီလောက်ပဲငါလည်းသိတယ်""မင်းတို့ ခေါင်ဖုရားက ထူးဆန်းတာပဲကွာ ဒါဆိုရင်တော့။ ဒါနဲ့ ဆေးရုံဘုတ်အဖွဲ့က .. မင်းတို့ခေါင်ဖုရား ခွဲမွေးဖို့ကို .. သဘောတူညီချက်ယူဖို့ မနက်ဖြန် အစည်းအဝေးထိုင်ကြမယ်နော်။ အဲ့ဒါမင်းတက်ရမှာမဟုတ်လား""ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းအိ ကိုင်တွယ်နိုင်ပါတယ်။ ငါ အကုန်ပြောပြထားတယ်။ သုတေသနပြုစရာ.. ကြွက်ကလေးမှမဟုတ်တာ .. သာမာန်လူတောင်မဟုတ်ဘူး.. ငါတို့နန်းတွင်းရဲ့ အရှင်သခင်လေ။ မလေးမခန့်လုပ်ရင်တော့.. ငါက နိုင်ငံခြားမှာ သွားမွေးဖို့ လျှောက်ထားလိုက်မယ်။ ငါတစ်ယောက်လုံးရှိနေတာပဲလေ.. Fit to fly လုပ်ရတာလွယ်ပါတယ်""ရာခိုင်နှုန်း နည်းတယ်ဆို""ရှူး...."ကောင်းမြတ်ကို သက်ဉီး တိတ်တိတ်နေဖို့ အချက်ပြလိုက်ရသည်။ဒီကိစ္စ.. ဒီကိစ္စကို သက်ဉီး.. အကျယ်အကျယ် မဖြစ်စေချင်..ဒီကိစ္စကို ထီးဘုရားသိပြီးကတည်းက.. အခုလို မနားမနေ ပြုစုနေတာ.. သက်ဉီး သနားလှသည်။သက်ဉီး လုပ်သင့်လုပ်ထိုက်တာတွေကို.. တောက်လျှောက် စုံစမ်းလေ့လာနေခဲ့ပေမယ့်.. အသက်ရှင်ရာခိုင်နှုန်း နဲ့ပတ်သက်ပြီး ရေရေရာရာ ဘာမှ မသိခဲ့ရတာ .. စိတ်ထင့်နေစရာတစ်ခုပင်။"သက်ဉီး...""မှန်ပါ့ဘုရား"သက်ဉီး ဒူးထောက်လျက် ထီးဘုရားအပါး ဝပ်တွားကာ သွားလိုက်သည်။"သက်ဉီး.. ခေါင်ဖုရား မနိုးသေးပါလားကွဲ့""မှန်ပါ.. ဒီဆေးကုန်တဲ့အခါ.. နိုးလာပါလိမ့်မယ်ဘုရား။ အနည်းငယ်တုန်လှုပ်သွားလို့ အားနည်းတဲ့ကိုယ်ခန္ဓာက ပြန်လည်ပြည့်ဖြိုးဖို့ အားယူနေဆဲမို့ပါဘုရား။ မင်းကြီးဘုရား.. ဆရာဝန် လျှောက်ပါရစေ။ မနက်မိုးလင်းနေပါပြီဘုရား။ မင်းကြီး ခေါင်ဖုရားအနား ခေတ္တ လဲလျှောင်း အနားယူတော်မူပါလားဘုရား။ ပင်ပန်းလွန်းအားကြီးတဲ့အခါ.. ခေါင်ဖုရားစိတ်ပူပန်တော်မူရလောက်အောင် နာမကျန်းတော်မူပါလိမ့်မယ်ဘုရား။""အင်း... ဆရာဝန်စကားနားထောင်ရမှာပေါ့.. ရန်‌အောင်""ခစားလျက်ရှိကြောင်းပါဘုရား""ခေါင်ဖုရား နိုးတဲ့အခါ မျက်နှာတော် သုတ်သင်ပေးရအောင် ရေနွေးအသင့်ပြင်ထား... ပွဲတော်လည်း.. အသင့်ပြင်ခိုင်းထားလိုက်.. ကိုင်း သက်ဉီးတို့ လင်းမြင့်တို့.. အခစားလွှတ်တယ်ကွဲ့.. သွားကြ..သွားကြ.. နားကြတော့"မျက်နှာတော်မှုန်မှိုင်းနေပေမယ့်..မျက်လုံးတော်အရောင်တောက်‌တောက်နဲ့ ခပ်တိုးတိုးမိန့်မှာခြင်းမှာ.. ငယ်ကျွန်တွေ ထီးဘုရားတို့ကို ထားခဲ့ကာ.. အခန်းက တိတ်တဆိတ် ထွက်လာခဲ့ကြသည်။****တစ်နေ့တစ်ရက်မျှ .. မေ့ထားလို့မရခဲ့တဲ့ .. မျက်နှာတော်လေးကို.. ကိုယ်တော်ကြီး ငေးစိုက်လို့.. မွှေးညင်းပေါက်လေးတစ်ပေါက်မကျန်ရအောင် စေ့စေ့စပ်စပ်.. ကြည့်နေမိသည်။မျက်စေ့အောက်မှာ.. မြင်နေလျက်နဲ့တောင်မှ လွမ်းလိုက်လေခြင်း။မေးရိုးလေးကို ပွတ်သပ်လိုက်တဲ့အခါ.. သွေးခြေများဉသွားလေမလားလို့ ပူပန်ရလောက်‌အောင် အသားအရည်ပါးရှာတဲ့ ချစ်ရသူလေးကို ... ဘုန်းရှိန်ရောင်ဝါ ရင်ခွင်ထဲထည့်လို့ ထွေးပွေ့ထားလိုက်မိသည်။သိပ်မကြာလိုက်.. မြတ်နိုးလွန်းစွာ.. ငုံ့ကြည့်နေမိတဲ့ မျက်တောင်လေးများက.. တစ်လှုပ်လှုပ်နဲ့ .. မျက်ဝန်းလေး မဟတဟ ပွင့်လာခဲ့လေပြီ။"မောင်တော်.."ကျယ်ပြန့်တဲ့ ရင်ခွင်နဲ့.. ကြာညိုပန်းနံ့သင်းသင်းလေးက.. မြတ် ကို လုံခြုံနွေးထွေးတဲ့ခံစားချက်တွေနဲ့ ကြိုဆိုနေပြီ။ မြတ် အရမ်း တမ်းတနေခဲ့ရတဲ့ ရင်ခွင်ကျယ်ကြီးကို နားအပ်ကာ မောင်တော့်ရင်ခုန်သံတစ်ထိတ်ထိတ်ကို နားဆင်ရင်း.. နိုးထခွင့်ရနေသေးတာ.. ဘယ်လောက် ကုသိုလ်ကောင်းသလဲ။ မောင်တော့်ကိုယ်သင်းနံ့ကို တစ်ဝကြီးရှူရှိုက်လိုက်ရင်း.. စို့တက်လာတဲ့ မျက်ရည်တို့နဲ့ ရင်ဝမှာ နင့်လာတဲ့ အပူလုံးကို မောင်တော့်ရင်ခွင်ထဲအတင်းတိုးလျက်သာ ဖွက်လိုက်ရသည်။"မြတ်ငယ်... နိုးပြီလား။ နေရထိုင်ရ သက်သာရဲ့လား ဟင်။ မောင်တော် ဘာလုပ်ပေးရမလဲ။ ဗိုက်ကလေးက နင့်နေသေးလား။ အို ဗိုက်ဆာရောပေါ့.. ညကတည်းက အိပ်ပျော်နေတာလေ မြတ်ငယ်။ မောင်တော် ရန်အောင့်ကို အခစားဝင်ဖို့.."ဘုန်းရှိန်ရောင်ဝါ .. ကုန်းရုန်းထလိုက်ဖို့ ပြင်ရင်း.. ရန်အောင့်ကို လှမ်းခေါ်ဖို့ အလုပ်.. မြတ်ငယ်ရဲ့ မျက်နှာလေးက ရင်အုံမှာကပ်ကာ လက်မောင်းကို ဖက်တွယ်လာတာမို့ အိပ်ယာထက် ပြန်လှဲလိုက်ရင်း.. ခပ်တင်းတင်း ပြန်ဖက်ထားကာ နှစ်သိမ့်လိုက်ရသည်။"မောင်တော့်ကို မြတ် အရမ်းလွမ်းနေတာ။ ဉီးရီးတော်တေဇ..လိုလေသေးမရှိအောင် စောင့်ရှောက်တဲ့ကြားထဲက မြတ်ငယ် မောင်တော့်ကိုပဲ နေ့စဉ်လွမ်းနေမိတယ်.."အသံတုန်တုန်လေးနဲ့ တိုးတိုးရေရွတ်ရင်း.. ရင်ခွင်ထဲ အတင်းတိုးဝင်နေတဲ့ မြတ်ငယ်ရဲ့ မျက်နှာလေးကို... ကိုယ်တော်ကြီးထွေးပွေ့ကာ.. .. ဆံနွယ်လေးများ ဝဲကျနေတဲ့နှဖူးလေးကို တယုတယ နမ်းလိုက်သည်။"ဒါနဲ့များ မောင်တော့်ကို အကြာကြီး ပစ်ထားခဲ့ရက်တယ် မြတ်ငယ်ရယ်။ မောင်တော်လေ.. နေ့စဉ်ရက်ဆက် .. မြတ်ငယ်ကိုပဲ လိုက်ရှာနေခဲ့တာ..။ တွေ့လိမ့်နိုးနိုးနဲ့.. အမျှော်ကြီးမျှော်နေခဲ့ရတာ မြတ်ငယ်""အဟင့်..""အို .. မြတ်ငယ်.. မငိုပါတော့နဲ့ကွယ်။ မောင်တော့်ရင်ခွင်ထဲ ပြန်ရောက်နေပြီပဲပဲလေ။ မောင်တော်ပြောပြမယ် နော် မြတ်ငယ်"မြတ်ငယ်ရဲ့ မေးဖျားလေးကို အသာဆွဲမော့လိုက်ပြီး မျက်ရည်လေးတွေသီးနေတဲ့ မျက်ဝန်းလေးများကို အနမ်းလေးနဲ့ သိမ်းဆည်းပေးလိုက်သည်။"ကျိန်စာဆိုးက ယုတ်ညံ့ပေမယ့်.. မောင်တော့်ကြင်ယာလေးက အဲ့ဒီကျိန်စာကို .. ရဲရဲရင့်ရင့်.. ချိုးဖျက်ပစ်လိုက်ပြီကွဲ့။ မြတ်ငယ်မယုံကြည်တဲ့ ကျိန်စာကို.. မြတ်ငယ်ကိုယ်တိုင် ဖော်ထုတ်ခဲ့တာ.. မြတ်ငယ်ရဲ့ သတ္တိ၊ မိခင်စိတ်၊ မောင်တော့်အပေါ်ထားတဲ့ ချစ်မေတ္တာတို့က.. ယုတ်လှတဲ့ကျိန်စာကို ချိုးဖျက်နှုတ်သိမ်းပစ်လိုက်တာ ပဲ မြတ်ငယ်။""မောင်တော်.. မြတ် မရှိတဲ့အချိန်အတွင်းမှာ ကျန်းမာနေရဲ့မဟုတ်လား ဟင်""မြတ်ငယ်.. ဘမောင်တို့ဘသာတို့ဆီက အဟောစာကို သေချာနားထောင်ခဲ့တာပဲမဟုတ်လားကွယ်။ မြတ်ငယ် ပျောက်ဆုံးတဲ့နေ့ကစပြီး... မောင်တော့်ဝေဒနာတွေလည်း သက်သာခဲ့ပါရဲ့ . . ထိခိုက်တာတွေလည်း ရပ်တန့်သွားပါရဲ့.. ဒါပေမယ့်လေ.."ပတ်တီးစလေးတွေနဲ့ လက်ဖဝါးကို ဘုန်းရှိန်ရောင်ဝါ ပါးမှာအပ်ရင်း .. မြတ်ငယ်ပါးလေးကို နမ်းလိုက်သည်။"မောင်တော့်မှာ.. ဟောဒီရင်ထဲက အပူလုံးကြီး ဆို့နင့်နေခဲ့လို့.. ညအိပ်လည်းမပျော်... မောင်တော့်နံဘေးမှာ မြတ်ငယ်အရိပ်တွေကို လိုက်လံဖမ်းဆုပ်ရင်း.. မျက်လုံးတောင်မှိတ်မရခဲ့ဘူးကွယ်။ လမ်းလျှောက်ပြန်တော့လည်း.. ဟိုမှာဒီမှာ.. မြတ်ငယ်ရဲ့ပုံရိပ်တွေကို မြင်ယောင်နေရတာမို့.. မောင်တော့်မှာလေ.. မျက်ရည်မသိမ်းနိုင်ခဲ့ဘူး။ တစ်ခါတစ်လေများ မြတ်ငယ်ရဲ့ကိုယ်သင်းနံ့လေး ရလို့.. နောက်ကလိုက်ကြည့်မိပြန်သေးတယ်.. ဒါကြောင့်လည်း ဒီပါစံနန်းဆောင်မှာ နေ့နေ့ညည မြတ်ငယ်ကို လွမ်းဆွတ်နေခဲ့ရတယ် ကွယ်""မြတ်ကို အပြစ်တင်နေလားမောင်‌တော်""အို.. ဘယ်လိုပြောလိုက်တာလဲ မြတ်ငယ်။ မောင်တော်က မြတ်ငယ်ကို မုန်ညင်းစေ့တစ်ထောက်မျှလောက်တောင် အပြစ်မတင်ပါဘူးကွယ်။ လွမ်းလွန်းလို့သာ. . အချိန်မလပ် တမ်းတမိတာပါပဲမြတ်ငယ်ရယ်""မောင်တော့်အလုပ်တွေရော... ပြီးမြောက်ရဲ့လား ဟင်""နောင်ရင်းမျိုးမြတ်ကြည်သာဟန်ရဲ့ အိမ်ဉီးနတ်ဖြစ်တာမို့...ကြင်ယာတော် ဂုဏ်မသိမ်ရအောင်.. မလစ်လပ်အောင် စွမ်းဆောင်ထားပါတယ် မြတ်ငယ်""အာ.. ပိုလိုက်တာ မောင်တော်ကလဲ""ဟင်း......"မျက်ရည်စများကြားကနေ ပြုံးလာနိုင်တဲ့ မြတ်ငယ်ကို ကြင်ကြင်နာနာ ပွေ့ပိုက်ရင်း ကိုယ်တော်ကြီး. သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ကိုယ်တော့်သက်ပြင်းကြောင့် ဗိုက်ကလေးနေရာချရင်း ရင်ခွင်ထဲတိုးဝှေ့နေတဲ့ မြတ်လည်း ..မော့ကြည့်လိုက်ရသည်။"မြတ်ငယ်ရယ်.. မောင်တော်လေ.. မြတ်ငယ်အနားမှာမရှိခိုက်.. ကျန်းမာလာတဲ့ကိုယ့်ကိုယ်ကို သိပ်မုန်းမိတာပဲ။ စားကောင်းသောက်ဖွယ်တွေ လာဆက်သတဲ့အခါလည်း. .မြတ်ငယ်မှ ဝမ်းဝပါ့မလား တွေးရင်း မျိုမကျခဲ့ဘူး ကလေးရယ်။ ကိုယ်ဝန်ဆောင်သည်တွေ တွေ့တိုင်းလဲ မြတ်ငယ်များလားလို့ နောက်ကလိုက်ကြည့်မိပြန်တယ်။ အခုလို မောင်တော့်ရင်ခွင်ထဲ ထွေးပွေ့ခွင့်ရထားတာတောင်မှ အိမ်မက်ဖြစ်နေမှာစိုးလို့... မြတ်ငယ်လက်ကို မောင်တော် မလွှတ်ရဲဘူးကွယ်"ပတ်တီးစနဲ့ ဖွေးလှုပ်နေတဲ့ လက်ချောင်းလေးတွေကို တစ်ဖွဖွနမ်းရှိုက်ရင်း လွမ်းလွမ်းဆွေးဆွေးဆိုလာတဲ့.. .. ကိုယ်တော်ကြီးရဲ့ အလွမ်းစကားကို မြတ်.... နှစ်သက်စွာပဲ ခံယူသည်။"မောင်တော်... မြတ်ငယ်က ကျိန်စာပြယ်စေတယ်ဆိုတာ.. ရှင်းပြပါအုံး""မောင်တော်က ဒီအကြောင်းကို တစ်စွန်းတစ်စ မျှ မဟချင်ဘူးကလေးရယ်။ ဒါပေမယ့် မြတ်ငယ်သိသင့်တယ်။ ဒေါသမာနတွေနဲ့ ဆိုးယုတ်ခြင်းကို မြတ်ငယ်ရဲ့ ကြီးမြတ်လှတဲ့ စိတ်ထား.. မြင့်မြတ်တဲ့ နှလုံးသားနဲ့ ချိုးဖျက်ပစ်ခဲ့တာပါပဲ။ ဟောဒီရင်သွေးငယ်တွေကို ရဲရဲရင့်ရင့် လက်ခံလိုက်ကတည်းက ကျိန်စာက ပျက်ပြယ်ပါပြီ မြတ်ငယ်။ ကြင်ယာတော် သားသမီးရတနာထွန်းကားလေမှ ကျိန်စာနှုတ်သိမ်းစေ လို့ .. ယုတ်ညံ့ခဲ့လေတဲ့ ‌ဒွေးတော်ကို မောင်တော်က ခွင့်လွှတ်လိုက်ပါရဲ့ မြတ်ငယ်""‌အော်.. ဒါက ပျက်နေတဲ့အပိုင်းအစပေါ့ ဟုတ်လားမောင်တော်။ ခွင့်လွှတ်လိုက်ပါ မောင်တော်ရယ်။ ရတနာမယ်ဟာ.. တစ်ကယ်တော့ စိတ်မမှန်ရှာတဲ့ ဝေဒနာသည်ပါ။ သူ့ရဲ့စိတ်ကို.. အသုံးချပြီး ကိုယ်ကျိုးရှာတဲ့သူတွေကြောင့်သာ မဖြစ်သင့်တာ မလုပ်သင့်တာတွေကို လုပ်မိခဲ့တာတဲ့လေ။ ဉီးရီးတော်မောင်မောင်တို့ကိုလည်း ခွင့်လွှတ်လိုက်ပါ‌မောင်တော်. တင်တင်ကြီးကိစ္စလည်း .. ကြေအေးလိုက်ပါတော့။ အမျိုးအဆွေတွေကို စောင့်ရှောက်ရင်းစွဲရှိတဲ့ မောင်တော်က.. အခုလို ဉပက္ခာမပြုနိုင်တာ မြတ်သိပါတယ်။ ဒါနဲ့မောင်တော် မြတ် က ကိုယ်ဝန်ဆောင်တယ်လို့သိရတော့...""ဝမ်းသာလိုက်တာမှ .. ကလေးရယ်။ မောင်တော်လေ.. ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့လားလို့ ဟောဒီလို လက်ပန်းပေါက် ခတ်ပစ်လိုက်ချင်တာ""အား.. အ... မောင်တော်.. မောင်တော့်စကားကို ကလေးတွေကြားကြတယ်တဲ့.. ကန်လိုက်ကြတာ ဒီမှာဒီမှာစမ်းကြည့်ပါ။"စောစောက လက်သီးလက်မောင်းတန်းတော့မတတ် လက်ပန်းပေါက် ခတ်ပြတော့မယ့် မင်းတြားကြီး ရို့ရို့ကျိုးကျိုးပဲ.. မြတ်ငယ် လှန်ပေးတဲ့ ဗိုက်ကလေးအနား မျက်နှာအပ်ကာ.. လက်ဖဝါးနဲ့ ခပ်ဖွဖွ စမ်းသပ်နေမိသည်။ စိတ်လှုပ်ရှားလိုက်တာများ နှလုံးတွေ ခုန်ပေါက်ထွက်သွားတော့မတတ်။လက်ချောင်းများနဲ့.. ထိမိတဲ့ဗိုက်ကလေးကနေ.. ထုတ် ကနဲ.. ရုန်းလှုပ်လိုက်တဲ့ အခါ.."ဟော.. မြတ်ငယ်.. မောင်တော့်အချစ်ရေ.. ကန်တယ်.. မောင်တော့်ကို ကန်တယ်.. ဟော.. အလုံးကြီးနဲ့.. အို.. သားရေ.. ခမည်းတော်ပါကွဲ့.. အမလေး.. ဒါက ခေါင်းလေးများလား.. ကျောလေးများလား.. မြတ်ငယ်ရယ်.. မောင်တော် အဖေဖြစ်ပြီလေ .. ဟုတ်တယ်မဟုတ်လား"မျက်ရည်အဝိုင်းသားနဲ့ ရင်ခုန်လှုပ်ရှားစွာ.. ကြည်နူးနေတဲ့ ချစ်ခင်ပွန်းကို မြတ် ကျေကျေနပ်နပ်ကြီး ငေးကြည့်နေရင်း.. ကြည်ကြည်နူးနူး ပြုံးမိသည်။အဖေနဲ့သားတွေ.. အကဲပိုနေကြတာ .. မမွေးသေးလို့သာပေါ့။ မွေးများမွေးရင်.. အင်း...။ရုတ်တရက်.. မွေးများမွေးပြီးရင် . . ဆိုပြီး ပူပန်ခဲ့တဲ့အခိုက်အတန့်တွေက ချုပ်ငြိမ်းခဲ့သလို.. ခယဝပ်တွားရင်းအသက်ပေးခဲ့တဲ့ ဗြတ္တကိုပါ သတိရလိုက်မိတာကြောင့် မြတ် အပြုံးတွေ ခေတ္တ ပျောက်ကွယ်လေသည်။ပီတိသောမနသတွေနဲ့.. ပြုံးဖြီးကာ ဗိုက်ကိုပွတ်သပ်နေတဲ့ ကိုယ်တော်ကြီး မျက်လုံးဒေါင့်ကနေ ချစ်ရသူရဲ့ ရုပ်သွင်ပြောင်းလဲတာကို သတိပြုမိတာမို့.. ချက်ချင်းပဲ ပခုံးကနေ ထွေးပွေ့ပြီး ကိုယ်ငွေ့လှုံစေမိသည်။"မောင်တော်.. ယုံကြည်တယ် မြတ်ငယ်။ မြတ်ငယ်ရဲ့ မေတ္တာတရား .. သစ္စာစွမ်းအားကြောင့်... မြတ်ငယ်စိတ်စေစားရာအတိုင်း.. အားလုံးပြည့်စုံပါလိမ့်မယ် နော်။"ဝမ်းနည်းဝမ်းသာခံစားချက်များကြောင့် နှုတ်ခမ်းလေးများတုန်နေတဲ့ ချစ်ရသူပါးလေးကို ဘုန်းရှိန်ရောင်ဝါ.. တစ်မြတ်တစ်နိုး နမ်းလိုက်ပြီး ပါးချင်းအပ်ထားလိုက်သည်။ မျက်တောင်လေးများ ထိခတ်မိချိန်မှာ‌တော့.. ဘုန်းရှိန်ရောင်ဝါ မြတ်ငယ်ရဲ့ နှုတ်ခမ်းလေးများကို ထိတယ်ဆိုရုံလေး နမ်းလိုက်သည်။ ထွေးပွေ့ထားမိတဲ့ ကိုယ်လုံးလေးကိုလည်း. . ဗိုက်ကလေး မထိခိုက်ရအောင် နေရာတစ်ကျလှည့်ပေးပြီး.. မော့ကြည့်လာတဲ့ မြတ်ငယ်ရဲ့ မျက်လုံးများဆီ.. နူးနူးညံ့ညံ့ စိုက်ကြည့်ကာ... ရင်ထဲမှာမျိုသိပ်ထားခဲ့ရတဲ့ ချစ်စကားလေးတွေကို ဖွင့်ဟမိလေသည်။"မောင်တော်လေ.. မြတ်ငယ်ကို ချစ်တယ်ကွယ်။ မြတ်နိုးတယ်။ ကြင်နာတယ်..။ မြတ်ငယ်ရဲ့ စိတ်အလိုကို မောင်တော့်ရင်ထဲက ခံစားမိလောက်အောင်ကိုပဲ ချစ်ရတယ်မြတ်ငယ်။ မောင်တော့်ဖြစ်တည်မှုကိုက.. မြတ်ငယ်အတွက် သီးသန့်ဖြစ်လာခဲ့ရသလိုမျိုး.. မောင်တော် မြတ်နိုးမိတာပါပဲ။ မြတ်ငယ်ရဲ့ ဟောဒီအပြုံးလေး‌တွေ. . တစ်ဇွတ်ထိုးဆန်တဲ့ အကျင့်လေးတွေ.. ဖျတ်လပ်သွက်လက်တဲ့ လှုပ်ရှားမှုတွေ.. ဟောဒီ မျက်လုံးလေးတွေ... ဟောဒီ.. နွေးထွေးတဲ့နှလုံးသားလေး... အားလုံးဟာ.. မောင်တော့်အတွက် ဘုရားပေးတဲ့ ဆုလာဘ်လေးပါပဲ။"ခပ်ဟဟ နှုတ်ခမ်းလေးကို.. ဘုန်းရှိန်ရောင်ဝါ.. ယုယုယယ နမ်းလိုက်သည်။ နှုတ်ခမ်းလေးတွေက ချိုမြိန်လွန်းပေစွ။ လွမ်းဆွတ်နေခဲ့ရတဲ့ အနမ်းကို .. မြတ်ငယ် တောင့်တောင့်တတ ခံယူရင်း.. တုန့်ပြန်လိုက်မိသည်။မောင်တော့်ဝင်သက်ထွက်သက်တို့နှင့်.. ထိတွေ့လေသမျှ မျက်နှာတစ်ဝိုက်.. ကြည်နူးခြင်းများနဲ့ ကြက်သီးများ ထလာရသလို.. တယုတယ.. ထိတွေ့လာတဲ့ နှုတ်ခမ်းအစုံတို့ကလည်း..မြတ်ရဲ့ လစ်ဟာသည့်ခံစားချက်တွေကို ဖြည့်စွက်နေသလိုပင်။ တစ်လွှာချင်းထိခတ်နေတဲ့ နှုတ်ခမ်းများကိုသပ်ယူရင်း.. အာခံတွင်းထဲ တိုးဝင်လာတဲ့ မောင်‌တော့်လျာဖျားလေးကို မြတ်ငယ်.. စုပ်ယူလိုက်သည်။ ရင်ခုန်သံများကတော့ ဆန်းသစ်လှုပ်ရှားနေကြဆဲပင်။ လွမ်းလွန်းလို့.. ဖြေသိမ့်ရာရလိုရညား. . နှုတ်ခမ်းများကို မလွတ်စတမ်း စုပ်ယူကာ.. လျှာဖျားလေးတွေ ကူးလူးဖလှယ်နေမိကြသည်။နှစ်ကိုယ်တူ ရည်တူမျှစွာ နမ်းရှုံ့နေကြတဲ့ ကိုယ်တော်ကြီးတို့ အနမ်းရေလျဉ်ကြောကိုတော့.. တံခါးအပြင်က ရန်ပုံခွင်းရဲ့ အသံက.. နှောက်ယှက်လေသည်။"ပွဲတော်အုပ် ဆက်သဖို့ ခွင့်ပြုတော်မူပါ ထီးဘုရား"မခွာချင့်ခွာချင်.. နှုတ်ခမ်းချင်းခွာလိုက်ပေမယ့်.. ထိုနှုတ်ခမ်းများကိုတော့ နှစ်ဉီးစလုံး အကြည့်မလွှဲနိုင်ကြ။ အတန်ကြာ စိုက်ကြည့်နေကြပြီး.. အလွမ်းလှိုင်းကြမ်းတို့ကို ငြိမ်သက်စေပြီးမှ.. ဘုန်းရှိန်ရောင်ဝါ. အသိဝင်လာသလို.. ခေါင်းကို ကုတ်လိုက်မိသည်။"အင်း.. မြတ်ငယ် ဆာလှရော့မှာ.. မောင်တော်ကလည်းလေ.... လွမ်းရလွန်းလို့.. အရူးလိုဖြစ်သွားခဲ့ရတာပါပဲမြတ်ငယ်ရယ်.."ရှက်ရယ်လေးရယ်ရင်း.. တင်းတင်းဖက်ထားတဲ့ လင်တော်မောင်ကို မြတ်ငယ် တစ်ဖန်ပြန်လည် ဖက်တွယ်ထားမိပေမယ့် ဗိုက်ကလေး ခံနေလို့ ထင်သလောက် ရှေ့မရောက်။"ဗိုက်က ဆာနေပြီမောင်တော်.. ကလေးနှစ်ယောက်စာ ဆိုတော့ မြတ် အတော်စားနိုင်တယ် သိလား။ ဉီးရီးတော်တေဇာတို့က မြတ်ကို တစ်နေ့တစ်နေ့ စားဖို့ပဲ ကြိုးစားဖြည့်ဆည်းနေကြရရှာတာ"ဝင်းလက်တောက်ပတဲ့ မျက်နှာတော်နဲ့.. တံခါးဝကိုမျက်နှာမူကာ.. အမိန့်ပေးတဲ့ လင်တော်မောင်က .. မြတ်ကို အိပ်ယာကထစေဖို့နဲ့ သလွန်ထက်မှာ သက်သက်သာသာ ထိုင်နိုင်စေဖို့.. တစ်ဆက်တည်းဖေးကူတွဲထူကာ.. နေရာပြင်ဆင်ပေးနေလေသည်။"ရန်ပုံခွင်း.. ဝင်ခဲ့"စားဖိုဆောင်မင်းကြီး မောင်ကျော်နဲ့ စားတော်ကဲကြီး မောင်မင်းထွန်းတို့ကိုယ်တိုင် ပွဲတော်အုပ်တွေ ကိုင်ကာ ဝင်လာခဲ့သလို.. အပျိုတော်တွေကလည်း ဒေါင်းလန်းများရွက်လျက် ရောက်လာခဲ့တာမို့.. အခန်းထဲ မွှေးကြိုင်လှတဲ့ ဟင်းနံ့ မုန့်နံ့တွေနဲ့ ပြည့်လျှံ့နေတော့သည်။"လျှောက်ပါရစေ ခေါင်ဖုရား။ ဒီနေ့တော့.. ပွဲတော်အုပ်ကို .. စုံနေအောင် ဆက်သပါရစေဘုရား။ ထီးဘုရားလည်း ဒီပွဲတော်ကိုဖြင့် ခံတွင်းတွေ့လို့ မြိန်ယှက်မှာသေချာပါတယ်ဘုရား။ ငယ်ကျွန်တို့.. အားရအောင် ပြုစုပါရစေဘုရား"ဒေါင်းလန်းကြီးနှစ်ချပ်.. ပွဲတော် ယွန်းအုပ် လေးအုပ်တို့နဲ့..အပြည့်အမောက် ယူဆောင်လာခဲ့တဲ့ စားဖွယ်တွေက စားချင့်စဖွယ်ရာ.. ထို့အပြင်.. ခစားနေကြတဲ့ စားဖိုတော်မင်းကြီးတို့ တစ်သိုက်ကလည်း.. မျက်လုံးလေးတွေ တောက်ပလျက် .... မြတ်ရဲ့ ကိုယ်ဝန်ပူလုံးလန်လေးကို ငေးနေကြလေသည်။မြတ် ထိုလူတွေကို သတိရလွန်းလှသလို .. တွေ့ရတာလည်း ဝမ်းသာလှသည်။ ဒါပေမယ့် .. အကျင့်အတိုင်း "စ"ချင်သေးတယ်လေ။"မောင်မင်းထွန်း.. ကိုယ်‌တော်က ဖြုန်းတီးတာကို မကြိုက်ဘူးလေ။ မောင်မင်း ရဲတင်းပြီး ဒီလောက်များပြားတဲ့ .. ပွဲတော်ကို ပြင်လာတယ်လား ဟင်""မှန်လှပါ .. ဟို.. မင်းသားငယ်လေးလည်း .. ဘာများနှစ်သက်မလဲလို့ ငယ်ကျွန် မသိလို့ပါဘုရား"ဗိုက်ကလေးဆီ မရဲတရဲ ခိုးကြည့်ရင်း ခပ်တိုးတိုးဆိုလာသည်မို့.. မြတ်လည်း မောင်မင်းထွန်းကို ပိုလို့စချင်လာမိသည်။"အော.. ဒီပွဲတော်က ကိုယ်တော့်ဖို့မဟုတ်ဘူးပဲ။ မဖွားသေးတဲ့ မင်းသားအတွက်ပေါ့ ဟုတ်သလား မင်းထွန်း"မြတ်ရဲ့ အသံခပ်ထန်ထန်အောက်. . အခစားဝင်ကြသူတိုင်း ခေါင်းငုံ့ကာ ဝပ်လျှိုးကုန်ကြတော့သည်။"အေးပေါ့လေ.. ဒီလိုဆို‌တော့လည်း ကိုယ်တော်က ဆက်သသမျှ ကုန်အောင် စားရတော့တာပေါ့။ ဆာနေတာအတော်ပဲ မောင်မင်းလက်ရာကို သားတော်လေးတွေကတော့ မြည်းစမ်းရတော့မှာပေါ့ နောက်တော့များမှ အကြိုက်ဆုံးတွေ သူတို့ သတ်မှတ်ကြပါလိမ့်မယ်.. ကိုင်း.. ဘာတွေများ ဆက်သသလဲ မောင်မင်းထွန်း"မြတ်ရဲ့ စကားကြောင့် ကြောင်နေကြတဲ့ နောက်လိုက်တစ်သိုက်.. အခုမှ ပြုံးရယ်နိုင်ကြတော့သည်။"မှန်လှပါ.. ခေါင်ဖုရားနှစ်သက်တော်မူတဲ့ မုန့်ဟင်းခါးကို ငယ်ကျွန်ကိုယ်တိုင် ပြင်ဆင်ခဲ့ပါတယ်ဘုရား။ ဒီဘက်ဒေါင်းလန်းမှာတော့ အာဟာရဖြစ်စေတဲ့ ဂျုံခေါက်ဆွဲ၊ ပေါက်စီ။ အသားပေါင်း.. စသည်ဖြင့် တရုတ်အစားအစာများ ပြင်ဆင်ခဲ့ကြောင်းပါ။ ဒီပွဲတော်အုပ်မှာတော့. ဆန်ပြုတ်နဲ့ နို့ ကြက်ဉ.. ပူတင်းပေါင်း.. ငှက်ပျောသီးကြော်.. ပုဇွန်ကင်နဲ့ ငါးကင်တို့ ကို ဆက်သပါတယ်ဘုရား။ ဒီဘက် ဒေါင်းလန်းမှာတော့.. ထီးဘုရားနှစ်သက်‌တော်မူတဲ့ ကော်ဖီ နဲ့ ပေါင်မုန့်.. ကိတ်မုန့်အချိုနဲ့.. ဗမာ့ရိုးရာ ကောက်ညင်းမုန့်များကိုဆက်သပါတယ်ဘုရား""အင်း.. စုံနေတာပါပဲ လား မောင်မင်းထွန်း။ ကိုင်း.. ကျေးဇူးတင်ပါတယ်ဗျာ။ မတွေ့တာကြာရောပေါ့ မောင်ကျော်.. မောင်မိုးဆွေ.. ၊ ဟော.. ခင်မိလည်းပါသကိုး.. အို ဘာလို့ငိုကြတာလဲ .. အင်း.. ဒီမုန့်ဟင်းခါးချက်တာကတော့ မောင်မင်းထွန်းကို ဘယ်သူမှမမီဘူးပဲ။ နေကောင်းကြရဲ့မဟုတ်လား။ ခဏနေရင်.. ကိုယ်တော် စာသင်ဆောင်ကို ဆင်းလာမယ်။ မောင်တော် မြတ် ခဏလမ်းလျှောက်မယ်နော်။ ဟေ့... မောင်မိုးဆွေ.. ကလေးတွေ နန်းတွင်းထဲရှိရဲ့မဟုတ်လား.. ကိုယ်တော် ကလေးတွေနဲ့ တွေ့ချင်တယ်"ခေါင်ဖုရားပျောက်သည့်နေ့ကတည်းက.. ပွဲတော်ကို လက်နဲ့တောင် ထိခဲသွားခဲ့တဲ့ ထီးဘုရားကြီး.. ဝတ်လဲတော်ဆင်ယင်ရာမှာရော ချိုးရေသုံးရာမှာရော အထိမ်းတော်တွေကိုတောင် အထိအကိုင်မခံခဲ့တဲ့ ထီးဘုရားကြီး... ပွဲတော်အုပ်ထဲက မုန့်ဟင်းခါးကို ကိုယ်တိုင် ထည့်ကာ ခေါင်ဖုရားအားခွံ့ကျွေးနေသည့် မြင်ကွင်းက.. မင်းထွန်းတို့ ရင်ကိုလှုပ်ရှားစေသလို မျက်ရည်ဖြိုင်ဖြိုင်ကျရလေသည်။"မြတ်ငယ်.. တစ်လုပ်လောက် စားပါအုံး.. အင်း သွားတာပေါ့ မြတ်ငယ်ရယ်.. သိပ်လှုပ်လှုပ်ရှားရှားလုပ်လို့တော့ မရဘူးလို့ ဆရာဝန်မကြီးကသေချာမှာထားတယ်ကွယ် .. မောင်တော်နဲ့ အတူတူ လျှောက်ကြမယ်နော်.. ကဲ.. မုန့်ဟင်းခါးက သိပ်အများကြီးစားလို့မကောင်းလှဘူး.. ဒီမှာ.. ပေါက်စီ မြတ်ငယ်ကြိုက်တယ်မဟုတ်လား .. မောင်တော် ခွံ့ကျွေးမယ်နော်။"ထီးဘုရား.. ခွံ့ကျွေးသမျှ.. မုန့်တွေကို နှစ်ခြိုက်စွာစားရင်း.. အသံစာစာလေးနဲ့ပျော်နေရှာတဲ့ ခေါင်ဖုရားကို .. ရန်အောင်၊ ဝဏ္ဏတို့လို အပါးတော်မြဲတွေတင်မက.. မင်းထွန်းတို့.. ငေးနေကြသလို.. ဆောင်ခန်းပေါက်ဝက ခစားကြတဲ့ ရန်ပုံခွင်းနဲ့ တိက္ခတို့လည်း.. အပြုံးတွေ မျက်နှာပိုးမသတ်နိုင်အောင်ပဲ.. လှမ်းမျှော်ကြည့်နေရတော့သည်။ဘာအနံ့ရရ တစ်အော့အော့နဲ့ အော့အန်ကာ.. ပျော့ခွေနေခဲ့တဲ့ ခေါင်ဖုရားသည်ကား.. အခုတော့ အစားပုပ်လေး ဖြစ်နေလေပြီပဲ။အားရအောင် ပွဲတော်တည်ပြီးချိန်တော့.. မြတ်ရဲ့ မျက်ဝန်းများ မှေးစင်းလာခဲ့ပြီမို့ လမ်းလျှောက်မယ့် အစီအစဉ်ကို ညနေဘက် ရွှေ့လိုက်ရလေသည်။သက်ဉီးတို့လည်း တစ်ခေါက် အခစားဝင်ကာ လက်က အပ်ကိုဖြုတ်သွားခဲ့တာမို့ .. လွတ်လွတ်လပ်လပ်ပဲ.... အိပ်ယာထက် တစ်စောင်းလှဲရင်း.. မောင်တော့်လှုပ်ရှားမှုတွေကို မြတ် စောင့်ကြည့်နေမိသည်။ကွန်ပြူတာပေါ်မှာ လှုပ်ရှားပြေးလွှားနေတဲ့ မောင်တော့်လက်ချောင်းလေးတွေ..Screen ကို စိုက်ကြည့်နေတဲ့ မောင်တော့်မျက်လုံးလေးတွေ...ဖုန်းတစ်လုံးနဲ့ ညွှန်ကြားနေတဲ့ မောင်တော့် အသံ ..မောင်တော့် မျက်နှာတော်..နှုတ်ခမ်းလေးတွေ..လေအဝေ့မှာ သင်းပျံ့တဲ့ မောင်တော့်ကိုယ်သင်းနံ့တွေ..ချိတ်ထိုင်ထားတဲ့ ခြေတံရှည်ရှည်တွေ..ရွှေရောင်.. ဝင်းဝါတဲ့ အသားအရည်..စင်းဖြောင့်တဲ့ဆံနွယ်တွေကို ထုံးခြည်ထားတဲ့ သျှောင်ထုံးလေးနဲ့ တစ်ပါတ်လျှိုကျနေတဲ့ ဆံမြိတ်စလေး...ဘယ်အချိန်ပဲကြည့်ကြည့်.. အမြဲတမ်း စမတ်ကျကာ.. ရာဇဂုဏ်နဲ့ပြည့်ဝတဲ့ ချစ်ခင်ပွန်းကို.. မြတ်.. ငေးရင်း.. ရင်သွေးလေးတွေ ပုံစံကို ပုံဖော်နေမိသည်။ကလေးတွေမွေးတဲ့အခါ.. မောင်တော်နဲ့ တူလေမလား။ မြတ်နဲ့ရော တူကြလိမ့်မလား။ သဘာဝအတိုင်းမဟုတ်တဲ့ ကိုယ်ဝန်ကို.. ခွဲမွေးတဲ့အခါ.. အသက်ရှင်နှုန်းဘယ်လောက်ရှိလဲလို့.. ဆရာဝန်မကြီးကို မြတ်.. သေချာမေးခဲ့တာမို့.. ကလေးတွေကို မြင်ခွင့်က သိပ်မသေချာ။ဒါပေမယ့်လဲလေ.. မြတ်နဲ့ မောင်တော်တို့ရဲ့ရင်သွေးလေးတွေပဲ။ နွေးထွေးရဲရင့်တဲ့ အမျိုးသားလေးတွေ ဖြစ်ရမှာပေါ့။ အခုက ၇ လ ဆိုတော့.. မောင်တော့်အနား မျက်နှာတော်ကိုဖူးလို့.. ရင်ခွင်ထဲ တိုးဝှေ့ခွင့်က.. ရက်သိပ်မကျန်တော့ဘူးပဲလေ။"မောင်တော်.."ခပ်တိုးတိုးလေး ရေရွတ်မိလိုက်တဲ့ ဒီနာမ်စားကို.. မြတ် အရမ်းမြတ်နိုးရပါသည်။"မြတ်ငယ်.. ဘာလိုချင်လို့လဲ ဟင်.. မောင်တော် ဘာလုပ်ပေးရမလဲ"ပြောလက်စဖုန်းကို ပစ်ချလိုက်ပြီး ချက်ချင်းထလာခဲ့တဲ့ မောင်တော့်ကို မြတ် .. အားပါးတရ ပြုံးပြလိုက်မိသည်။"မြတ် ခဏအိပ်မလို့.. သက်ဉီးဆေးက ဘယ်ဟာသောက်ရမလဲလို့လေ။""မောင်တော် တိုက်မယ် မြတ်ငယ် အခုက အချိန်မကျသေးဘူးနော်။ အိပ်မယ်ဆိုရင် အိပ်လေ။ လာ.. မောင်တော့်လက်မောင်းပေါ်မှာ အိပ်ပါ။ ညနေအဆာပြေစားဖို့ ရန်ပုံခွင်းကိုယ်တိုင် သွားပြင်နေလေရဲ့.. ညနေ လမ်းလျှောက်မယ်မဟုတ်လား မြတ်ငယ်။ ကလေးတွေလေ..သူတို့ခေါင်ဖုရား လမ်းလျှောက်ရအဆင်ပြေစေဖို့.. စင်္ကြန်လမ်းကို ရှင်းလင်းနေကြလေရဲ့။ ကဲ..ကဲ... အားရှိအောင် အိပ်လိုက်အုံးနော်""မောင်တော်.. ညနေ ကျရင်.. မြတ်.. အိမ်နိမ့်ဆောင်ဘက် လျှောက်ချင်တယ်။ ဒီနေ့.. ရက်လည်တယ်မဟုတ်လား""မြတ်ငယ်ရယ်...""မြတ် ..သွားချင်တယ် မောင်တော်။"‌"ကောင်းပါပြီကလေးရယ်.. မောင်တော်နဲ့အတူ ကြွကြပါစို့ရဲ့ ။ အခုတော့ အိပ်လိုက်နော် .. မောင်တော် သီချင်းဆိုပြရမလား ပုံပြင်ပြောပြရမလား ဟင်"" အဟင်း... ပုံပြင်ပြောပြမောင်တော်။""ကောင်းပါပြီ မြတ်ငယ်။ ရွှေနားဆင်တော်မူပါနော်..။ ဟိုးရှေးရှေးတုန်းက .. နန်းတော်ကြီးတစ်ခုမှာ.. ချစ်ခင်နှစ်သက်ဖွယ်ကောင်းတဲ့ မင်းသားလေးတစ်ပါး စံမြန်းနေသတဲ့။ အဲ့ဒီမင်းသားလေးကို နန်းတော်ထဲက လူတွေတင်မက.. အတိုင်းတိုင်း အပြည်ပြည်က လူတွေကလည်း နှစ်သက်ကြသတဲ့ကွဲ့.။ နှစ်သစ်ကူးတဲ့ ရက်တစ်ရက်မှာပေါ့.. နှစ်ဟောင်းက ကုန်လွန်လို့..နှစ်သစ်ကိုရောက်တယ်ဆိုပြီး လူတိုင်းလူတိုင်းက ရွှင်ရွှင်လန်းလန်း.. ကျန်းကျန်းမာမာနဲ့.. လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နေကြတုန်း.. ဗြုန်း ဆို .. မင်းသားလေး က.. မြက်ခင်းပြင်ဆီ.. ပြေးလို့ထွက်လာခဲ့တယ်တဲ့။ အဲ့ဒီမင်းသားလေး မြက်ခင်းပြင်မှာ ပြေးလွှားဆော့ကစားနေတုန်းမှာပဲ.. ခေါင်းနှစ်လုံးပါတဲ့ နဂါးကြီးတစ်ကောင် ကောင်းကင်ကနေ ဆင်းလာခဲ့ပြီးတော့.. မင်းသားလေးအရှေ့.. ခစားလေသတဲ့ကွယ်။ မင်းသားလေးကလည်း နဂါးကြီးကျောပေါ် ပျော်ပျော်ရွှင်ရွှင် တက်လို့ ကောင်းကင်ကနေ... ပျံလို့တက်သွားလေတော့တယ်တဲ့ကွယ်။ မင်းသားလေးနဲ့ ခေါင်းနှစ်လုံး နဂါးကြီးတို့က.. နန်းတော်ကထွက်ပြီး.. လောကတစ်ခွင် .. မေတ္တာဓါတ်တွေဖြန့်ကျက်ကာ ... ပျံသန်းသွားလာကြပြီးတော့မှ.. နန်းတွင်းကို ပြန်လာကြတယ်တဲ့။ နဂါးကြီးကို မင်းသားလေးက သံယျောဇဉ်ဖြစ်နေလေတော့ .. နဂါးကြီးက လူယောင်ဖန်ဆင်းကာဖြင့် မင်းသားလေးအနား သေတပန်သက်တစ်ဆုံး နေသွားလေတော့သတဲ့ကွယ်"ပုံပြင်တောင် မပြီးလိုက်.. မြတ်ငယ်ကတော့ .. ကိုယ်‌တော်ကြီးရင်ခွင်ထဲ ခေါင်းလေးတိုးဝင်လျက် အိပ်ပျော်နေပေပြီ။ဘုန်းရှိန်ရောင်ဝါ.. မင်းတြားကြီး.. ကြင်ယာတော်လေးရဲ့ မျက်ဝန်းများကို အနမ်းပွင့်လေးတွေ ခြွေချလိုက်ပြီး.. မျက်နှာလေးကို တစ်စိမ့်စိမ့်. . မြတ်နိုးခြင်းများစွာနဲ့ ငေးစိုက်ကြည့်မိသည်။"ဒီပုံပြင်ဟာ.. မောင်တော် နေ့စဉ်မက်တဲ့ အိမ်မက်ပါပဲ မြတ်ငယ်ရယ်... နဂါးကြီးကျောပေါ်တက်လို့.. ပျံထွက်သွားခဲ့တဲ့ ကလေးရဲ့လက်ကို ဖမ်းဆွဲဖို့ ကြိုးစားရင်း ငိုက်မြည်းမိတဲ့အခိုက်အတန့်တွေကို ရပ်တန့်ခဲ့ရတယ်ကလေး။ တစ်ကယ့်ကိုပဲ နိမိတ်ပြတဲ့အတိုင်း.. အဲ့ဒီနဂါးလေးတွေကို ဟောဒီဝမ်းထဲထည့်လို့ နန်းတော်ပြင်ပမှာ ဘယ်လောက်ဒုက္ခရောက်ခဲ့လေမလဲ မြတ်ငယ်ရယ်။ ဗြတ္တလိုလူမျိုးကိုတောင် .. မြွေစွယ်ကျိုးသလို.. ချိုးနိုင်တဲ့ စိတ်နှလုံးရှိသူလေးရယ်။ ဒုက္ခတွေကိုလည်း ခါးစည်းသည်းခံနေခဲ့မှာ သေချာတယ်။ မြတ်ငယ်ရယ်.. မောင်တော့်အချစ်တွေနဲ့ မြတ်ငယ်ရဲ့ သောကဒုက္ခနေ့ရက်တွေ အစား.. မောင်တော် ဖြည့်ဆည်းပေးချင်ပေမယ့်.. ‌မောင်တော်.. မောင်တော်.. ဘယ်လိုများ ရင်ဆိုင်ရပါ့မလဲ ကွယ်"******ဒီပါစံ နန်းဆောင်....စာအုပ်စင်ကြီးတစ်ခုနဲ့ အဲကွန်း.. ရေခဲသေတ္တာ စတဲ့ .. ခေတ်မီအသုံးအဆောင်တွေ ရှိလာတာကလွဲရင်.. အခန်းထဲက အဆင်အပြင်အားလုံးသည်.. ဟိုအတိတ်တုန်းက အတိုင်းသာ။ကုတင်ပေါ် တင်ပါးလွှဲထိုင်လျက်.. ကြမ်းပြင်ကို ငုံ့ကြည့်နေမိတဲ့ မင်းသားသတိုးဘုန်းတေဇ.. .. အတိတ်နေ့ရက်တွေကို ပြန်တွေးကြည့်နေပေမယ့် .. အရင်လောက် အနာမသည်းနိုင်တော့။ တေဇာ့ဆီမှာ အဖြေတစ်ခုက တိတိကျကျ ရနေခဲ့ပြီးပြီ။နာကျင်ကြေကွဲစရာ.. အတိတ်နေ့ရက်တွေကို ထွေးပိုက်ထားရာက .. အခု ပြည်ဖုံးကား ချလိုက်ဖို့ အချိန်ရောက်နေပြီလို့.. ခိုင်ခိုင်မာမာ တွေးနေမိတာကြောင့်လည်း.. ခေါင်ဖုရား သတိလစ်နေတဲ့ အချိန်လေးအတွင်းမှာ လုပ်သင့်လုပ်ထိုက်တာတွေကို .. ဆောင်ရွက်ထားခဲ့သည်။"ဒီပါရေ... မောင်တို့ ဆုတောင်းက သံသရာမှာ ဘယ်လိုတွေ လွဲခဲ့ကြသလဲ မသိတော့ဘူးကွယ်။ ဘယ်လိုပဲဖြစ်ဖြစ်.. မောင့်ရွေးချယ်ရာ လမ်းကို.. ဒီပါ တစ်နေ့တော့.. လမ်းစကောက်မိပါစေလို့ပဲ မောင် ဆုတောင်းပါရဲ့.. လောကမှာ.. ဖြစ်ခြင်း ပျက်ခြင်း မတည်မြဲခြင်းတွေကသာ.. အမြဲမှန်တဲ့တရားပဲ ဒီပါ။ မောင့် ဉာဏ်အမြင်ကို ..ဒီပါလည်း ရောက်ရာ ဘုံဘဝမှာ ထပ်တူ မြင်နိုင်ပါစေလို့ မောင်က ဆုတောင်းပါရဲ့ ဒီပါ။ ဒီရင်ဘတ်ကြီးက မနာတတ်တော့ဘူး ဒီပါရယ်။ မောင်တစ်ယောက်ပဲ ကြုံလိုက်ရတဲ့ အဖြစ်ဆိုးလို့ မောင်ယူကျုံးမရဖြစ်ခဲ့သမျှ... မောင့်ထက်ကိုပိုလို့... မေတ္တာကြီးမားကြသူတွေက မောင့်ကို လမ်းပြတယ်ဒီပါ။ မောင့်ဆုံးဖြတ်ချက်အတိုင်း... မောင့်လမ်းကို မောင် လျှောက်တော့မယ်။ ဒီနေ့ကစ ပြုသမျှ ကုသိုလ်ကို ဒီပါ့ကိုရည်စူးလို့ အမျှပေးပါရဲ့ကွယ်"စိတ်ဆုံးဖြတ်ချက်ချကာ... အမြစ်ဖြတ်ခဲ့ချင်တဲ့ သံယျောဇဉ်ကို.. အစသိမ်းဖို့ .. . ‌ခြေရင်းမှာ ပဆစ်တုပ်ထိုင်နေတဲ့ ခွန်ဖဆီ... စာချုပ်တွေလှမ်းပေးလိုက်သည်။"အရှင့်သား.. ခွန်ဖကို ဒီလိုများ ချန်ထားခဲ့လို့ ရမလားဘုရား။ ညီအကိုဆိုဘုရာ့။ အရှင့်သား စီမံလိုသမျှ ခွန်ဖအလုံးစုံလိုက်ခဲ့တာပါပဲ။ အခုလို လွတ်မြောက်ရာလမ်းကိုတော့ ခွန်ဖတစ်ယောက်တည်း ချန်မထားခဲ့ပါနဲ့လား ဘုရား""ဒီမှာခွန်ဖ.. မင်း ငါနဲ့လိုက်မယ်သေချာရင်.. ဟို‌ရောက်တဲ့အခါ.. ငါ့အရင် ရှင် ဖြစ်ရမယ်။ ငါက မင်းကို တစ်ဘဝတစ်သက်စာ ရှိခိုးရမယ် ။ ဒါမှ မင်းလိုက်ဖို့ ခွင့်ပြုမယ်""ခွန်ဖ.. ခြေဆုပ်လက်နယ် ပြုစုဖို့""‌တော်ပြီခွန်ဖ.. မင်းစေတနာနဲ့ သစ္စာကို .. ငါကောင်းကောင်းသိတာပေါ့ကွယ်။ ဒီဘဝ ဒီမျှလောက်ပဲ.. ဒီမျှလောက်ပဲ.. ရပ်ကြရအောင် ခွန်ဖရယ်။ မွေးခဲ့တုန်းက လည်း တစ်ဉီးတည်းလာခဲ့တယ်လေ.... ပြန်ကြတော့လည်း တစ်ဉီးတည်း ပြန်ကြရမယ်.. ကိုယ့်ကြမ္မာနဲ့ကိုယ်ပဲ ခွန်ဖရဲ့.. ကိုင်း.. ပြောနေကြာတယ် .. ခေါင်ဖုရား နဲ့ ထီးဘုရားဆီ အခစားဝင်ပြီး.. တို့ ဒီနေ့ညပဲ နောင်တော်ဘုရားဆီ သွားကြမယ်ကွယ်။""မှန်လှပါ အရှင့်သား.. ခွန်ဖကိုတော့ ချန်မထားခဲ့ပါနဲ့ဘုရား"ခိုင်မာမြဲမြံတဲ့ သံယျောဇဉ်ကို သိမ်းဆည်းဖို့ဆိုတာ.. ရင်ဆိုင်လေ.. ခက်လေ တိုက်ပွဲဖြစ်ပြီး.. ဖြေရှင်းလေ.. ရှုပ်ထွေးလေ ပုစ္ဆာပဲမဟုတ်လား။ရက်စက်တဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး..ခက်ခဲတဲ့ ပုစ္ဆာတိုင်းအတွက် အဖြေမှန်ကိုရဖို့.. လမ်းတစ်ခုတည်းရှိတယ်ဆိုတာ နားလည်ခဲ့ပြီးတဲ့‌နောက်တော့.. နောင်တော်ဘုရားလို အေးချမ်းတဲ့ဘဝကိုသာ တေဇာ လိုချင်မိတော့သည်။💖🌺⚜️🌺💖💖🌺⚜️🌺💖"မင်းသား သတိုးမဟာမင်းရှိန်နဲ့.. မင်းသမီးဒေဝီမြတ်နိုးယုယဟန်တို့ အခစားဝင်ကြောင်းပါဘုရား။"တစ်ရေးတစ်မော မှေးစက်ပြီး.. ကြည်ကြည်လင်လင်နိုးထလာခဲ့တဲ့ ကြင်ယာ‌တော်လေးကို ဝတ်လဲတော် ကိုယ်တိုင် လဲလှယ်ပေးနေတဲ့ ထီးဘုရားကြီး.. နဲနဲတော့ ညိုညင်သွားမိသည်။"အင်း ရှုပ်နိုင်ကြပါပေ့ကွယ်။""မောင်တော်.. မမ လာတယ်..။ မြတ်တွေ့ချင်နေတာ။ ရန်အောင်.. တံခါးဖွင့်ပေးလိုက်"‌ဆေးရုံပေါ်ကို ဘယ်သူမှ မလာရဘူးဆိုတဲ့ တစ်ချက်လွတ် အမိန့်ကြောင့်.. အခုမှ မျက်နှာတော်ဖူးကြရမယ့် မဟာတို့.. ခေါင်ဖုရားကို ဗိုက်ကလေးနဲ့တွေ့ရဖို့ မစောင့်နိုင်ကြ။ စိတ်လှုပ်ရှားစွာပဲ လက်ဖဝါးချင်းပွတ်နေမိသည်။ဆောင်ခန်းထဲ ဝင်တာနဲ့... အတွင်း‌ဆောင်ရဲ့ ဆန့်ကျင်ဘက် မိုးလေဝသအခြေအနေက ချက်ချင်းသိသာမြင်သာအောင်ပဲ မဟာတို့ကို ကြိုလေသည်။ဝင်းပတဲ့မျက်နှာလေးနဲ့.. သလွန်ထက်ကနေ ထလာဖို့ကြိုးစားနေရှာတဲ့ ခေါင်ဖုရား တစ်ကယ့်ကိုယ်ဝန်ဆောင်.. ဝမ်းဗိုက်ပူလေးကို ထိမ်းကာထနေချိန်...ပြိုတော့မယ့်မိုးလို.. မှိုင်းညို့နေတဲ့ နောင်တော်ဘုရားရဲ့ နဂါးမျက်စောင်းကတော့... မဟာ့ဘက်ကို တစ်ချက်ပစ်လွှတ်လိုက်ပြီး.. ကြင်ယာတော်လေးကို တယုတယ ဖေးမနေလေသည်။"အို မထနဲ့လေ မြတ်ငယ်.. သူတို့အနားလာကြလိမ့်မယ်။ ပြန်ထိုင်နော်.. သိပ်လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့ဆိုနေမှကွယ်""မမ လာလာ .. မြတ်အနားလာထိုင်.. ။ မဟာ လာလေ.. ဒီမှာထိုင် အောက်မှာဒူးထောက်ဖို့မလိုဘူး.. လာပါ။ မြတ်အရမ်းသတိရနေတာ"မြတ်နိုးယုယဟန်.. မောင်ငယ်လေးရဲ့ ဖောင်းမို့နေတဲ့လက်တွေကို ကိုင်ဆွဲလိုက်ပြီး.. ရင်ဘတ်မှာအပ်ကာ.. မျက်နှာကိုတစ်စိမ့်စိမ့်ကြည့်နေမိသည်။"မမဆီကိုများ လာခဲ့ပါလား မြတ်ရယ်။ မမကို ပစ်ထားခဲ့လိုက်တာပဲ ဟင်..။ ဒီအတောအတွင်း ဘယ်လိုဒုက္ခတွေကြုံခဲ့သေးလဲ မောင်လေးရယ်။ မမ နေရာအနှံ့လိုက်ရှာတာတောင် မတွေ့ခဲ့ဘူး။ မောင်လေးက မမအနားနီးနီးလေးမှာ ရှိနေတာတောင် .. မမ မသိခဲ့ဘူးကွယ်""အို.. မငိုပါနဲ့မမရယ်။ မြတ် အခုပြန်ရောက်နေပြီပဲ။ မမ ဆီမလာတာမဟုတ်ပါဘူး .. မြတ်.. မမရဲ့တူ‌လေးတွေအတွက်.. မောင်တော့်အတွက်.. စဉ်းစားပြီး လုပ်သင့်တာ လုပ်ခဲ့ရုံတင်ပါ မမ။ ကဲ. . ဝမ်းနည်းမနေနဲ့တော့.. နော် မမ"ချစ်ရတဲ့မောင်ငယ်လေးခေါင်းကို ပခုံးပေါ် မှေးတင်ထားစေရင်း မြတ်နိုးယုယဟန်.. ယုယုယယ ဖက်ထားလိုက်မိသည်။"ဘယ်တော့လောက် မွေးမလဲ မြတ်။ မွေးတဲ့အခါ.. လိုအပ်မယ့်ဟာတွေ မမ အားလုံးစီစဉ်ထားမယ်နော်။ မမ အနားလာနေပေးမယ်လေ။ မမပေါ့ဆတာတွေပါ မောင်လေးရယ်။ မေမေမှာခဲ့တာတွေကို မဖြစ်နိုင်လောက်ပါဘူးလေလို့.. မမ ပေါ့ပေါ့ တွေးခဲ့မိတယ်""မမ.. ဗိုက်ကိုကိုင်ကြည့်.. ဒီမှာ မမကို နှုတ်ဆက်နေကြတယ်သိလား။ ဟော ခဏခဏ ကန်နေတာ မမရဲ့.. မြတ်တစ်ခါတစ်လေ ညမအိပ်ရဘူး""ဟုတ်လား.. မမကိုင်ကြည့်မယ်‌နော် .. ဟင့် .. ဟင့်.. မြတ်ရယ် မေမေသာသိရင်.. သိပ်ဝမ်းသာမှာ""အာ မမကလဲ။ ငိုပြန်ပြီ။ မမဝမ်းသာလားဟင်.. မမဝမ်းသာရင် မေမေလည်းဝမ်းသာမှာပေါ့"ကွယ်လွန်ပြီးဖြစ်တဲ့မိဘတွေကို မြတ်ရော မြတ်နိုးယုယဟန်ရော သတိတရနဲ့ မျက်ရည်ကျမိကြသည်။"နောင်တော်.. သားရွှေအိုးထမ်းလာတာကို မြင်ရတော့တာပဲကိုးဗျ"မဟာ့ ခပ်တိုးတိုးစကားကြောင့်.. စောစောက နဂါးမျက်စောင်းတွေ သိမ်းတော့တာပင်။"ကြည့်စမ်းညီတော် . . မြတ်ငယ်ဟာ.. ဘယ်လောက်ကျက်သရေရှိလဲလို့""မှန်ပါပေတယ်ဘုရား...နောင်တော်.. ဒီအချိန်များ ဆင်ခြင်ရမယ်တဲ့‌နော်ဘုရား""အွန်း.. ညီတော် ဘာကိုလျှောက်ချင်တာလဲ""ခေါင်ဖုရားက ညမအိပ်ရဘူးဆိုလို့ပါ နောင်တော်""သယ်.. မဟာ.. ဘာစကားတွေလာလျှောက်တင်နေတာတုန်း။"နောင်တော့်မျက်နှာပေါ်က ရှက်သွေးနဲ့ .. ကြည်နူးမှုကို မင်းသားမဟာ.. ကြည့်ရင်း ပီတိဖြစ်ရသည်။ငယ်စဉ်ကတည်းက.. အားလုံးအပေါ်အနစ်နာခံ အပင်ပန်းခံ ကြိုးစားပြီး.. အရွယ်နဲ့မတန်တဲ့ အခြေအနေတွေကို ထိမ်းသိမ်းခဲ့ရလို့ ပြုံးတော်မူဖို့တောင် မေ့နေတတ်တဲ့ နောင်တော်ထီးဘုရား ..အခုတော့ ပြုံးရွှင်လို့.. မျက်စောင်းတွေထိုးတာကလည်း မနိုင်လောက်အောင်.. ထိုင်စကားပြောနေတဲ့ ကြင်ယာတော်ကို လက်လှုပ် ခြေလှုပ်လေးကအစ .. ထားစရာမရှိအောင် ဂရုစိုက်နေတာက‌တော့.. မဟာ့အတွက် ကြည့်လေ ကျေနပ်လေ ဖြစ်ရသည်။"ညနေအဆာပြေပွဲတော်အုပ် ဆက်သပါရစေဘုရား""ဟော.. မုန့်လာပြီ .. ရန်ပုံခွင်း ယူခဲ့။ မမနဲ့ မဟာ မြတ်နဲ့အတူတူ စားမယ်နော် အတော်ပဲ မြတ်လည်း ဗိုက်ဆာနေတာ"စားတော်ကဲကြီး မောင်မင်းထွန်း ကိုယ်တိုင်ရွက်ယူလာတဲ့ ပွဲတော်အုပ်ကြီးထဲမှာ..မုန့်ကြာစေ့.. ပေါင်မုန့်နို့စမ်း.. ကျောက်ကျော.. ပူတင်း.. စသည်ဖြင့် အာဟာရဖြစ်စေမယ့် မုန့်အချိုပွဲများ ဇီးယိုများ စသည်တို့ အပြည့်အမောက်။စားဖိုဆောင် အပျိုတော်တွေ ရွက်လာတဲ့ ပွဲတော်အုပ်တွေထဲမှာတော့ . . သစ်သီးမျိုးစုံနဲ့ .. ဖျော်ရည်များအပြင်.. ပလာတာ.. အီကြာကွေးစသည့် ဂျုံမုန့်များကိုပါ.. ဆက်သလာတာမို့ မြတ် ဝမ်းသာနေတော့သည်။ညီအကို .. မောင်နှမ လေးယောက်သား.. ပွဲတော်အတူတည်ဖို့အခွင့်အ‌ရေးရတာမို့ လည်း မြတ်ပျော်သည်။ ပျော်နေတဲ့မြတ်အနား ထီးဘုရားဝင်ထိုင်တာမို့ ဒေဝီ မြတ်နိုးယုယဟန် သလွန်မှထကာ.. မင်းသား မဟာနဲ့အတူ သလွန်ထက်မှာ တွဲလျက်ထိုင်ရင်း‌နေရာယူလိုက်ရသည်။ပွဲတော်အတူတည်ရင်း.. နတ်စင်ရွာလေးက အဖြစ်တွေကို မေးမြန်းမယ်ကြံထားသမျှ မဟာတို့ တစ်ခွန်းမှ မမေးဖြစ်ကြ။ မျက်စေ့အောက်က.. ချစ်ကြည်နူးတဲ့ စုံတွဲလေးကိုသာ မုန့်စားရင်း ငေးနေကြရတဲ့ အဖြစ်..။ထီးဘုရားခွံ့ကျွေးသမျှ ပါးစပ်လေးတစ်လှုပ်လှုပ်ဝါးနေတဲ့ ခေါင်ဖုရားနဲ့ မုန့်တစ်မျိုးစီကို သူကိုယ်တိုင်ပဲ ပြင်ဆင်လာသလိုမျိုး အမျိုးအမည်ခွဲခြားရင်း ‌ခေါင်ဖုရားပါးစပ်အဟကို ဇွန်းလေးကိုင်ကာ စေ့စေ့ကြည့်လျက် စောင့်နေတဲ့ ထီးဘုရား.. တစ်ဇွန်းခွံ့လိုက်တိုင်း.. ပြုံးသွားတဲ့ နှစ်ကိုယ်တူ အပြုံး..ကျက်သရေရှိလိုက်လေတယ်။မဟာ.. မုန့်တစ်ခုကောက်စားလိုက်ပြီး မြတ်နိုးယုယဟန်ဘက် ခေါင်းစောင်းလိုက်ကာ.. တီးတိုးလေး ပြောမိသည်။"မမယုယ.. မဟာတို့တော့ ပလစ်ခံရတာပဲ. . သူတို့နှစ်ယောက်တည်း တစ်ကမ္ဘာတည်နေကြတာတွေ့လား။ အဲ့ဒါ မဟာတို့ကို FA တွေဆိုပြီး မခန့်တာ မမ"မြတ်နိုးယုယဟန်.. မောင်ငယ်လေးတို့ မောင်နှံကို ကျေနပ်စွာပဲ ငေးနေမိသည်။တီးတိုးစကားဆိုနေကြတဲ့ မဟာတို့ကို ထီးဘုရား စောင်းငဲ့ကြည့်ရင်း.. မဟာ့ကို အဓိပ္ပါယ်ရှိရှိ ကြည့်လိုက်ကာ မျက်ခုံးတစ်ဘက် ပင့်လိုက်တဲ့ ထီးဘုရားကြောင့် မြတ်လည်း လှည့်ကြည့်မိသည်။"မြတ်ငယ်... ဘယ်လိုသဘောထားသလဲ ကွယ်။ မောင်တော့်သဘောကတော့ .. မြတ်ငယ်ဆီမှာ လူတောင်းရတော့မှာ""အို.. မောင်တော်ကလည်း.. မမကို မေးပါရစေအုံး""ကြည့်ရတာ နှစ်ကိုယ်စိတ်တူကိုယ်တူ ရှိကြပုံပဲမြတ်ငယ်ရဲ့.. အင်း ကြေညက်အောင် ဝါးပါ ပြီးမှ စကားပြောနော်""အသက်မကွာတော့ အဆင်ပြေမယ်ထင်တာပဲ မောင်တော်.. မြတ် မျက်နှာပူလိုက်တာ ဟိ""အို.. သိပ်မရယ်နဲ့ မြတ်ငယ်.. သီးများသွားမှဖြင့်.. ဒီမှာရေနဲနဲသောက်နော်။ ကဲ တစ်လုပ်လောက် ထပ်စားပါအုံး""မမကို မြတ် တီးခေါက်ထားလိုက်ရမလား မောင်တော်""မလောပါနဲ့ မြတ်ငယ်။ မီးဖွားပြီးတော့မှ စီမံရင်လည်းနောက်မကျပါဘူး။ မဟာက နှုတ်နှေးတယ်ကွဲ့""အဟင်း.. သူ့နောင်တော်အတိုင်းပဲနေမှာပေါ့ .. မောင်တော်""အို မြတ်ငယ်ကလည်း.. မောင်တော်က နှုတ်နှေးတာမဟုတ်ဘူးကွဲ့.. ဟောဒီက ကြင်ယာတော်လေး မောင်တော့်ကို လန့်သွားမှာစိုးလို့ အိနြေ္ဒဆည်နေခဲ့ရတာ""မြတ်က... မောင်တော့်စိတ်ကို.. အစောကြီးကတည်းက သိပြီးနေနှင့်ပေါ့။""မှန်ပါတယ်ကွယ်။ မောင်တော့်အချစ်လေးကို ဖုံးကွယ်ထားလို့ရတာ ဘာမှမရှိပါဘူး .. ကဲ။ ဒါလေးတစ်ဇွန်းစားပြီးရင် တော်ကြစို့နော် မြတ်ငယ်။ မောင်တော်တို့ လမ်းလျှောက်ကြမယ်လေ နော်"နှုတ်ခမ်းလေးများကို.. လက်သုတ်ပုဝါနဲ့ တယုတယ သုတ်ပေးပြီး ကြည်လင်နေတဲ့ ချစ်ခင်ပွန်းလေးမျက်နှာတော်ကို ကိုယ်တော်ကြီး တစ်မေ့တစ်မော ငေးနေမိသလို.. ချစ်ရတဲ့ လင်တော်မောင့်ကို.. မြတ်ငယ်ကလည်း ပြည့်ပြည့်ဝဝ ပြုံးရင်း မျက်လုံးချင်းဆုံလျက်.. တစ်လောကလုံးကို မေ့ပစ်လိုက်မိတော့သည်။"မဟာတို့အတွက် ဒီအခန်းထဲမှာ နေရာမရှိပါဘူး မမယုယရယ်.. မနှင်ပေမယ့် သိတတ်မှပါလေ။ ကဲ သွားကြပါစို့ မမယုယ.. မဟာ အိမ်ပြန်ပို့ပေးပါ့မယ်.. အချစ်ငှက်ငယ်လေးတွေ တစ်တီတူး ချစ်ကြည်နူးလို့ နေခဲ့ကြပါတော့"မဟာ့ရဲ့ခနဲ့စကားကို ထီးဘုရားကြီး ခေါင်းတစ်ဆတ်ဆတ်ညှိမ့်ပြလိုက်သည်။"ညီတော်ပြန်သင့်တာ ကြာပြီကွဲ့""အဟား.. သိပါပြီနောင်‌တော် သိပါပြီ။ ခေါင်ဖုရား.. ကျန်းမာရေးဂရုစိုက်ပါနော်။ လိုအပ်တာရှိရင် မဟာ့ကို သတိရလိုက်ပါဘုရား""မမပြန်လိုက်ပါအုံးမယ် ခေါင်ဖုရား။ လိုအပ်တာတွေ ပြင်ဆင်ထားမှာပါဘုရား""အို မလိုဘူးနှမတော် .. မလိုပေဘူး။ ကိုယ်တော် အားလုံးပြင်ဆင်ထားပါပြီ။ စိတ်အေးလက်အေး ပြန်ကြပေတော့""မနှင်လည်း ပြန်မှာပါ နောင်တော်ရယ်""ဟားဟား"ဘုရင့်နန်းဆောင်ခန်းထဲက ပျံ့လွင့်လာတဲ့ ရယ်မောသံများကို .. နားဆင်နေရင်း.. ဉီးရီးတော် တေဇ.. နှစ်ခြိုက်စွာပဲ ခေါင်းတစ်ဆတ်ဆတ် ညှိမ့်လိုက်သည်။ နာမကျန်းရှာတဲ့ ဖခမည်းတော်နဲ့ မယ်တော်တို့ကို လိုလေသေးမရှိ ပြုစုစောင့်ရှောက်ရရှာတဲ့ ခယ်မတော် မိဖုရားခေါင်ကြီးလက်ကနေ.. ရင်ဝယ်သားလို ပြုစုစောင့်‌ရှောက်ခဲ့ရတဲ့ .. တူတော်လေး.. မျက်စိတစ်မှိတ်အတွင်းမှာပဲ.. အရွယ်ရောက်သွားခဲ့ပြီပဲ။ ဒီပါ့ရဲ့ လက်ပေါ်မှာ ကြီးပြင်းလာခဲ့တဲ့ တူတော်လေးဟာ.. အသက်မဲ့နေတဲ့ ဒီပါ့ကိုယ်ပေါ် မျက်နှာအပ်ကာ ငိုရင်း ပြန်လည်များချီပွေ့လေမလား မျှော်လင့်နေခဲ့တဲ့ နေ့ရက်တွေကို မမြင်လိုပါဘဲ တေဇ ပြန်မြင်ယောင်နေမိပြန်သည်။အမြဲထာဝရ ရယ်မော ပျော်ရွှင်နေပါစေ တူတော်မင်းကြီးဘုရား..ခေါင်ဖုရားကိုလည်း ဒီထက်ပိုလို့ ချစ်မြတ်နိုးနိုင်ပါစေ..။ ခေါင်ဖုရားရဲ့ တူတော်မင်းကြီးအပေါ်ထားတဲ့ မေတ္တာကိုတော့... ထပ်မံစေ့ငုစရာမလိုတော့တာ အမှန်။"ဉီးရီးတော်တေဇာ.. နဲ့ ကိုယ်ရံတော် ခွန်ဖတို့ အခစားဝင်ကြောင်းပါဘုရား""အို.. ဉီးရီးတော်တို့ကြွလာကြတယ်။ မြန်မြန် တံခါးဖွင့်ပေးပါ ရန်ပုံခွင်း။ ဉီးရီးတော် အာ..ဒူးထောက်ဖို့မလိုဘူး သလွန်မှာထိုင်ပါ ဉီးရီးတော်"ခေါင်ဖုရားခွင့်ပေးပေမယ့်. . တေဇာနဲ့ခွန်ဖတို့ ဒူးထောက်ခစားလိုက်ကြသည်။"ထီးဘုရား.. ကျွန်တော်မျိုးတေဇ.. အခစားဝင်ပါတယ်ဘုရား""ဉီးရီးတော်.. ကျန်းခန့်သာလို့မာပါစ။ ကိုယ်တော်တို့ မျက်စေ့အောက်ကနေ ရှောင်ပြေးနေတာ.. နှစ်ပေါင်းများစွာကြာပြီပဲလေ။""မှန်လှပါ.. ထီးဘုရား။ ခေါင်ဖုရားနဲ့ထီးဘုရား အရှင်နှစ်ပါးထံက ကျွန်တော်မျိုး ခွင့်တောင်းလိုပါတယ်ဘုရား"ဝဏ္ဏလက်ထဲ ထည့်လိုက်တဲ့စာချုပ်အိတ်လေးကို ခေါင်ဖုရား ငဲ့ကြည့်လိုက်ပြီး.. တေဇာတို့ကို ညှိုးငယ်စွာဖြင့်သာ.. ငေးနေလေပေမယ့်.. တေဇာ ... ဆုံးဖြတ်ချက်တို့ကို လျှောက်တင်မိသည်။"ပူဆွေးသောကတွေနဲ့ နေခဲ့တဲ့သက်တမ်းက လုံလောက်ပါပြီဘုရား။ ကျွန်တော်မျိုးပိုင်ဆိုင်သမျှ စည်းစိမ်အားလုံးကို ခေါင်ဖုရားနဲ့.. မြေးတော်လေးတို့အတွက်.. လွှဲပြောင်းအပ်နှင်းခဲ့ချင်ပါတယ်ဘုရား။ ကျွန်တော်မျိုးကတော့.. နောင်တော်ကြီးခြေရာကိုနင်းလို့ သာသနာ့ဘောင် ဝင်ပါတော့မယ်ဘုရား""အော်.. ဒါကိုခွင့်‌တောင်းချင်တာလား ဉီးရီးတော်။ ကောင်းမြတ်တဲ့ဆုံးဖြတ်ချက်ပါပဲလေ။ ဉီးရီးတော်ရဲ့ စည်းစိမ်တွေကိုတော့ ကိုယ်တော် လက်ခံထားပါ့မယ်။ ဒါပေမယ့်.. သုံးစွဲပုံကတော့ ကိုယ်တော့်အဆုံးအဖြတ်အတိုင်းပဲ မဟုတ်လား ဉီးရီးတော်""မှန်ပါ.. ခေါင်ဖုရားအဆုံးအဖြတ်အတိုင်းပါ ဘုရား""ဉီးရီးတော်.. ကိုယ်တော်တို့ကတော့ ဉီးရီးတော်ကို အားရ‌အောင် ပြုစုချင်ပါသေးရဲ့ ဒါပေမယ့် ဉီးရီးတော်က ဘယ်အချိန်လောက် ကြွဖို့စိတ်ကူးထားသလဲ""မှန်ပါထီးဘုရား.. ကျွန်တော်မျိုး ဒီနေ့ညပဲ မော်လမြိုင်ကို သွားဖို့ စိတ်ကူးပါတယ်ဘုရား""ဟင် .. မြန်လိုက်တာ ဉီးရီးတော်ရယ်။""လျှောက်တင်ပါရစေဘုရား.. ငယ်ကျွန် ခွန်ဖ လည်း အရှင့်သားခြေရာထပ်လို့ လိုက်ပါလိုပါတယ်ဘုရား""ဟင်း..."သက်ပြင်းချရင်း ငြိမ်သွားရှာတဲ့ မြတ်ငယ်ကို.. ကိုယ်တော်ကြီး ဘယ်လိုနှစ်သိမ့်ရမလဲ မသိတော့။သံယျောဇဉ်ကြီးတတ်ပါတယ်ဆိုမှ.. အခက်အခဲတွေကြားက စောင့်ရှောက်ထားခဲ့တဲ့ ဉီးရီးတော်တို့ကို မြတ်ငယ် ပိုပြီးသံယျောဇဉ်တွယ်နေမိမှာ အမှန်ပင်။"ကဲ.. ဒါဆိုလည်း.. ဉီးရီးတော် ဆုံးဖြတ်ချက်အတိုင်းပါပဲလေ။ ခွန်ဖ.. ဉီးရီးတော်ကလက်ခံရင် မောင်မင်းကိုလည်းအခွင့်ပြုပါရဲ့။ ရန်ပုံခွင်း.. ငနိုင့်ကို ကားပြင်ခိုင်းထားလိုက်။ ရန်အောင်.. ဉီးရီးတော်တို့ ပဇင်းခံဖို့ လိုအပ်သမျှ စီမံပေး။ ဖဘုရားကို လျှောက်တင်ဖို့.. လူအရင်လွှတ်လိုက်စမ်း။""မောင်တော်.. ခဏ။ ဉီးရီးတော်တို့ကို ဒီမှာပဲ ပဇင်းခံပေးပြီး ဖဘုရားကိုပင့်ပြီး ဆွမ်းကပ်ချင်တယ်။ ပြီးမှ.. ဖဘုရားနဲ့အတူ .. ဉီးရီးတော်တို့ကို မော်လမြိုင်ပြန်ပင့်ရင် ရတယ်မဟုတ်လား။ မြတ်က ကိုယ်ဝန်နဲ့ မသွားနိုင်ဘူးလေ။ အဲ့လိုဆိုရင်.. မကောင်းဘူးလား ဟင်""သင့်မြတ်တဲ့အကြံပါပဲ မြတ်ငယ်။ ဉီးရီးတော် ကိုယ်တော် ခေါင်ဖုရားပြောသလိုစီမံရင် လက်ခံမယ်မဟုတ်လား။""မှန်ပါ.. ဝမ်းမြောက်လှကြောင်းပါဘုရား။""ကိုင်း ရန်ပုံခွင်း ရန်အောင်.. သူဇာ့ကို အခစားဝင်ခိုင်းလိုက်စမ်း။ ဉီးရီးတော်နဲ့ ခွန်ဖကို ရဟန်းခံပေးမယ်။ ဖဘုရားဆီ ရန်ပုံခွင်းကိုယ်တိုင် သွားလျှောက်တင်ခြေ။ နန်းတော်မှာ ဆွမ်းဝတ်ပြုဖို့ .. သေချာ ပင့်လျှောက်ခဲ့။ ဆွမ်းကပ်ဖို့အတွက်.. ဒေါင့်စေ့အောင် စီစဉ်ကြ""အမိန့်တော်မြတ်အတိုင်းပါဘုရား"ဉီးရီးတော်တို့ ဉီးချထွက်ခွာသွားကြချိန်.. လက်ထဲရောက်လာတဲ့ စာချုပ်စာတမ်းတွေကို မြတ် ကိုင်ထားရင်း.."မောင်တော် .. ဉီးရီးတော်တို့ လယ်တွေကို ‌ရောင်းလိုက်ပြီးတော့.. ရတဲ့ငွေကို ဘဏ်ထဲထည့်ပေးထားပါနော်။ ဉီးရီးတော်နဲ့ ခွန်ဖတို့မှာ ကျောထောက်နောက်ခံရှိတာမဟုတ်ဘူး။ အသက်အရွယ်ရလာလို့ ကျန်းမာရေးအတွက် သုံးနိုင်အောင် ပြင်ဆင်ပေးထားတာကောင်းမယ်နော်""မြတ်ငယ်ရယ်.. အခုလိုလေး.. ထက်မြက်တဲ့အတွေးတွေ.. နွေးထွေးတဲ့နှလုံးသားတွေရယ်ကို မောင်တော် မြတ်နိုးမဆုံးပါဘူးကွယ်.. ကိုင်း မြတ်ငယ်စီမံသလို ဖြစ်စေရပါ့မယ်။ ဝဏ္ဏ.. ရန်မျိုးအောင် ဆီ ဒီညနေ အခစားဝင်ဖို့ ဖုန်းဆက်လိုက်စမ်း..။ ကဲ မြတ်ငယ်.. မောင်တော်တို့ လမ်းလျှောက်ကြမယ်နော် လာ"🌸💫⚜️💫🌸🌸💫⚜️💫🌸Oxford University တက္ကသိုလ်ကြီးရဲ့ အထင်ကရ ကျောက်တိုင်ကြီးရှေ့.. လူငယ်နှစ်ဉီး ရယ်မောကာရပ်နေကြတဲ့ ဓါတ်ပုံလေးက .. အသက်ဝင်နေဆဲ။ထိုဓါတ်ပုံထဲက လူငယ်နှစ်ဉီးမှာ တစ်ဉီးက စီးပွားရေးပညာကို ထူးချွန်ပြီး တစ်ဉီးက အတွေးအခေါ်ပညာကို ပိုအားသန်ခဲ့ပေမယ့်.. နှစ်ဉီးစလုံးကတော့ တက်ရောက်နေတဲ့ စာသင်နှစ်မှာ ဆုအကြိမ်ကြိမ်ရသည်အထိ ထူးချွန်ခဲ့ကြဖူးသည်။သခင် နဲ့ ကျွန်ပညတ်တွေကို ဖယ်လိုက်ပြီး .. သူငယ်ချင်းကောင်းအနေနဲ့ အတူစားအတူသွားအတူနေခဲ့ရတဲ့ ဒီအတိတ်နေ့တွေက .. အခုချိန် ပြန်စဉ်းစားတော့လည်း သာယာနေဆဲပင်။လက်ထဲမှာ.. ဓါးခုတ်ရာတွေ သေနတ်ဒဏ်ရာတွေနဲ့ သွေးအလိမ်းလိမ်း လူးပြီး သေငယ်ဇောမျောနေတာတောင်မှ.. မင်းကိုလည်းစုံမက်တာပဲကွဲ့ဆိုတဲ့စကားကြားရုံနဲ့တင်.. ပြုံးသွားနိုင်သေးတဲ့ သူငယ်ချင်း..နန္ဒရဲ့ စကားတစ်ခွန်းကို .. ဘယ်တုန်းကမှ နှစ်ခါမမေးခဲ့.. ချက်ချင်းအကောင်အထည်ဖော်ခဲ့တဲ့ သူငယ်ချင်း။ကဗျာလေးတွေ.. စာတိုလေးတွေ ကို ချောင်မှာကုပ်ထိုင်ရင်း တစ်ကိုယ်တည်းရေးနေရတာကို ဝါသနာထုံလှတဲ့သူငယ်ချင်း..မြင့်မားထွားကျိုင်းတဲ့ ကိုယ်ခန္ဓာနဲ့ မလိုက်ဖက်လောက်အောင် .. နုငယ်လှတဲ့ မျက်နှာကြောင့်.. အပျိုတွေဝိုင်းနေခဲ့တဲ့ သူငယ်ချင်း..သူငယ်ချင်း တစ်ဖြစ်လဲ.. နန္ဒချစ်ဉီးသူ ကို .. အခုတော့. . ဓါတ်ပုံလေးထဲကနေပဲ လှမ်းလို့ တ ရ‌တော့သည်။"ဟေ့.. ဗြတ္တ.. မင်းကွာ..ကလေးခြေမကိုဘာလို့ငုံထားတာလဲ""မင်းသားမဟာလေးက .. ခြေမကိုငုံထားရင် မငိုဘူး အရှင့်သားရဲ့.. ကြည့်ပါလား မျက်လုံးလေး လဲ့လို့.. ရယ်နေတာ.. လူချောလေးဖြစ်မယ့် မင်းသားလေး။ အိမ်ရှေ့စံချောတာက တစ်မျိုး .. မင်းသားလေး ချောတာ တစ်မျိုး နော် အရှင့်သား။ ဟော.. ဒီက ငယ်ကျွန်ကြီး လေယာဉ်ပျံလုပ်ပေးမယ်။ မင်းသားလေး လေယာဉ်ပျံကြီးစီးမယ်""အာ.. ဟေ့ ဗြတ္တ မင်းကွာ.. မင်းက မူးလဲရင် ကလေးပိမိမှာပေါ့. . လာလာ ထိုင်တော့.. အိမ်ရှေ့စံကို ထမင်းခွံ့ပြီးတာနဲ့ မင်းသားကို ငါ နို့ဗူးတိုက်မယ်""အရှင့်သား.. ဗြတ္တ နို့ဗူးတိုက်တတ်ပါတယ်ဆို.. ပေးပါ။ မင်းသားက ဗြတ္တတိုက်တဲ့နို့ဗူးကို ဟောဒီလို စို့မှာဘုရား"ခြောက်လအရွယ် မင်းသားသတိုးမဟာမင်းရှိန်ကလေးကိုလက်နှစ်ဘက်နဲ့ပွေ့လျက် .. လေပွေမွှေ့နေတတ်တဲ့ ဗြတ္တ..မင်းသားမဟာလေးရဲ့ခြေမကို မင်းသားလေးအသက်အတော်ကြီးတဲ့အထိ ငုံထားတတ်တဲ့ ဗြတ္တ..မင်းသားမဟာလေးအတွက် နို့ဗူးကို စွပ်ကျယ်ဖြဲလို့.. အမေနို့သီးခေါင်းလိုထုတ်ပြီး ရင်မှာပွေ့ကာ နို့တိုက်တတ်တဲ့ဗြတ္တ..။မင်းသားမဟာ.. နာမကျန်းလာချိန်.. အနားကနေ ခြေရောလက်ပါ မကိုင်မိအောင် စိုးရိမ်ကြောင့်ကြလွန်းလို့.. လက်ပေါ်က မချစတမ်း.. ထွေးပွေ့ထားရလောက်အောင် ချစ်ခဲ့တဲ့ ဗြတ္တ..မင်းသားမဟာနန်တော်ပြင်ပ နှင်ထုတ်ခံလိုက်ရသလို ပြောင်းရွှေ့သွားခဲ့ချိန်... ကိုယ်ရံတော်အဆောင်မှာ တစ်နေ့တစ်ည အခန်းတံခါးပိတ် လွမ်းဆွတ်နေခဲ့တဲ့ ဗြတ္တ..ကျိန်စာကြောင့် အသက်ဆယ်နှစ်မပြည့်သေးတဲ့ ကလေးငယ်လေးကို လုပ်ကြံသတ်ဖြတ်ဖို့ ဖြစ်လာလေတော့.. အဆိပ်ပုလင်း ခါးကြားထိုး.. ကျွမ်းကျင်လှတဲ့ ပေါက်ဓါးမြှောင်ကို သပ်ရင်း.. နန်းတော်ကို လေးကန်စွာ ကျောခိုင်းသွားခဲ့တဲ့ ဗြတ္တ..အတိတ်ကို ပြန်တွေးမိတိုင်း .. နန္ဒရင်ထဲမှာ စူးလှတဲ့ ဆူးက အရွယ်အစား ပိုကြီးလာသလိုပင်။နာလိုက်တာ။ိငါ ဘယ်နားမှာ မှားခဲ့တာလဲ ဗြတ္တရယ်..ထီးဘုရားအလစ်ကို ချောင်းပြီး ဒီအခန်းဒေါင့်လေးမှာ မင်းလာထိုင်တတ်စဉ်တုန်းက ငါ တန်ဘိုးထားရကောင်းမှန်းမသိခဲ့ဘူး ဗြတ္တ..။ငါက ခေါင်ဖုရားကို သတ်ပစ်ချင်ပေမယ့်.. မင်းက ခေါင်ဖုရားခြေရင်းဝပ်စင်း ခစား ခဲ့တာပဲ။ငါ့ကို ပုန်ကန်ရလောက်အောင် .. မင်း အပေါ် ဘယ်အရာတွေကများ.. လွှမ်းမိုးသွားလဲ ဗြတ္တရယ်။ အခုလိုသေကွဲကွဲရမှာ ကြိုသိနေနှင့်ပြီတာတောင်မှ.. ငါ ရင်တွေနာလိုက်တာလေ။🌸💫⚜️💫🌸🌸💫⚜️💫🌸လှမ်းလျှောက်လာတဲ့ ခြေလှမ်းတိုင်းက အရင်လောက် မမြန်.. ဖောင်းမို့အောင် ရောင်နေတဲ့ ခြေထောက်တွေကြောင့်ရော.. ရှေ့ကို ပူထွက်နေတဲ့ကိုယ်ဝန်ကြောင့်ရော .. ခြေလှမ်းတွေက ထင်သလောက်မသွက်လက်တော့။ ဒါပေမယ့်လည်း ... ဒီလမ်းကို မြတ် သေချာ သွားချင်မိတာကြောင့် အနားက လင်တော်မောင်လက်ကိုတွဲရင်း.. အားတင်းလျှောက်လာခဲ့သည်။အိမ်နိမ့်ဆောင် စင်္ကြန်လမ်းတစ်လျှောက်.. ပိတောက်ပန်းတွေ ဖူးနေတာ လှလိုက်သည့်မြင်ကွင်းပင်။ ဉယာဉ်ကြီးထဲ ဖြတ်လျှောက်လာရင်း အနောက်က တိတ်တဆိတ်လိုက်ပါလာတဲ့ ရံရွေတော်များ ကို မြတ် ပြန်လွှတ်လိုက်ပြီး.. ကိုယ်ရံတော်နဲ့ အပါးတော်မြဲတို့ကိုသာ နောက်ကလိုက်စေလိုက်သည်။အိမ်နိမ့်ဆောင်ထဲ လှမ်းအဝင်.. မြတ်တို့အရှေ့ကို ဒူးထောက်ခစားလာတဲ့ သူက အထိမ်းတော်ကြီး ဒေါ်သူဇာနဲ့ အဆောင်ထိမ်း ငမိုးဆွေ။"ခေါင်ဖုရား.. ကိုယ်ဝန်ကြီးနဲ့ အသုဘနေရာကို မကြွစကောင်းပါဘူးဘုရား"အထိမ်းတော်ကြီး မသူဇာ.. ဒူးထောက်ခစားရင်း အတော် အရဲကိုးပြီး တားမြစ်လာတာမို့ မြတ် တည်ကြည်စွာပဲ တုန့်ပြန်ဖြစ်သည်။"မသူဇာ.. ကိုယ်တော့်ကို ကြည့်စမ်း။ ကိုယ်တော့်ဆီ တည့်တည့်ပစ်တဲ့ သေနတ်ကျည်က .. နှစ်ချက်တောင် မသူဇာ။ အဲ့ဒီကျည်မတိုင်ခင် ဟောဒီရင်ဝကို ထိုးတဲ့ဓါးဉီးချွန်က နစ်ဝင်ဖို့တစ်လက်မလောက်သာ လိုတယ်။ အဲ့ဒီသေလောက်တဲ့ အရာတွေအားလုံးကို ကိုယ်တော့်ရှေ့ကနေ အသက်ကိုပေးလို့ ကာကွယ်သွားခဲ့တဲ့သူ.. သူ့ အသုဘကို ကိုယ်‌တော်မှ မကြွရင်.. ကိုယ်တော် လူဖြစ်ပါအုံးမလား ဟင်။"မျက်စေ့မျက်နှာပျက်နေတဲ့ မသူဇာအပြင် အဆောင်ထိမ်းကြီး ငမိုးဆွေကပါ ရှေ့ကမထဘဲ တောင်းပန်နေကြလို့ မြတ် မောင်တော့်ဆီငဲ့ကြည့်မိတော့."မြတ်ငယ်သဘောအတိုင်းပါ မြတ်ငယ်""အင်း.. ကိုယ်တော်လေ.. ရှေးထုံးကိုလည်းမပယ်ပါဘူး။ လက်လွတ်စပယ်လည်း မနေပါဘူး။ ဒါပေမယ့်.. ဒီနေ့တော့ ကိုယ်တော့်စိတ်အလိုအတိုင်း ရှိပါရစေလား.. မသူဇာ .. ငမိုးဆွေ.. ကိုယ်တော် တောင်းပန်ပါရဲ့ကွယ်"မြတ်စကားကို အိမ်နိမ့်ဆောင်အပေါက်ဝကနေ ဒူးထောက်ကြိုဆိုကာ နားထောင်နေတဲ့ ဉီးရီးတော်နန္ဒ.. မျက်ရည်များနဲ့ လှမ်းမျှော်ရာကနေ အနားထိတိုးကာ ကပ်လာခဲ့တော့သည်။မြတ်အနားရောက်လာတဲ့ဉီးရီးတော်နန္ဒကို မြတ် လက်လှမ်းပေးလိုက်ချိန်.. ဉီးရီးတော်နန္ဒ မျက်ရည်များဖြင့်ပဲ မြတ်လက်ကိုတွဲကိုင်လျက်. . အိမ်နိမ့်‌ဆောင်အတွင်း ဆောင်ယူလေသည်။ဗြတ္တနဲ့ ဉီးရီးတော်တို့ အတူတူ တွဲလျက် ရိုက်ထားတဲ့ဓါတ်ပုံလေးက .. သလွန်ထက်မှာ နေရာယူထားလို့.. ဉီးရီးတော်နန္ဒ ဘယ်လောက်တောင် သတိရနေလိမ့်မလဲ ဆိုတာ မြတ် ခန့်မှန်းလို့ရသည်လေ။ကြမ်းခင်းပေါ်မှာ ဖြစ်သလိုနေထိုင်နေတဲ့ ဉီးရီးတော်က.. အရှင်နှစ်ပါးကို သလွန်ထက် နေရာပေးကာ ကြမ်းပေါ်မှာပဲ ဖြစ်သလို ထိုင်ခစားလေသည်။"ဉီးရီးတော်.. မောင်တော့်က ကိုယ်တော့်ကို အပိုင်စားပေးလို့ ကိုယ်တော်ရဲ့လူဖြစ်နေပြီပဲ.. အခုလို နေဖို့စားဖို့ မလိုတော့ပါဘူး။ ဒီနေ့ကစပြီး ဗြတ္တအတွက် ကိုယ်တော့်အတွက့်အတွက် အရင်လိုပဲ ဉီးရီးတော်အဆင့်အရာနဲ့အညီ နေထိုင်ပါ။ ကိုယ်တော့်အတွက် ဉီးရီးတော် ဆောင်ရွက်ပေးစရာတွေ အများကြီးရှိတယ် နော်။ ဝဏ္ဏ.. ဉီးရီးတော် သန့်ရှင်းရေးနဲ့ ဒီသူရိယအဆောင်ကို ပါ.. အိမ်နိမ့်ဆောင်အဆင့်ကနေ မှူးမတ်အဆောင်အယောင် ပြင်ဆင်ပေးပါ။ ရန်အောင့်ကို ခဏကူညီခိုင်းမယ်နော် မောင်တော်""သင့်မြတ်လှပါတယ် မြတ်ငယ်။ ရန်အောင်.. မောင်မင်း ခေါင်ဖုရားခိုင်းစေသမျှ မလစ်လပ်စေနဲ့""ကျေးဇူးကြီးလှကြောင်းပါ ခေါင်ဖုရား""မှန်လှပါ ဘုရား""ဗြတ္တဟာ.. သိပ်ရည်မွန်ပါတယ် ဉီးရီးတော်။ ကိုယ်တော်က ဗြတ္တကို သူရလို့ အမည်သစ်ပေးထားလို့လေ.. ဒီအိမ်နိမ့်ဆောင်ကို သူရိယဆောင်လို့ မှည့်ခေါ်ပြီး ဉီးရီးတော်နန္ဒကို ဆောင်ခန်းအပ်နှင်းပါတယ်။ နန်းရင်းဝန်ရာထူးအတွက်များ သင့်တော်မလားဟင် မောင်တော်""သင့်တော်ပါပေတယ် မြတ်ငယ်.. ညီလာခံဝင်တဲ့နေ့များမှာ မောင်တော် အပ်နှင်းအာဏာ အမိန့်ချပေးပါ့မယ်""အင်း.. ဉီးရီးတော်.. ကိစ္စတွေများလာတော့မှာပဲ။ ကိုယ်တော်က ကိုယ်ရံတော်ဗြတ္တကို .. နေ့စဉ် မေတ္တာပို့ အမျှဝေပေးနေပါတယ် ဉီးရီးတော်။ အတိတ်မှာ ပိတ်လှောင်မနေပါနဲ့.. ဉီးရီးတော်မှာ နန်းတော်အတွက် လုပ်ဆောင်စရာတွေ အပုံအပင်ရှိနေတယ်လေ။ ကဲ.. ဒါဆို၊ မောင်တော် မြတ်တို့ မြက်ခင်းဘက် လျှောက်ကြရအောင်။ မြတ် ကလေးတွေနဲ့ တွေ့ချင်သေးတယ်""ကောင်းပါပြီမြတ်ငယ်။ မောင်တော့်လက်ကို တွဲပါကွယ်"ဉီးရီးတော်နန္ဒ ပဆစ်တုပ်ခစားရာကနေ.. ကျောခိုင်းသွားခဲ့တဲ့ အရှင်နှစ်ပါးကို ဉီးချလိုက်ရင်း .. တွေဝေလျက် ကျန်ရစ်ခဲ့လေသည်။ဗြတ္တရဲ့ ရုပ်အလောင်းကို နန်းတော်ထဲထိ ရင်ခွင်ထဲပွေ့ကာ သယ်လာစဉ်က နန္ဒရဲ့ ရင်တွေ မနာတတ်တော့သလို ထုံနေခဲ့ပေမယ့်..နောင်တော်တေဇ.. အိမ်နိမ့်ဆောင်ထဲထိ ခြေသံပြင်းပြင်းနဲ့ လှမ်းဝင်လာလျက်.. ပါးရိုးကို ထိုးပစ်လိုက်စဉ်က စိတ်လက်ပေါ့ပါးသွားခဲ့သလို ခံစားနေခဲ့ရသည်။ ကိစ္စအားလုံး ပြီးသွားခဲ့ပြီလို့.. နန္ဒ သ‌ဘောထားခဲ့မိသည်။အခုတော့.. ခေါင်ဖုရားရဲ့ ခွင့်လွှတ်ခြင်းမှာ.. နန္ဒ လုံးဝရှုံးနိမ့်သွားခဲ့ပြီ။ဗြတ္တရင်ဆိုင်ခဲ့ရတဲ့ ခေါင်ဖုရားရဲ့ မေတ္တာတရားကိုလည်း ထပ်တူ ခံစားမိနေပြန်သည်။နောင်တ..ဟုတ်ပါသည်။နန္ဒ သူဖုန်းစားလို နေ သူဖုန်းစားလို စား နေတာ .. နောင်တတစ်စက်မှ ရလို့မဟုတ်။ရင်ဝယ်သားလိုချစ်ရတဲ့ တူတော် ကြေကွဲခြင်းကြီးစွာ မိန့်တဲ့အမိန့်ဖြစ်တဲ့အပြင်.. နန္ဒ ဘာမှထပ်လုပ်စရာမလိုတော့အောင်ကိုပဲ ကျိန်စာဆိုးက ပျက်စီးခြင်းတိုင်သွားခဲ့တာ မျက်စေ့အောက်တင်မို့သာ။အခုတော့.. နန္ဒရဲ့ရင်ကို . . နောင်တ တို့က ဆုပ်ခြေသည်။လည်ပင်းကို ရစ်ပတ်လျက် .. အသက်ရှူကျပ်စေသည်။နှစ်နှစ်ဆယ်လုံး.. မှန်တယ်လို ရပ်တည်တဲ့ဘက်က.. နန္ဒအတွက်... ချောက်ကမ်းပါးစွန်းကို ငုံ့ကြည့်လိုက်ရသလို.. ထိတ်လန့်ဖွယ်ရာ အတိတ်တို့ကို ပြန်သတိရစေသည်။နုငယ်တဲ့ လူငယ်လေးက.. သဘာဝနဲ့ဆန့်ကျင်စွာကိုယ်ဝန်‌ဆောင်လျက်.. နန္ဒရှေ့မှာ.. ဘဝရဲ့ ပုစ္ဆာတွေကို ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတဲ့ အဖြေကို ရှင်းရှင်းလင်းလင်း ပြသသွားလေပြီ။အခုအချိန်မှာတော့ ပူဆွေးသောက အတ္တမာနတွေ နန္ဒဆီမှာ တစ်စိုးတစ်စိမျှ မရှိ..နောင်တ တွေသာ တစ်ထမ်းတစ်ပိုး ကျန်နေရစ်တော့ပြီ။ထိုနောင်တတွေ ဖိနှိပ်ခြင်းကြောင့်.. နန္ဒ ကတ်ထူပြားတွေခင်းတဲ့ သူဖုန်းစား ကြမ်းပြင်ပေါ်မှာ စင်းစင်း လဲ ရလေသည်။💫🌸❤️🌸💫💫🌸❤️🌸💫တစ်လှမ်းချင်းလှမ်းနေတဲ့ ခြေလှမ်းတွေက အရင်လို ပေါ့ပါးမနေပေမယ့်.. အားမာန်အပြည့်ပါသလိုပင်။ သိပ်နှစ်သက်တဲ့ နေရာကို သွားရမှာမို့ထင်ပါရဲ့။"မြတ်ငယ်.. လေစိမ်းသိပ်တိုက်ရင်.. ခဏပဲလျှောက်ရအောင်နော်။ ဟိုမှာ သူဇာတို့.. ငမိုးဆွေတို့ .. ငညို့ကို အကူညီတောင်းထားတယ်ထင်ရဲ့။ စောင့်ကြည့်နေကြတယ်။ စိတ်ပူနေကြပုံပဲ""မောင်တော် မြတ်ငယ်လေ တစ်ခုစဉ်းစားမိတယ်သိလား""ရှေ့မှာ ကမူလေးရှိတယ်မြတ်ငယ်.သတိနဲ့ လှမ်းနော်. အင်း.. ပြောပါအုံး ကလေးရယ် ဘာတွေများစဉ်းစားမိထားသလဲ ကွယ်""အော်.. လူတွေက မိန်းကလေးတွေကို ဘာလို့များ.. အားနွဲ့တဲ့ သူတွေ.လို့ ထင်ကြတာလဲလို့ပါ။ ကိုယ်ဝန်ဆောင်တွေကိုဆိုရင်လည်း .. ဘာလို့များ ပွဲမတိုးတဲ့သူတွေလို့ သတ်မှတ်ကြတာလဲ မသိဘူးနော်။မြတ်ငယ်လေ.. ကိုယ်ဝန်ရှိတယ်လို့ သိတဲ့အချိန်ကစပြီး ပိုသန်မာလာတယ်.မောင်တော်..။ မြတ်ငယ်ကိုယ့်ကိုယ်ကိုယ်ထက် ရင်သွေးလေးအတွက် ဘာမဆို လုပ်နိုင်လာတယ်.. ဉာဏ်လဲ ပိုကောင်းလာတယ်သိလား။""မြတ်ငယ်က နဂိုကတည်းက ဉာဏ်ထက်မြက်တဲ့ သူတစ်ယောက်ပါပဲ ကလေးရယ်""မောင်တော်.. မြတ်လေ မေမေ့ကို သိပ်သတိရတာပဲ။ မြတ်ကိုလည်း မေမေက အခုလိုဗိုက်ထဲမှာထားပြီး အ‌သေးစိတ် ဂရုစိုက်ခဲ့ရမှာ။ မိခင်တွေရဲ့ သတ္တိနဲ့ အင်အားကို .. မြတ် ကိုယ်ချင်းစာတတ်ပြီမောင်တော်။ အင်း.. လူတစ်ယောက်ကို မွေးထုတ်ဖို့ တောင် ခက်ခဲတာ.. အရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ဖို့ပိုခက်မှာ။ လူတွေက မိန်းကလေးတွေကို.. ကိုယ်ဝန်ဆောင်တာနဲ့ပတ်သက်ပြီး သူ့အလုပ်သူလုပ်တာလို့ ပဲ သဘောထားနေတတ်ကြတာ။ တစ်ကယ်တော့လေ... မိခင်တိုင်းဟာ.. သူတို့ဘဝကို သူတို့အိမ်မက်တွေကို သူတို့အတွက် စိမ်းလန်းတဲ့မြက်ခင်းတွေကို.. ကလေးတွေအတွက် စတေးပြီး.. ချရင်းပစ်လိုက်ကြတာမောင်တော်ရယ်။ သိပ်မွန်မြတ်တဲ့မိခင်တွေပါပဲ။ မြတ်လေ.. ဒါကြောင့်မို့လို့ ကလေးတွေကို တွေ့ချင်တယ်။ သူတို့မိခင်တွေကိုယ်စား ကလေးတွေဘဝတိုးတက်စေဖို့ မြတ်လုပ်ပေးနိုင်သလောက် လုပ်ပေးချင်တယ်မောင်တော်။""မြတ်ငယ်.. အဲ့လိုအတွေးတွေကြောင့် မောင်တော်က သိပ်မြတ်နိုးရတာပါ။ မြတ်ငယ်လုပ်ချင်တဲ့ကိစ္စမှန်သမျှ မောင်တော်က ဖြည့်ဆည်းပေးပါ့မယ် နော်။"ပခုံးကို ပိုက်ထွေးရင်း.. ဖေးမကာ လျှောက်လာခဲ့ကြတာ.. မြက်ခင်းအစပ်က စာသင်ဆောင်လေးဆီ ရောက်လာခဲ့ကြပြီ။စာသင်ဆောင်လေးထဲမှာတော့ မောင်မိုးဆွေနဲ့ ဉီးညိုတို့က ပဆစ်တုပ်ရင်း မြတ်တို့ကိုကြိုလေသည်။"ဉီးညို.. ရောက်လာသလား။ ပုဏ္ဏားဖြူကြီးရော.. . နားခံ‌တော်ကြီးအိမ်မှာတည်းခိုနေသေးလား။ အင်း..တစ်ခါလောက်တော့ ပုဏ္ဏားဖြူကြီးကို ရှေ့ဖြစ်လေး ဟောစေချင်သားပဲ။ ဒါနဲ့ ကလေးတွေရော မလာဘူးလား""မှန်လှပါ ကလေးတွေ အခစားမဝင်ခင် ရေချိုးခိုင်းထားပါတယ်ဘုရား""အို နေပူရှိန်က ပြင်းတယ်လေ။ ကလေးတွေကို အပူရှပ်ကုန်တော့မှာပဲ ဉီးညိုရယ်။""မောင်မိုးဆွေ.. ငညို.. ကိုင်း သွားကြ... မြန်မြန် လက်စသတ်ခဲ့ကြလို့. ခေါင်ဖုရား အကြာကြီး မထိုင်နိုင်ဘူးလေကွယ်"ထီးဘုရား ညိုညိုညင်ညင် ဆိုလာတာမို့လည်း ဉီးညိုတို့ အိပ်ဆောင်တွေဘက် ပြေးရလေပြီ။"မင်းကြီးဘုရား။ သမ္မတအိမ်တော်က လွှတ်လိုက်တဲ့လူ ရောက်လာပါတယ်ဘုရား။ ဧည့်‌ဆောင်မှာ ဧည့်ခံထားပါတယ်ဘုရား..""အန်.. ဟင်း.. မြတ်ငယ် မောင်တော် ဧည့်သည်နဲ့သွားတွေ့လိုက်အုံးမယ်‌နော်။ မကြာဘူး မောင်တော်ပြန်လာခဲ့မယ်"စာသင်‌ဆောင်ထဲက သလွန်ထက်မှာ အေးအေးလူလူ စံမြန်းနေတဲ့ ခေါင်ဖုရားထံပါး.. နန္ဒ ဝပ်စင်းလို့.. အခစားဝင်လိုက်ဝင်လိုက် တော့... ပူဖောင်းကားနေတဲ့ ခြေဖမိုးလေးတွေကိုသာ.. မျက်လုံးကမခွာနိုင်။လေအဝေ့ကို မျက်လုံးလေးမှိတ်ကာ ခံယူနေတဲ့ ခေါင်ဖုရားအနား ခစားမိတာနဲ့ ခေါင်ဖုရား.. ကိုယ်ကိုပြင်ထိုင်လိုက်သည်။"အင်း ကျွတ်ကျွတ်... ဉီးရီးတော် နောက်ကလိုက်လာခဲ့သလား"ငယ်ရွယ်ပေမယ့် ရင်ကျက်လှတဲ့ ခေါင်ဖုရား ခြေရင်းမှာ နန္ဒ ဝပ်ဆင်းခစားလိုက်သည်။အခုမှ သေချာဂရုစိုက်ကြည့်မိလေတော့.. ဗိုက်လေးက အတော်ပူတင်းနေပြီး.. ခြေဖမိုးလေးတွေ လက်ဖမိုးလေးတွေ ရောင်ကိုင်းနေအောင် ကိုယ်ဝန်ဆိပ်တက်နေရှာတဲ့ ခေါင်ဖုရားရှေ့.. ပဆစ်တုပ်လျက်က ရှေ့ကို တိုးလိုက်မိသည်။"မလိမ်မာလို့ မိုက်တဲ့ လူမိုက်မဟုတ်ပါဘူးဖျာ့။ ယုတ်မာလို့မိုက်တဲ့ ငမိုက်သားပါ.. ခေါင်ဖုရား။ ဘာလို့များ ကယ်တင်ပါလဲဘုရား။ လူမိုက် လူယုတ်ကို အသက်သတ်လို့ အပြစ်ပေးပါတော့လားဘုရား"ခေါင်ဖုရား ပြုံးလေသည်။"မောင်တော့်အတွက် အသက်တောင်စွန့်ပေးထားသေးတာပဲ ဉီးရီးတော်... အဟင်းဟင်း.. အပြစ်မပေးပါဘူး.. မဟုတ်ဘူး မဟုတ်ဘူး.. အပြစ်လို့ကို မရှိတာပါ။ ဉီးရီးတော်က အပြစ်လို့ခံယူထားခဲ့တယ်ဆိုရင်... ကိုယ်တော့်ကို ချီးမြင့်ထားတဲ့ ဉီးရီးတော်ရဲ့ အသက်ကို လွှတ်လိုက်ပါတယ် ဉီးရီးတော် အပူပင်သောက ကင်းကင်းနဲ့ အရင်လိုပဲ နေပါ။ အင်း.... ဘာလဲ.. ကိုယ်တော့်အနား မခစားချင်လို့ဆိုလျင်လည်း.. ကိုယ်တော်က ကျေနပ်ပါတယ်."မသက်မသာနဲ့ ထိုင်နေတဲ့ အနေအထားကိုပြောင်းလိုက်ပြီး ဗိုက်နဲ့ခါးကြား နာလှတဲ့ ဝေဒနာကို စုတ်သပ်ရင်း ဖြေဖျောက်ရတဲ့ ခေါင်ဖုရားကို .. နန္ဒ ခြေမကိုင်မိလက်မကိုင်မိ စိတ်ပူမိသည်။"ခေါင်ဖုရားအနား ခစားဖို့ခွင့်ပြုသ၍ နန္ဒကိုငယ်ကျွန်လိုပဲ သဘောထား‌တော်မူပါ ခေါင်ဖုရား. .""ဉီးရီးတော်.. မောင်တော့်ရဲ့ မိဘကိုယ်စား.. စောင့်ရှောက်ခဲ့တဲ့ ဉီးရီးတော်ပဲလေ။ ကိုယ်တော်က ဘယ်လိုများ ကျွန်လိုသဘောထားနိုင်ပါ့မလဲ.. ဉီးရီးတော်။ ကိုယ်တော်က .. အပြစ်လွှတ်လိုက်တယ်ဆိုပေမယ့်.. တာဝန်ကို‌တော့ ပေးချင်တယ်။ ယူချင်စိတ်မှ ရှိရဲ့လား""မိန့်တော်မူပါဖျာ့ နန္ဒ ဇက်ကျိုးခါးကျိုးသည်အထိ တာဝန်ကို ယူပါ့မယ်.. ဖျာ့""ကိုယ်တော့်အခြေအနေ မြင်ရဲ့မဟုတ်လား ဉီးရီးတော်။ ပွင့်ပွင့်လင်းလင်းပဲ ပြောကြပါစို့။ သဘာဝအတိုင်းမဟုတ်တဲ့ မီးဖွားမှုမို့လို့ .. ကိုယ်တော်က အသက်ရှင်ကျန်ရစ်မယ်မထင်ဘူး။ ကိုယ်တော်မီးဖွားတဲ့အခါ ခွဲမွေးတာဆိုပေမယ့် ကိုယ်တွင်းအင်္ဂါကို ထုတ်လိုက်ရသလိုမျိုးနဲ့ အလားတူမှာမို့လို့.. သာမန်တော့မဟုတ်ဘူးပေါ့ ဉီးရီးတော်။ ဉီးရီးတော်ရဲ့ မြေးအမြွှာကိုတော့.. မောင်တော်နဲ့ ဉီးရီးတော်တို့လက်ထဲကိုပဲ အပ်ခဲ့ရမှာပဲ။ ဉီးရီးတော်.. မောင်တော့်ကို ပြုစုပျိုးထောင်ခဲ့သလိုမျိုး.. ကြင်နာတတ် စိတ်ထားမြတ်ပြီး ထူးချွန်ထက်မြက်အောင် ပျိုးထောင်ပေးပါလို့ အပ်နှံချင်တယ် ဉီးရီးတော်။ အင်း.. ကျွတ်ကျွတ်"နန္ဒ ဖောင်းမို့နေတဲ့ ခေါင်ဖုရားခြေအစုံကို ဖက်လိုက်ကာ.. ဒူးမှာပါးအပ်လျက် .. မထင်မှတ်စွာပဲ မျက်ရည်ကျမိသည်။"ကိုယ်တော် မရှိတဲ့အခါ. . ငယ်စဉ်ကတည်းက ချစ်မြတ်နိုးရသူတွေစွန့်ပစ်ခံခဲ့ရတဲ့ မောင်တော့်ကို အရင်လိုပဲ ထွေးပွေ့လို့ မောင်တော့်နောက်တော်ပါးက ထီးလိုမိုး.. ဒေါက်တိုင်လို ထောက်ကူပြီး.. မိတဆိုးဖတဆိုးရင်သွေးလေးတွေရဲ့ အရှေ့က မားမားမတ်မတ် ရပ်တည်စောင့်ရှောက်ပေးဖို့ တာဝန်ပေးလိုတယ် ဉီးရီးတော်။ လုပ်နိုင်ရဲ့လား"နန္ဒ .... လက်နှစ်ဘက်နဲ့ ပိုက်ထွေးမိတဲ့ခြေအစုံကို.. စိုက်ငေးရင်း ကြက်သေသေနေမိသည်။ဘုရား.. ဘုရား.. နန္ဒရဲ့ ရင်ဝကို ဓါးဉီးချွန်နဲ့ ထိုးမွှေနေသလို.. နောင်တတို့ ရစ်ပတ်တဲ့.. လည်မျိုက ဆို့နင့်လာခဲ့သည်."ခေါင်ဖုရား... အင့်..ဟင့်... ငယ်ကျွန် .. ငယ်ကျွန်..."နန္ဒ ပြောစရာ စကားတွေ.. ရင်ထဲကနေ လုယက်တိုးဝှေ့နေတာ.. ရင်ဝမှာစုပြုံလို့.. အပြင်ထွက်မလာနိုင်...ခေါင်းထဲမှာလဲ ဗလာသက်သက်..ဖိနိပ်ထားတဲ့နောင်တမီးချော်ရည်တွေ လှိုက်လောင်နေတဲ့ နန္ဒရဲ့ ရင်ထဲ.. ခေါင်ဖုရား.. ခြေဖမိုးမှာဉီးချိုးချကာ.. အသက်ပေးခဲ့တဲ့ ဗြတ္တရဲ့ မေတ္တာမျိုး... တမဟုတ်ခြင်းပေါက်ဖွားလာခဲ့ပြီ။"ခေါင်ဖုရား အမိန့်ကို ငယ်ကျွန်နန္ဒ ဉီးလည်မသုန် တာဝန်ထမ်းပါ့မယ်ဘုရား... အီးဟီးဟီး .. ကျန်းမာတော်မူပါဘုရား။ ငယ်ကျွန့်အပြစ်ကို ပြေသည် ကြေသည်အထိ နောက်တော်ပါးမှာ ခစားလိုတာကြောင့်... ကျန်းမာနေပေးတော်မူပါဘုရား။ ငမိုက်သား ရင်တွေကွဲအောင် .. ပစ်မထားခဲ့ပါနဲ့လား ဘုရား။ ငယ်ကျွန့်အသက်နဲ့ လဲလို့ရရင် လဲပါ့မယ်ဘုရား"မျက်ရည်ဖြိုင်ဖြိုင်ကျလျက်.. နောင်တကြီးစွာ ငိုကြွေးနေတဲ့. ဉီးရီးတော်နန္ဒကို မြတ် ခွင့်လွှတ်ပြုံးလေးနဲ့သာ တုံ့ပြန်နိုင်သည်။လားရာတူညီတဲ့မေတ္တာတရားဖြစ်တဲ့အပြင်...မှန်ကန်တဲ့ သက်ရောက်မှုတစ်ခုအတွက်.. တန်ပြန်သက်ရောက်မှုကလည်း.. တိကျတယ်မဟုတ်လား...အဆိုးဆုံး အခြေအနေအတွက် အသင့်ပြင်ဆင်ထားခြင်းကသာ.. အကောင်းဆုံး အခြေအနေကို ဖန်တီးယူရာမှာ.. ဆုံးရှုံးနိုင်ခြေ လျှော့ချနိုင်မှာ။အခု... မြတ် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ဖို့ .. စိတ်ရောလူပါ အဆင်သင့်ဖြစ်နေခဲ့ပြီ။ကျန်းမာလွန်းတဲ့ ရင်သွေးလေးတွေကတော့.... မိခင်ရဲ့သွေးနဲ့.. တစ်နေ့တစ်ခြား.. လူလားမြောက်လာနေခဲ့ပြီမို့.. ဗောင်းလန်အောင် မို့မောက်တဲ့ ဝမ်းကြာတိုက်ထဲကနေ.. လောကဓံကို ရင်ဆိုင်ဖို့ .. မကြာခင် ပြင်ပလေကို ရှူရှိုက်ကြတော့မှာပဲလေ။*****စင်္ကြန်လျှောက်လမ်းတစ်ဘက်တစ်ချက်... ရပ်နေကြတဲ့ အပျိုတော်တွေ.. လှေကားထစ်တိုင်းမှာ.. စောင့်နေကြတဲ့ သူရဲငယ်တွေ.. ဆောင်ခန်းဝမှာ.. အသင့်ရှိနေတဲ့.. သူနာပြုတွေ.. ထီးဘုရားရဲ့ခြေလှမ်းလေးလေးကန်ကန်ကို ဒူးတုပ်ခစားရင်း.. အဖြေရှာနေကြသည်။ဧည့်သည်ပြန်သွားပြီမို့.. မြက်ခင်းပြင် စာသင်ဆောင်လေးမှာ.. ကလေးတွေနဲ့ စကားပြောနေတဲ့ ခေါင်ဖုရားဆီ.. မတက်ကြွတဲ့ခြေလှမ်းများေ‌ဆာင်ယူရခြင်းအကြောင်းရင်းကို သို့လောသို့လော.. တွေးနေမိကြတာပဲဖြစ်သည်။စင်္ကြန်အဆုံး.. မြက်ခင်းပြင်အစ လှေကားထစ်ကနေ.. တစ်သက်မမေ့နိုင်မယ့်.. မြင်ကွင်းကို ဘုန်းရှိန်ရောင်ဝါ.. ငေးနေမိတာ တစ်မေ့တစ်မော. ..တိုးပွားကြီးက သူ့ကလေးကိုကိုယ်ဝန်ဆောင်ထားတဲ့ လျှပ်ရောင်နဲ့ အတူ.. ပူးတွဲတွန်းထိုးကာ တစ်လှမ်းခြင်းလှမ်းလာပြီး. .. သလွန်ထက်ကခေါင်ဖုရားရှေ့ ဒူးထောက်ကာ ခေါင်းတိုးဝှေ့နေကြသလို.. ကိုယ်ဝန်လေးနဲ့ မြတ်ငယ်ကလဲ.. နောက်လိုက်နောက်ပါ တိက္ခ.. ဝဏ္ဏတို့နဲ့အတူ.. ခြေအစုံကို ဒူးထောက်ကာ ဉီးချနမ်းရှုံ့တဲ့ တိုးပွားနဲ့ လျှပ်ရောင်တို့ ခေါင်းလေးတွေကို ပွတ်သပ်ပေးရင်း... သခင်နဲ့ကျွန်... အလွမ်းသယ်နေကြတဲ့ မြင်ကွင်းက... ပြည့်စုံလိုက်လေ။ဒီမြင်ကွင်းကို ဘုန်းရှိန်ရောင်ဝါ.. သိမ်းထားမည်။ ရင်ထဲမှာ သံမှိုစွဲသလို မြဲမြဲ သိမ်းဆည်းထားမည်။တစ်ချိန်... စကားလက်ဆင့်ကမ်းလို့ ပုံပြင်လိုပြောပြနိုင်ဖို့ရာ.. . ဒီမြင်ကွင်းကို .. သိမ်းဆည်းထားရလိမ့်မည်။"ထီးဘုရား"ခြေအစုံကို ပွေ့ဖက်ရင်း.. ငိုသံနဲ့လျှောက်လာသူကို ငုံ့ကြည့်မိတော့.. ဉီးရီးတော် နန္ဒ။"ထီးဘုရား ဒီအတိုင်းကြည့်နေတော့မှာလားဖျာ့။ အီးဟီး.. ခေါင်ဖုရားက နောက်ဆုံးစကား အမှာပါးနေပါတယ်ဖျာ့.... ကျွန်တော်မျိုး ဘယ်လိုလုပ်ရမလဲဘုရား"မင်းတြားကြီး.. မှိန်ဖျော့ဖျော့ လေး ပြုံး လိုက်သည်။"ဘာတတ်နိုင်မလဲ ဉီးရီးတော် ... ခေါင်ဖုရားက သူ့စိတ်အလိုအတိုင်း အမြဲပြုမူနေကျပဲလေ။ ဉီးရီးတော်..မြင်ရဲ့လား။ ခေါင်ဖုရားဟာ .. ကိုယ်ဝန်ကို ဘယ်လောက်တောင် ဂရုစိုက်လဲဆိုတာ။ ရင်သွေးနဲ့ ခေါင်ဖုရားကို ရွေးလို့ပြောလာရင် ရင်သွေးလေးတွေကို ရွေးပါလို့.. နေ့တိုင်းမှာကြားနေတာ ဉီးရီးတော်ရဲ့။ အပူအငန် အစပ်တွေလည်း ရှောင်လို့.. တစ်ကယ့်မိခင်ပီပီသသပဲ.. ရင်သွေးတွေကို စောင့်ရှောက်နေတယ် ဉီးရီးတော်။ ဟိုအရင်က ဖျတ်လတ်သွက်လက်ပြီး.. တက်ကြွလှတဲ့လူငယ်လေးကို ကြည့်လိုက်စမ်းပါ။ အခုများတော့.. သေမင်းနှုတ်ခမ်းဝမှာ.. အေးအေးလူလူ ရပ်ရင်း.. သင်းချိုင်းကို တစ်နေ့သုံးခါလောက် ခြေဉီးလှည့်နေရတဲ့ ကိုယ်ဝန်ဆောင်ဖြစ်နေခဲ့ပြီပဲ။ ဉီးရီးတော် .. သိရဲ့လား။ သူ့ဘဝနဲ့ သူနေသားကျနေပြီးသား အမျိုးသားတစ်ယောက်ဟာ.. သူ့ဘဝနဲ့လုံးဝမတူတဲ့ အနေအထားတစ်ခုကို.. ကျေကျေနပ်နပ်ကြီး ဘာကြောင့် ပြောင်းလဲပစ်လိုက်နိုင်လဲဆိုတာကိုလေ။ ကြည့်စမ်းပါ ဉီးရီးတော်။ ဒီမြင်ကွင်းကို။ မြတ်ငယ်ဟာ.. ကိုယ်တော့်အပေါ် ဘယ်လောက်တောင် မေတ္တာရှိတယ်ဆိုတဲ့ သက်သေပဲ ဉီးရီးတော်။ ဒီလိုကြင်ယာတော်အတွက် ကိုယ်တော် တတ်နိုင်တာ ဘာမှမရှိဘူးကွယ်။ ကိုယ်တော်ဟာ ညံ့ဖျင်းလွန်းတယ် ဉီးရီး‌တော်""မဟုတ်တာဘုရား။ ခွဲမွေးမှာဖြင့် သွေးလိုနိုင်ပါတယ်။ ခေါင်ဖုရားသွေးအုပ်စုကိုကြိုတင် စုဆောင်းထားရင်ဖြင့်..""အင်း.. ကိုယ်တော် ကြိုတင်ပြင်ဆင်ထားပြီးပြီ ဉီးရီးတော်။ သက်ဉီးလာတဲ့အခါ ဉီးရီးတော် တိုင်ပင်လိုတာ သက်ဉီးနဲ့တိုင်ပင်ကြည့်လိုက်။ ဉီးရီးတော် အမြင်အရ လိုအပ်အုံးမှာရှိရင် ကိုယ်တော်ကို သံတော်ဉီးလာတင်လှည့်.. ကိုင်း... ကိုယ်တော်.. မြတ်ငယ်အနားသွားမယ်ကွယ်။ ရန်အောင်.. ချိုးရေသုံးဖို့ ရေနွေးပြင်ထား။ ခေါင်ဖုရား ခြေတော်လိမ်းဖို့ တောင်နံကြီးအဆင်သင့်ဖြစ်ပလား။ ပွဲတော် စောစောတည်လိမ့်မယ်.. ပြင်ဆင်ထားဖို့လောလိုက်စမ်း။ အင်း.. ဖိနပ်က ကွင်းထိုးဖိနပ် ပြောင်းစီးပေးရမယ်ကွဲ့။ ခြေဖမိုးမှာ သည်းကြိုးရာလေးတွေ ထင်းနေအောင် ရောင်နေရှာတယ်။ ဝဏ္ဏနှိပ်တိုင်းကောင်းရဲ့လား.. သက်ဉီးကိုမေးစမ်းပါ ရန်အောင်။"ခေါင်ဖုရားအတွက် အလုံးစုံပုံအပ်ကာ.. ဂရုတစိုက် မှာကြားရင်း လှမ်းကြွသွားတဲ့.. ထီးဘုရားနောက်ကျောကို မော်ဖူးလိုက်ကာ.... နန္ဒ ထိုင်နေရာမှာပဲ ကျန်ရစ်ခဲ့ရသည်။တစ်ချိန်တုန်းဆီက မြက်ခင်းမှာလှဲကာ.. မြက်ပင်နုလေးတွေကို ကိုက်လျက် ကောင်းကင်ပေါ် ခြေချိတ်ထားပြီး. . အေးအေးလူလူ ပျော်နေတတ်ခဲ့တဲ့ လူငယ်ကလေးက.. အခုတော့ ရာဇအိနြေ္ဒအပြည့်နဲ့.. ကိုယ်ဝန်ဆောင်နေသူ ဖြစ်နေခဲ့ပြီ။အတ္တတွေ မာနတွေနဲ့ .. တစ်လူလူ ဝေနေခဲ့ဖူးတဲ့.. နန္ဒရဲ့ ဖြစ်တည်မှုဟာ... ပေါ့ပေါ့ပါးပါး.. ဘောလုံးကစားနေတတ်တဲ့ လူငယ်‌လေးလက်ထဲမှာ.. ခြေသုတ်ပုဆိုး မြွေစွယ်ချိုး ခဲ့ရပြီ။"သက်ဉီး .. သက်ဉီး"ထိုင်နေရာက ကပြာကယာ.. ထ ပြီး.. ဆရာဝန်သက်ဉီးရှိရာ မှူးမတ်ဆောင်ဆီကို မပြေးရုံတစ်မယ်.. ရောက်လာခဲ့တဲ့ ဉီးရီးတော် နန္ဒကို .. သက်ဉီး ကြည်လက်စ laptop screen ကနေ.. အကြည့်မလွှဲ.. ထ‌တောင်မထဘဲ ဂရုမစိုက်.."အော.. နန်းရင်းဝန်ကြီး ကြွလာသလား.. ဆရာဝန်ဆီ ဘာများလိုချင်လို့လဲ ပါရာစီတမောလား.. အနာဂျက်ဆင်လား။ ခေါင်ဖုရား ရာထူးအပ်နှင်းသွားခဲ့လို့.. ခေါင်းကိုက်နေရှာပြီထင်ပါရဲ့ အဟက်""သက်ဉီးရယ်.. ခနဲ့ပါ ငါ့ကို မင်းကြိုက်သလိုခနဲ့နိုင်ပါတယ်... ငါမေးတာကိုတော့ အမှန်အတိုင်းဖြေပေးပါ"သက်ဉီး ခေါင်းလေးစောင်းရုံလှည့်ကြည့်လိုက်သည်။"သက်ဉီး .. ခေါင်ဖုရား.. မီးဖွားရင် အသက်ရှင်ဖို့မသေချာဘူး ဆို ဟုတ်သလား"သက်ဉီးမျက်ခုံးတစ်ဘက် ဆတ်ကနဲမြင့်တက်သွားပြီး ထိုင်နေရာက ထလာကာ ဉီးရီးတော်နန္ဒအရှေ့ ခါးထောက်ရပ်လိုက်သည်။"ဘာလဲ. .. သိရရင် ဝမ်းသာမလို့လား။ ဒါမှမဟုတ် ခန့်အပ်တဲ့ရာထူးနဲ့ညီအောင် ဝမ်းနည်းပြမလို့လား။ အဟက် ဉီးရီးတော်ရယ်.."မုန်းတီးစက်ဆုပ်တဲ့ အကြည့်နဲ့ .. မျက်မှောင်ကျုတ်ကြည့်လိုက်တဲ့သက်ဉီးကို နန္ဒ ရင်မဆိုင်ဝံ့ပါ။"တင်မမကတော့.. ကိုယ်ဝန်ဆိပ်တက်လို့ ကိုယ်ဝန်ငါးလနဲ့ သူ့ရွာမှာ ဆုံးပါးရှာပြီတဲ့ အခုလေးတင် သူ့မိခင်က ထီးဘုရားကြီးဆီ အခစားဝင်လို့ လျှောက်တင်သွားလေရဲ့။ မိန်းကလေးစစ်စစ်တောင်.. သေမင်းခံတွင်းဝမှာ.. လှမ်းနေရတဲ့ခြေလှမ်းကို .. ခေါင်ဖုရားက မကြောက်မရွံ့ လှမ်းနေရှာတာ.. အသက်ရှင်ကျန်ရစ်ဖို့ မသေချာတာအမှန်ပဲ။ ဝမ်းသာတော့ မစောနဲ့အုံး သက်ဉီးက ဘယ်တော့မှ ခေါင်ဖုရားကို လက်မလွှတ်ဘူး မို့လို့..""သက်ဉီး.. သက်ဉီးရယ်။ ငါ့ သွေးက အေသွေး.. ငါကျန်းမာတာ ဒေါင်ဒေါင်မြည်နေတာပဲ.. ခေါင်ဖုရားအတွက် သွေး သွေးလှူမယ်နော်။ ငါ့သွေးကိုယူပါ။ ခွဲမွေးရင် သွေးတော့လိုမှာပဲမဟုတ်လား ဟင် သက်ဉီး"လက်ကို ကိုင်ကာလှုပ်လာတဲ့ ဉီးရီးတော်ရဲ့လက်ကို .. သက်ဉီး ဖြုတ်ချလိုက်သည်။ သက်ဉီးက ခေါင်ဖုရားလို နှလုံးသားမကြီးပါ။ ဉီးရီးတော်လို ခေါင်ဖုရားကို လုပ်ကြံဖို့ အကြိမ်ကြိမ်ကြိုးစားတဲ့သူဆီက သွေးမပြောနဲ့ လေတောင် မျှမရှူချင်။"ခေါင်ဖုရားသွေးက ဘီသွေး။ လားလားမျှမတူဘူး ဉီးရီးတော်။ တူရင်တောင်မှ ထီးဘုရားနဲ့ အမျိုးတော်ရုံလောက် သွေးနဲ့.. ခေါင်ဖုရားကိုယ်ထဲ သွင်းဖို့.. မတန်ပါဘူး ဉီးရီးတော်။ ဉီးရီးတော် မထင်ထားလောက်ပါဘူး.. အဟက်"သက်ဉီး ဉီးရီးတော်နန္ဒကို ခါးထောက်လျက် အုပ်မိုးကြည့်လိုက်သည်။"ထီးဘုရားက ခေါင်ဖုရားကိုယ်ဝန်ဆောင်တယ်ဆိုကတည်းက သူ့ကိုယ်တော်ထဲက သွေးကို ထုတ်လို့ သိမ်းခိုင်းထားခဲ့တာ။ သက်ဉီးရယ်.. ဒိဗ္ဗရယ် သုံးယောက်ဆီက .. လုံလောက်တဲ့သွေးကို ထုတ်လို့ သိမ်းထားခဲ့ပြီးပြီ။ ဖယ်နေပါ ဉီးရီးတော်.. အော်..ဟော်.. မှားလို့ နန်းရင်းဝန်ကြီးခင်ဗျာ။"ခနဲ့ရုံကနေ . . ဒေါသထွက်လာတဲ့ သက်ဉီး.. စိတ်ကိုထိမ်းလိုက်ပြီး.. ဖတ်လက်စ ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့် မွေးလူနာဆုံးပါးမှု အခြေအနေများနဲ့ ကုသနည်းများကို ဆက်လေ့လာနေလိုက်သည်။ဉီးရီးတော်နန္ဒကတော့ သက်ဉီးအနား သက်မဲ့အရုပ်ကြီးလို ရပ်လျက်.. ပြောစရာစကားစတို့ ပျောက်ရှနေသည့်ပုံစံအတိုင်း.. သက်ဉီးကတော့ ဂရုမစိုက်လိုတော့ပြီ။နန္ဒ.. လေးကန်တဲ့ခြေလှမ်းများကို သယ်ရင်း.. စင်္ကြန်ထိပ်ကို ပြန်လျှောက်လာခဲ့သည်။စာသင်ဆောင်လေးထဲမှာ.. အရှင်နှစ်ပါးတို့ နန်းတွင်းက ကလေးတွေနဲ့.. ပျော်နေကြပုံပါပဲ။နှလုံးသားချင်း.. ထပ် လို့.. ချစ်ကြတဲ့ ချစ်သူနှစ်ဉီး..ညှာတာခြင်း.. အလေးအမြတ်ထားခြင်း.. မြတ်နိုးခြင်း.. ဂရုစိုက်ခြင်း..ကြင်နာ ယုယခြင်း...အို.. ဒီမေတ္တာတွေ.. ဒီအချစ်တွေ.. နဲ့.. ရစ်ပတ်ပြီး တစ်ယောက်အပေါ်တစ်ယောက် အသက်ပေးထားကြတဲ့ ကြင်သူနှစ်ပါး..နန္ဒ.. ခံစားတတ်ပြီဘုရား။ ခံစားတတ်ပါပြီ။ရွှေစိတ်တော် ချပါ ဘုရား.. ခေါင်ဖုရားခြေရင်း ဝပ်စင်းခစားလို့.. ရာသက်ပန် သခင့်ကျွန်သပေါက် ဖြစ်ပါ့မယ်။ခေါင်ဖုရား.. လိုအပ်သမျှ လိုလေသေးမရှိအောင် နောက်တော်ပါးက ဖြည့်စွမ်းပေးမှာမို့.. အကျွန့်သစ္စာကို ခံယူတော်မူပါဘုရား။အကျွန့်မှန်သော သစ္စာကြောင့်လည်း.. ခေါင်ဖုရား အသက်ဘေးက ဝေးလို့.. ကျန်းမာပကတိ ချမ်းသာစွာရှိပါစေဘုရား။ဒူးနှစ်ဘက်ထောက်ကာ.. ဆိုမိတဲ့သစ္စာသည်ကား.. နန္ဒ ရင်ထဲက .. ဗြတ္တကိုယ်စား.. တစ်ထပ်တည်းပေါက်ဖွားလာတဲ့ သစ္စာပဲဖြစ်ပေတော့သည်။💫🌺⚜️🌺💫🌺💫🌺⚜️🌺💫🌺"သာဓု သာဓု သာဓု""ကဲ... နှစ်သစ်ကူးတဲ့ အခါသမယမှာ.. ရဟန်းသံဃာတော်တို့အား ဆွမ်းဝတ်ပြုရသည့် ကုသိုလ်အဖို့ဘာဂတို့ကြောင့် .. ဒကာ‌တော်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးတို့.. စိတ်အလိုဆန္ဒတို့ပြည့်စုံကြပါစေ။ မိဖုရားခေါင်ကြီး လောကဓမ္မမှာ..ထူးခြားတဲ့အခြေအနေကို ရင်ဆိုင်တဲ့အခါ.. အကောင်းလောကဓံနဲ့ အဆိုးလောကဓံတို့ကို နှလုံးသွင်းပြီး.. သံသရာမှာ ကျင်လည်ခဲ့စဉ်က ပြုမိခဲ့တဲ့ ကောင်းမှုကုသိုလ်တို့ အကျိုးပေးစေဖို့.. ကောင်းမှုများကို ထပ်မံပြုခြင်းဖြစ်တဲ့ ရဟန်းခံမင်္ဂလာ ဆင်ယင်ခြင်း.. ဆွမ်းသင်္ကန်း ဆေး စတဲ့ ပစ္စည်းလေးပါး လှူဖွယ်ဝတ္ထုများ လှူဒါန်းခြင်း.. ရဟန်းဒါယကာခံယူခြင်းစတဲ့ ဒါနကုသိုလ် ၅ ပါးသော သီလကုသိုလ်တို့ကို ပြုခြင်းစသည်ဖြင့်.. ကုသိုလ်များ ပြုရခြင်းကံတို့ကြောင့်.. အနာရောဂါကင်းခြင်း.. ဘေးရန်အန္တရာယ်ကင်းခြင်း . မီးဖွားရလွယ်ကူခြင်း.. စတဲ့ ကောင်းကျိုးတို့ ဆတန်ပိုးတိုးပြီးခံစားစံစားနိုင်ပါစေ။ ဒကာတော်မင်းကြီး ကောင်းလောကဓံ ဆိုးလောကဓံ စတဲ့ လောကဓံနှစ်ပါး ကြုံဆုံလာတိုင်း.. မိမိပြုခဲ့ပြီးသော ကုသိုလ်ကောင်းမှုများကို သစ္စာဆို၍ ဖြောင့်သောလမ်း.. မှန်ကန်သောလမ်းများ ညွှန်ပြစေရန်အလို့ငှာ နတ်မြတ်နတ်ကောင်းများကို စေစားနိုင်ပါစေ။ အခုလို ရဟန်းဒါယကာ ဖြစ်လာကြပြီဆိုချိန်မှာတော့ သီလ ဒါန တို့အပြင် ဘာဝနာကုသိုလ်တို့ကိုလည်း အချိန်ယူလို့ ကျင့်ကြံကြပါ။ သံသရာခရီးလမ်းမှာ လမ်းမမှားအောင် ဆီမီးတန်ဆောင်သဖွယ် အလင်းပြမယ့် ဒါန သီလ ဘာဝနာကုသိုလ်တို့ကို အချိန်ရရင်ရသလို ကျင့်ကြံနိုင်ကြပါစေ။ ကဲ.. ရေစက်ချကြရအောင်.. ကိုယ်ရံတော်ဗြတ္တမှ အစပြုပြီး.. မင်းကြီး နဲ့ မိဖုရားခေါင်ကြီးတို့ နှင့် ဆက်စပ်သမျှ ပုဂ္ဂိုဟ်သတ္တဝါအားလုံး .. အမျှ ယူကြပါလို့ စိတ်ထဲကနေ မှတ်သားလို့ .. ရေစက်သွန်းချ အမျှဝေကြမယ် .. သာဓု ခေါ်ကြပါကုန်"သာဓုခေါ်သံတွေ စည်ဝေညံတဲ့ နန်းတော်ကြီးကနေ.. ဉီးရီးတော်တေဇာတစ်ဖြစ်လဲ ဉီးတေဇနိယ နှင့် ကိုယ်ရံတော် ခွန်ဖ တစ်ဖြစ်လဲ ဉီးဝိနယ တို့ နောင်တော်ကြီး ဉီးဝိဇ္ဇယ အရှင်သူတော်မြတ် အနောက်တော်ပါးကနေ လှမ်းကြွသွားကြလေပြီ။ ငနိုင်မောင်းနှင်တဲ့ ကားလေး နန်းတော်ဝင်းထဲက ထွက်ခွာသွားသည်အထိ မြတ် လက်အုပ်ချီရင်း ငေးမျှော်ကျန်နေရစ်ခဲ့သည်။"ဉီးရီးတော်တို့က အေးချမ်းသွားကြပြီ မောင်တော်။ ဖခမည်းတော်လည်း ကျန်းမာနေတာ မြတ် ဝမ်းသာလိုက်တာ။ အခုလိုဖူးတွေ့လိုက်ရတော့လည်း မြတ် ကျေနပ်သွားတာပဲ။""မြတ်ငယ်.. လောကဓံဘယ်လိုကြုံကြုံ . . မောင်တော့်လက်ကို မလွှတ်လိုက်ပါနဲ့ နော်။ မောင်တော်.. နောင်သံသရာမှာလည်း မြတ်ငယ်နဲ့ ဆုံကြုံရပါလို၏လို့သာ ဆုတောင်းမိတယ် မြတ်ငယ်""ဆုံရမှာပေါ့ မောင်တော်.. မြတ်တို့က တော်ရုံရေစက်မှမဟုတ်တာ""ကဲ ဆောင်ခန်းထဲ ဝင်ပါတော့ မြတ်ငယ်။ ဒီနေ့ ပင်ပန်းလှပြီ.. သင်္ကြန်လေးရက်စလုံးလည်း ကလေးတွေကို ပျော်အောင် ရေပက်ခံမဏ္ဍပ်လုပ်ပေးနေရတာနဲ့ .. နားပါတော့မြတ်ငယ်"" မောင်တော်ကလဲ ကလေးတွေပျော်တာ မြတ်လည်းပျော်တယ်လေ။ နန်းရင်းဝန်ကြီးအစအဆုံး အားလုံး လုပ်သွားတာပါ။ ပင်ပန်းနေရှာတော့မှာ တိက္ခ.. နန်းရင်းဝန်ကြီးကို ပွဲတော်တစ်အုပ် ပြင်ပို့ပေးဖို့ မောင်မင်းထွန်းဆီ ဖုန်းဆက်လိုက်နော်။""အမိန့်အတိုင်းပါ ခေါင်ဖုရား.. ခေါင်ဖုရား.. ငယ်ကျွန် ချီမသွားရမလားဘုရား.. ခြေထောက်တော်တွေ ‌ရောင်နေတာ အတော်မို့‌ဖောင်းနေပါတယ်ဘုရား""သယ်.. တိက္ခ.. မောင်မင်းမလိုဘူး... ဖုန်းဆက်စရာရှိတာဆက်စမ်း... မြတ်ငယ် မောင်တော် ပွေ့ချီမယ်ကွဲ့... လာ"ပြောပြောဆိုဆို တိက္ခကို မျက်စောင်းထိုးလျက် ခေါင်ဖုရားကို တယုတယ ပွေ့ချီသွားလေတဲ့ ထီးဘုရားကို .. နန်းတော်ဝင်းထဲက ရံရွေတော်တို့ ချစ်ခင်နှစ်သက်စွာပဲ ပြုံးလျက်ကြည့်နေရလေတော့သည်။🌸⚜️🌸⚜️🌸⚜️🌸⚜️"ဒီကိစ္စက လွယ်လွယ်လေး.. ဆုံးဖြတ်ရမှာမဟုတ်ဘူး။ အခုလို မိခင်နဲ့ကလေးသေဆုံးနှုန်း လျှော့ချနေတဲ့ကာလအတွင်းမှာ.. ဘာမှန်းမသေချာတဲ့ ခွဲစိတ်မှုမျိုး.. ဒီ‌ဆေးရုံမှာ ခွင့်ပြုလို့မရဘူး။ ဒီဆေးရုံမှမဟုတ်ဘူး.. တစ်ခြားဆေးရုံတွေမှာလည်း.. သေချာမစမ်းသပ်ဘဲနဲ့တော့ ခွင့်မပြုသင့်ဘူးထင်တယ်""နေပါအုံး ဒါဆို .. သူ့အချိန်တန်လို့ ‌မွေးဖွားရမယ့် လူနာကို ဘယ်လိုလုပ်ဖို့စဉ်းစားထားကြလဲ'"ဒီဆေးရုံက လက်မခံလည်း လက်ခံတဲ့ဆေးရုံကိုသွားကြမှာပဲလေ။ အဲ့ဒီကိစ္စက ဘာများခက်နေလို့လဲ အချိန်ကုန်တယ်""ကျွန်တော်ပြောနေတာက.. ဒွိလိင်မဟုတ်တဲ့ အမျိုးသားကိုယ်ဝန်ဆောင်ကို မမွေးခင် စမ်းသပ်မှုလုပ်ဖို့ ပြောနေတာလေ။ ဒါမှလည်း ဒီဆေးရုံမှာ မွေးတဲ့အခါ.. သေဆုံးနှုန်းကို လျှော့ချနိုင်ပြီးသားဖြစ်သလို.. ကျွန်တော်တို့အတွက်လည်း အောင်မြင်တဲ့စမ်းသပ်မှု တစ်ခု ဖြစ်လာမှာလေ""နေပါအုံး ဒေါက်တာ.. ‌ဒေါက်တာ လူနာကိုစမ်းသပ်တုန်းက .. လူနာက ဒွိလိင်ဟုတ်မဟုတ် အတည်မပြုခဲ့ဘူးလား။ အမျိုးသားစစ်စစ်က ကိုယ်ဝန်ဆောင်ဖို့ ဟိုမုန်းကို ဘယ်လိုမျိုးဖန်တီးယူလိုက်တာလဲ။ ဖန်ပြွန်သန္ဓေသားတွေတောင် မအောင်မြင်ခဲ့တာကို""လူနာက စမ်းသပ်ဖို့လက်မခံရင်‌တော့ .. ခွဲမွေးဖို့ ခွင့်မပြုသင့်ဘူးနော်.. ဆေးရုံအတွက်ပြောတာ"သားဖွားမီးယပ်ဆရာဝန်မကြီး ဒေါက်တာ ငြိမ်းငြိမ်းအိ.. အစည်းအဝေးခန်းမအတွင်း.. အခြားဆရာဝန်ကြီးများရဲ့ စကားသံကို .. ငြိမ်နားထောင်နေရာက.. ရုတ်တရက်.. ထရပ်လိုက်ပြီး.. ဂျူတီကုတ်ကို အနည်းငယ်ပြင်လိုက်ကာ.. စားပွဲပေါ်တင်ထားတဲ့နားကျပ်ကို လည်ပင်းမှာသိုင်းချိတ်လိုက်သည်။"ဟူး .. နားထောင်နေလို့.. အကောင်းမှတ်နေကြတာထင်တယ်။ ဘာ... ဒွိလိင်.. ယျောက်ျားကိုယ်ဝန်... မှန်ပါတယ်။ ဒါတွေက ပြင်ပသွင်ပြင်သဏ္ဍန်ကို ပေါ်လွင်ဖို့ ပညတ်ထားတဲ့ နာမည်တွေပဲ။ ဒါပေမယ့်.. အခုလိုမျိုး ရှင်တို့အားလုံးက အမည်နာမ ပညတ်တစ်ခုအောက်ကနေ လူနာကို ဟိုလိုဒီလိုဆုံးဖြတ်နေကြတာ သမားတော်ကောင်း မပီသလိုက်တာ.. ကျမကတော့ ကျမဆီရောက်လာတဲ့မွေးလူနာမှန်သမျှဟာ မိခင်တွေပဲ။ လူသားကလေးလေးတွေ ဝမ်းထဲထည့်လွယ်ထားပြီး စောင့်ရှောက်နေရတဲ့ မိခင်ကောင်းတွေပဲ။ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ဖို့ .. အာရုံစိုက်ပြီး စောင့်ရှောက်ပေးဖို့ကသာ ကျွန်မအလုပ်ပဲ။ ဆေးရုံအုပ်ကြီး.. . ဘယ်လိုသ‌ဘောရလဲ။ ရှင်တို့ဆုံးဖြတ်တာကို ကျွန်မ စောင့်နေတာမဟုတ်ဘူး။ တာဝန်အရလာထိုင်ပေးတာ။ ကျွန်မလူနာကို ကျွန်မ ဘယ်မှာမဆို မွေးပေးလို့ရတယ်။ ကဲ.. သက်ဉီး.. သွားကြမယ်။""ခဏနေပါအုံး ဆရာမကြီး။ ကဲဗျာ.. အားလုံးပဲ.. ကလေးနှစ်ယောက် ဝမ်းထဲလွယ်ထားပြီးတော့ သေဆုံးနှုန်းများတယ်လို့ သတိပေးထားတာတောင် သေသေချာချာ ဂရုစိုက်ပေးနေတဲ့ မိခင် တစ်ယောက်ကို ကျွန်တော်တို့ဆေးရုံကတော့.. လက်ခံရမှာပဲ။ မိခင်သေဆုံးနှုန်းများတယ်ဆိုရင်.. အဲ့ဒီရာခိုင်နှုန်းကို လျှော့ချဖို့ ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းကူညီကြရင်.. ပျော်စရာမိသားစုလေး တစ်ခု ဖန်တီးပေးလိုက်သလိုပဲပေါ့ မဟုတ်ဘူးလား။ ခင်ဗျားတို့.. စမ်းသပ်ချင်တာကိုလည်း နားလည်ပါတယ်။ ဒါပေမယ့် ဒေါက်တာသက်ဉီးပြောခဲ့သလို.. ကြွက်ကလေးမှမဟုတ်တာပဲလေ။ ခင်ဗျားတို့ ပူးပေါင်းပါဝင်ကြရင်းနဲ့ နားလည်အောင် ကြိုးစားကြလို့လည်း ရတဲ့နည်းလမ်းရှိတာပဲ။ ကိုင်း.. ဆရာမကြီး.. မွေးလူနာအတွက် ကျွန်တော်တို့ဆေးရုံက အကောင်းဆုံးဝန်ဆောင်မှုပေးပါ့မယ်။ ဆရာမကြီး စိတ်ကြိုက် စီမံပါခင်ဗျာ။"စောစောကတွေးဆနေကြတဲ့ ဆရာဝန်ကြီးများလည်း ခေါင်းတစ်ညှိမ့်ညှိမ့်နဲ့.. ဆရာမကြီးကိုလက်ဆွဲနှုတ်ဆက်ကြရင်း ကူညီဖို့သ‌ဘောတူကုန်ကြသည်။သက်ဉီး သက်ပြင်းတစ်ချက်ချလိုက်ရင်း.. ခေါင်ဖုရားရဲ ယာယီသွေးတိုးလက္ခဏာကို လျှော့ချပစ်ဖို့ ဆရာမကြီးနဲ့တိုင်ပင်ကာ. ဆေးတစ်ချို့ဝယ်ပြီး နန်းတွင်းကိုပြန်လာခဲ့သည်။မိုးရွာစပြုလာပြီဖြစ်တဲ့.. ဇွန်လ မှာ.. ခေါင်ဖုရားကို ဆေးရုံကြိုတင်ထားဖို့ ဆရာမကြီးက သေချာမှာလိုက်တယ်မဟုတ်လား။ အခု မေလလယ်ပိုင်းမို့.. ခေါင်ဖုရားရဲ့ ဗောင်းလန်နေတဲ့ဗိုက်ကလေးကို နန်းတော်ကြီးတစ်ခုလုံး .. ဂရုစိုက်နေကြရတာပဲလေ။🌸🌸🌸🌸💥🌸🌸🌸🌸မိုးက တစ်ဖြိုင်ဖြိုင်ရွာနေပြီ။ ဒီပါစံနန်းဆောင်ထဲက လှမ်းကြည့်လိုက်ရင်ဖြင့်. . မြင်းခင်းမြက်ခင်းပြင်ကြီးတစ်ခုလုံး.. မိုးရေစက်တွေအောက်မှာ.. ရေဖွေးဖွေးလှုပ်လို့.. စိမ်းစိုနေတဲ့ သစ်ပင်တွေလည်း ယိမ်းထိုးလှုပ်ရှားလို့..သလွန်ပေါ်ကနေ ခါးလေးဆန့်ရင်း ပြတင်းအပြင်က မြင်ကွင်းကို ငေးနေတဲ့ မြတ်... သလွန်ပေါ် ပြန်လှဲလိုက်ရင်း.. အခန်းထဲ ဝေ့ကြည့်လိုက်မိသည်။ဗိုက်ထဲက နေရာယူလာတဲ့ကလေးတွေ ကြီးထွားနှုန်းကလည်း မြန်လိုက်တာ။ အင့်နေတဲ့အပြင်.. အစားလည်းသိပ်မဝင်တော့။ နို့လောက်ပဲ ကောင်းကောင်းသောက်နိုင်တော့တာမို့.. မြတ် .. သိပ်မလှုပ်ရှားနိုင်..မောင်တော့်ရဲ့ အကြင်နာအပြည့် ပြုစုစောင့်ရှောက်မှုတွေကြောင့်သာ မြတ် နလံထူနေနိုင်တာဆိုလျင် မမှား။ဒီပါစံနန်းဆောင်ခန်းထဲ.. အဝတ်လှမ်းစင်တွေပေါ် လှန်းထားတဲ့ အနှီးဖြူဖြူလေးတွေကိုကြည့်ရင်း.. မြတ် .. ကြည်နူးနေမိသည်။နံ‌ဘေးက စာရွက်ဖြူလေးတွေပေါ်မှာ.. စီရီစွာရေးထားတဲ့ စာတွေကို မြတ်တစ်ခေါက်ပြန်ဖတ်နေမိသည်။ဒါက .. . သားတို့အတွက် အဖေ့ အမှာစာပါပဲ။🖊💖 မျက်နှာလေးတွေတော့ .. မြင်ချင်မိသားပဲ သားတို့ရေ။ ဒီနူးညံ့တဲ့ အနှီးပိတ်လေးတွေနဲ့ ထွေးထားတဲ့ သားတို့ကို ဖေဖေလေ တစ်ခါလောက်တော့ ပွေ့ချီခွင့် ရပါရစေလို့ ဆုတောင်းနေခဲ့တာသားတို့ရဲ့။ ကလေးတွေ.. ခမည်းတော်ကို .. ချစ်ခင်ရိုသေရမယ်နော်။ ခမည်းတော်အနားမှာ စောင့်ရှောက်ပေးရမယ်။ မင်းတို့ခမည်းတော်က.. လူပုံကသာ မာမာထန်ထန်နဲ့ နှလုံးသားအင်မတန်နူးညံ့တဲ့လူတစ်ယောက်ပဲ သားတော်တို့။ သားတော်လေးတွေ.. ဖေဖေ မှာချင်တယ်ကွယ်။ ကျန်းမာအေးချမ်းတဲ့ စိတ်နှလုံးနွေးထွေးတဲ့ ဖခမည်းတော်လိုမျိုး အမူအကျင့်ကောင်းတွေကို သင်ယူပါ။ ကျင့်ကြံပါ နော်။ ဖေဖေ့ မေတ္တာတွေနဲ့ တောင်းဆုတွေက သားတို့ကို စောင့်ရှောက်ပါလိမ့်မယ်။ ဖေဖေ့အတွက်.. ခမည်းတော်အတွက် သားတို့က ဂုဏ်ယူရတဲ့ သားကလေးတွေ အဖြစ် ကြီးပြင်းလာခဲ့ကြပါကွယ်။ ဖေဖေက သားတို့ကို ရင်နဲ့အမျှ ချစ်ရပါတယ် 💖🖊💖စာလေးကို စာအိတ်ထဲ သေချာခေါက်ထည့်လိုက်ပြီး... စာအိတ်ပေါ်မှာ စာတစ်ချို့ရေးလိုက်သည်။"၂၀၂၃ ဇွန်လမှာ ဒီစာကို .. ထီးဘုရားလက်ထဲ ထည့်ပါ"စာအိတ်လေးကို နောက်ထပ် စာအိတ်တစ်လုံးထဲထည့်ပြီး.. အနားမှာ ပန်းသီးနွှာနေတဲ့ ဝဏ္ဏနဲ့ တိက္ခတို့ကို ငဲ့ကြည့်လိုက်မိသည်။"တိက္ခ..""မှန်ပါ ခေါင်ဖုရား.""တိက္ခ.. ဒီစာအိတ်ကို မင်းကိုယ်နဲ့မကွာထား။ စာအိတ်ပေါ်မှာ မင်းလုပ်ရမယ့်ကိစ္စကို ကိုယ်တော်ရေးထားခဲ့တယ်။ ဒီစာအိတ်ကို ကိုယ်တော် မီးဖွားပြီးမှ.. ဖွင့်ဖတ်ပေတော့ ဟုတ်ပြီလား""ခေါင်ဖုရား.."စိတ်ပူသွားတဲ့ တိက္ခကို မြတ် လက်သာကာပြလိုက်မိသည်။ အင်း.. ခါးထဲ က နာချင်သလိုလို.ပဲ..။ ဆေးရုံကြိုတက်ထားရမယ့် ရက်က နဲနဲလိုသေးတာပဲလေ။ အခုမှ မေလကုန်ပဲရှိသေးတာ။"မြတ်ငယ်.. စာအုပ်ဖတ်နေသလားကွယ်။ မျက်လုံးတွေထိခိုက်ပါ့မယ် နားနားနေနေ နေပါ့အုံးလား ကလေးရယ်"ဘုရင်တစ်ပါးရဲ့ အသရေပြည့်ဝစွာနဲ့ပဲ .. အခန်းထဲ လှမ်းကြွဝင်လာတဲ့ လင်တော်မောင်ကို မြတ် ချစ်မြတ်နိုးစွာပဲ ကြိုလိုက်သည်။"မောင်တော်.. ဒီနေ့တော့ အစည်းအဝေးကို ကိုယ်တိုင်တက်ရမှာ မြတ်ငယ်.. အဲ့ဒါ မြတ်ငယ်ရဲ့ အခြေအနေကို မောင်တော်သေချာအောင်လို့ သက်ဉီးကိုဆင့်ခေါ်ထားတယ်ကွဲ့ ။ ဟဲ့ ဝဏ္ဏ.. အဲကွန်းက အေးလိုက်တာ.. အပြင်မှာမိုးရွာနေတယ်မဟုတ်လား။ အေးရင် လျှော့ ပူရင်တိုး လုပ်မှပေါ့ ကွဲ့ .. မောင်မင်းထူလိုက်ပိန်းလိုက်လေ""မောင်တော်ရယ်.. ဟော ဟိုမှာ နေပွင့်နေပြီလေ... မိုးက ခဏရွာတာပါ ... အစည်းအဝေးက ဒီနေ့ အပြီးသတ်မယ့် နေ့မဟုတ်လား။ စိတ်ချသွားပါမောင်တော် မြတ် နေသာထိုင်သာရှိပါတယ်"မင်းတြားကြီး ခါးမှာလက်ထောက်လိုက်.. ကြင်ယာတော်လေးအနား ထိုင်လိုက်.. ကြင်ယာတော်ရဲ့ လက်ကို ကိုင်လိုက်.. နှဖူးကို စမ်းလိုက် နဲ့ ... နေရာမကျ။"၈ လလွန် .. ၉ လထဲရောက်နေပြီ မြတ်ငယ်ရဲ့.. မတော် မီးဖွားချင်လို့ရှိရင် မောင်တော်အနားမရှိတော့ ခက်နေမှာပေါ့"ကျောင်းမသွားချင်တဲ့ ကျောင်းအုပ်ဆရာကြီး ဂျီကျနေတာနဲ့တောင် တူသေးတော့တဲ့ လင်တော်မောင်ကို မြတ် သဘောကျစွာပဲ ရယ်လိုက်ရသည်။ မြတ်ရယ်တော့... မြတ်အနား မျက်နှာငယ်လေးနဲ့လာထိုင်နေပြန်တဲ့ မင်းတြားကြီးကို မြတ် ကျောပြင်လေးသပ်ကာ နှစ်သိမ့်ရပြန်သည်။"မမွေးသေးပါဘူး မောင်တော်ရယ်.. ဆေးရုံ ကြိုတက်ရမယ့်ရက်တောင် လိုသေးတာပဲဟာ။ နောက်ပြီး.. မြတ်အနားမှာ ဝဏ္ဏတို့ တိက္ခတို့ ရှိနေတာပဲလေ။ အပြင်ဘက်မှာ နန်းရင်းဝန်ကြီးကလည်း နေ့ရောညပါ စောင့်ပေးနေတာ မြတ် ကိုစိတ်ပူနေဖို့မလိုပါဘူး .. ဟိုက နိုင်ငံ့ခေါင်းဆောင်တွေ စောင့်နေရရင် မကောင်းဘူးမဟုတ်လား မောင်တော်။ သွားပါ..""အင်း.. မြတ်ငယ် နေ့ခင်းဘက် တစ်မှေးအိပ်ချင်တော့ မောင်တော့်ကိုများ ရှာနေလိမ့်မလားလို့"နှုတ်ခမ်းဆူလျက်.. ခပ်တိုးတိုး ဈေးဆစ်နေတဲ့ မင်းတြားကြီးကို ..မြတ် ချစ်မြတ်နိုးစွာပဲ ပါးလက်ဖြင့်အုပ်ကိုင်လိုက်ကာ.."အော်.. မြတ် ဒီနေ့ နေ့လည်မအိပ်တော့ဘူးလေ.. မြတ် .. ကလေးတွေအတွက် အခန်းလေး ပြင်ဆင်ပေးထားမယ်.. မောင်တော်ပြန်ကြွလာတော့ .. မြတ်နဲ့ အတူတူ ကြည့်ကြမယ်လေ။ ရန်အောင်နဲ့ တိက္ခတို့ သားတော်လေးတွေအတွက် အခန်းရှင်းလင်းကြမှာမောင်တော်ရဲ့""အဲ .. အဲ.. ဟုတ်သား.. ဟဲ့ရန်အောင်.. အခန်းရှင်းလင်းတော့.. မောင်မင်းတို့ကို သေချာကြည့်ရှုပေးဖို့ လိုသေးတာပဲ ကိုယ်တော် ရှိနေမှ ဖြစ်မှာ..""မှန်ပါ မင်းကြီးဘုရား.. အခန်းကရှင်းလင်းပြီးစီးလို့ ဒီနေ့ အလှဆင်ရန်ပဲလိုအပ်ပါ‌တော့တယ်ဘုရား.. မီးသမားများ အဲကွန်းတပ်ဖို့ စောင့်ဆိုင်းရုံပါပဲဘုရား""ဒီလောက်ကတော့ မြတ် လုပ်နိုင့်ပါတယ်မောင်တော်ရယ်.. နောက်ဆံမတင်းဘဲ ကြွတော်မူပါ..""အင်း.. မောင်တော် သမ္မတအိမ်တော်အထိသွားရမှာ မြတ်ငယ်ရဲ့..။ အရေးတော့မကြီးလှပါဘူး။ မြတ်ငယ်.. ဟိုဟိုဒီဒီ ဇွတ်တရွတ်တွေ လျှောက်သွားလို့မရဘူးနော်"ကြင်ယာတော်ကို ထားခဲ့ရမှာ စိတ်မချလို့ ရမယ်ရှာနေတဲ့ ထီးဘုရားကို ရန်ပုံခွင်းတို့ စိတ်ထဲက ကြိတ်ပြုံးနေမိကြသည်။"အင်း .. ရန်ပုံခွင်း.. မောင်မင်း ခေါင်ဖုရားအနား နေရစ်ခဲ့။ ကိုယ်တော် လင်းမြင့်ကိုခေါ်သွားမယ်။ ရန်အောင်.. ဟဲ့ ဝဏ္ဏ မောင်မင်းက သိပ်နဝေတိမ်တောင်နိုင်လွန်းတယ်။ ခေါင်ဖုရားကို သေချာဂရုစိုက်ကြနော်။ ခြေလှမ်းလှမ်းတာက အစ .. ထိုင်တဲ့အဆုံး .. ညင်ညင်သာသာ ရှိအောင် ဖေးမကြဟ.. အော်.. ကိုယ်တော် အလုံးစုံလိုက်မှာကြားနေရတော့တာပဲကိုး""မောင်တော်ရယ်..ကဲကဲ.. ငလင်းမြင့်.. ထီးဘုရားနောက် လိုက်ချေတော့.. သူရဇ္ဇ စောင့်နေတော့မယ်။ မောင်တော်.. ကြွပါတော့လား"သက်ပြင်းတစ်ချက်ချရင်း.. သလွန်ပေါ် တစောင်းလေး လှဲကာ နေရတဲ့ ချစ်ကြင်ယာတော်လေးအနား.. ထီးဘုရားကြီး ကပ်ထိုင်လိုက်တာမို့.. ရန်ပုံခွင်းတို့လည်း အလိုက်တသိ အခန်းထဲက ထွက်လာခဲ့ကြသည်။"ကောင်းပါပြီမြတ်ငယ်။ မောင်တော် စိတ်ချမယ်နော်။ ဟောဒီဖုန်းက အနားမခွာထားပါ။ စိတ်ထဲမှာ တစ်ခုခု မူမမှန်ဘူး ထင်တာနဲ့ မောင်တော့်ဆီတန်းလို့ဆက်လိုက်ပါ နော်။ မောင်တော်သွားရမယ့် ခရီး ဝေးလွန်းလို့ပါကွယ်။ ဟိုတုန်းက. မြတ်ငယ်မေးခဲ့စဉ်က.. ခပ်ပေါ့ပေါ့ ထားလို့ ဖြေခဲ့မိတယ်.. အခုတော့မှ ဝေးတဲ့ခရီးကို မောင်တော် မြတ်ငယ်ကို ခဏလေးတောင်ထားလို့ မသွားနိုင်ဘူးဖြစ်ရတယ် မြတ်ငယ်ရယ်"မောင်တော့်ပါးကို မြတ်ငယ် အုပ်ကိုင်ရင်း.. နှုတ်ခမ်း‌ဒေါင့်လေးကို .. အနမ်းပေးလိုက်သည်။"စိတ်မပူပါနဲ့တော့‌ မောင်တော်ရယ်။ မြတ် တစ်ခုခု ဖြစ်တာနဲ့ ချက်ချင်းဖုန်းဆက်ပါ့မယ် နော်။ သိပ်နောက်ကျနေလိမ့်မယ် မောင်တော်။ ဉီးဆောင်သူဖြစ်ပြီး နောက်ကျမှရောက်တယ်ဆိုရင် မကောင်းဘူးလေ။ ကြွပါတော့.။ မြန်မြန် ပြန်လာခဲ့ပါ။ အလုပ်တွေ အားလုံး အောင်မြင်ပါစေလို့ မြတ်က ဆုတောင်းပေးနေမယ်လေ"ကြင်ယာတော်လေးရဲ့ ပါးဖောင်းဖောင်းလေးကို ကိုယ်တော်ကြီး ဖွဖွနမ်းလိုက်ကာ.. လက်အစုံကို ရင်မှာအပ်ရင်း.. မေတ္တာရင်ငွေ့ပေးနေမိသည်။ ပြီးတော့မှ..ထိုင်ရာက ထလိုက်ကာ ခက်ခက်ခဲခဲ ကျောခိုင်းရတော့သည်။နန်းတော်အဝင် စင်္ကြန် အဆုံး.. ကားနံဘေးမှာ ထီးဘုရားကြီး ရပ်လျက် ကားပေါ်မတက်..ငလင်းမြင့်နှင့် ရထားထိမ်း ငရွှေကျော်တို့.. ထီးဘုရားကြီး အကဲကိုခတ်ရင်း.. ဘာလုပ်ရမလဲ မသိကြ။ ရန်ပုံခွင်းနဲ့ တိက္ခတို့လည်း ထီးဘုရားကြီး အခေါ်တော်ရှိထားလို့ ဒူးတုပ်ထိုင်ရင်း မော်ဖူးနေရသည်။ခါးကိုထောက်ထားတဲ့လက်နှစ်ဘက်က .. ကိုယ်ရှေ့မှာ နှစ်ဘက်ယှက်ပွတ်လိုက်.. ခါးကိုပြန်ထောက်လိုက်.. ခေါင်းကုတ်လိုက် မေးစေ့နဲ့ ပါးစပ်ကို ပွတ်လိုက်.. ကိုယ်လုံးကလည်း ဘယ်ညာ တစ်လှည့်စီ လှည့်ပတ်ပြီး.. ဂဏှာမငြိမ်ဖြစ်နေရှာတဲ့ ထီးဘုရားကို .. ရန်ပုံခွင်း ကောင်းစွာနားလည်နေမိသည်။ငယ်မွေးခြံပေါက်.. သခင်နဲ့ကျွန်မဟုတ်လား။"ငရွှေကျော်.. မောင်မင်း ငနိုင့်ကို ဘယ်ထားခဲ့လဲ။""မှန်ပါ .. ခေါင်ဖုရားကားလေးကို ဆီဖြည့်ထားဖို့အမိန့်တော်အတိုင်း.. ဆီဖြည့်နေပါတယ်ဘုရား""အိမ်း ပြန်မလာသေးဘူးလား။ ငါ မရှိတုန်း ခေါင်ဖုရားကို တစ်ချက်မှ မျက်ချေမပြတ်စေနဲ့နော် ရန်ပုံခွင်း""မှန်လှပါ ရန်ပုံခွင်း တစ်ချက်မရွှေ့ ခစားစောင့်ရှောက်ပါ့မယ်ဘုရား""အိမ်း.. သက်ဉီးဆီက စကားပြန်လာပလားကွဲ့""မှန်လှပါ သက်ဉီး ခွဲစိတ်ခန်းဝင်နေရလို့ ငယ်ကျွန်တိက္ခနဲ့ တိုက်ရိုက်စကားမပြောရသေးပါဘူး ဘုရား။""အိမ်း.. ဟင်း.. ဟဲ့.. ငလင်းမြင့်.. မောင်မင်း လျှောက်တင်စမ်း.. ဒီအစည်းအဝေးက အရေးကြီးလှသလား""မှန်ပါ.. ငယ်ကျွန် မလျှောက်တင်တတ်ကြောင်းပါဘုရား""သယ်... ဘာမှမသိဘူး မောင်မင်း ငနုံငအ"ရွှေစိတ်တော်အလိုမကျတိုင်း.. ဖိငေါက်နေတဲ့ ထီးဘုရားချိတုံချတုံဖြစ်နေဆဲမှာပဲ.. ရန်ပုံခွင်းခါးကြားက ဖုန်းမြည်လာသည်။"ခေါင်ဖုရား ဆက်တော်မူတာပါဘုရား""အင်း ကိုင်လိုက်"ခပ်တိုးတိုးလေး ခွင့်ပြုတော့ ရန်ပုံခွင်း ဖုန်းကိုင်လိုက်ရသည်။ တစ်ဘက် က ခေါင်ဖုရားရဲ့ အသံစာစာလေး ထွက်လာတာနဲ့ ထီးဘုရားလည်း အာရုံစိုက် နားထောင်နေလေသည်။"ရန်ပုံခွင်း.. မလာသေးဘူးလား။ အခန်းသွားကြည့်မယ်လေ။ ကိုယ်တော် မင်းသားလေးတွေအခန်းထဲ.. ဘီဒိုထည့်ချင်တာ.. နေရာလိုက်ပြမလို့။ ဘာလုပ်နေလဲ။ ထီးဘုရားကြွသွားပြီလား"ရန်ပုံခွင်း.. ထီးဘုရားကို မော့ကြည့်လိုက်မိသည်။ထီးဘုရားက နှုတ်ခမ်းလှုပ်ရုံလောက်နဲ့"ကြွသွားပြီလို့ ပြောလိုက်.." ဆိုတာမို့ ရန်ပုံခွင်းလည်း ထီးဘုရား စကားကို ခေါင်ဖုရားဆီ လက်ဆင့်ကမ်းလိုက်ရသည်။"မှန်လှပါ.. ကြွသွားပြီလို့ပြောလိုက်ပါဘုရား"ထီးဘုရားကြီး မျက်လုံး ပြူးတော်မူသွားရသည်။"အင်း.. ကြွပါတော့လို့သေချာလျှောက်လိုက် ကိုယ်တော့်ကို စိတ်မပူပါနဲ့လို့.. ကားပေါ်တက်ပြီး အစည်းအဝေးတက်တော်မူပါ‌တော့လို့ ဟုတ်ပြီလား. ကဲ.. ထီးဘုရားကြွရင် မြန်မြန် ပြန်ဝင်လာခဲ့ ရန်ပုံခွင်း.. ကိုယ်တော်အကြာကြီးမတ်တပ်မရပ်နိုင်ဘူး.. ဝဏ္ဏ ကိုယ်တော်ကိုတွဲ.. ကြွကြမယ်။"တစ်ဘက်က ဖုန်းချလိုက်တာနဲ့ ထီးဘုရားရဲ့ မျက်စောင်းက ရန်ပုံခွင်းအပေါ် မညှာမတာ ကျလာ‌တော့သည်။"ငနုံ ငအ တွေနဲ့ကြည့်ပဲ စံရတာ.. ငါကိုယ်တော် ဝန်လေးလှတယ်.. ရန်ပုံခွင်း.. မောင်မင်း မောင်မင်းတော့လား..""သခင့်စကား ကျွန့်နှုတ်က မထွက်ဝံ့လို့ပါဘုရား"အံကြီးကျိတ်ပြီး.. တက်တစ်ခေါက်ခေါက် ဒေါသထွက်နေတဲ့ ထီးဘုရားကို ကြည့်ရင်း ရန်ပုံခွင်း ပြုံးမိသည်အထိ ရင်ထဲမှာ ကြည်နူးမိသည်။"ထီးဘုရား.. ခေါင်ဖုရားကို ဒီလောက်တောင်ပဲ ချစ်မြတ်နိုးရသလားဘုရား""ဟေ.. မောင်မင်းဘာလျှောက်တယ် ရန်ပုံခွင်း.."ပါးနပ်လှတဲ့ ခေါင်ဖုရားဆီ.. ညာခိုင်းတာ ပေါ်သွားလို့ အနည်းငယ် ရှက်တက်တက်ဖြစ်နေလေတဲ့ ထီးဘုရားကြီး.. ကျေကျေနပ်နပ် ပြုံးသည်။ ကျက်သရေရှိလိုက်တဲ့ သခင်ဘုရား။"အင်း.. ချစ်မြတ်နိုးတာပေါ့ ရန်ပုံခွင်း.. ကိုယ်တော်တို့မောင်နှံက တစ်ယောက်ကိုတစ်ယောက် အသက်ပေးလို့ ချစ်ကြတာပဲလေ။ ဒါပေမယ့် ရန်ပုံခွင်း... မောင်မင်း ရံရွေတော်တင်မမ ဘာဖြစ်တယ်မြင်ရဲ့မဟုတ်လား။ ကိုယ်တော်. စိတ်ပူတယ်ကွယ်""မိန့်တော်မမူပါနဲ့လားဘုရား။ ခေါင်ဖုရားရဲ့ ကြမ္မာနဲ့ ကုသိုလ်ဘုန်းကံတို့က. . ငယ်ကျွန်တို့ မမြင်နိုင်မမှန်းနိုင်အောင် ကောင်းလှပါတယ်ဘုရား။ စိတ်ချလို့ ကြွတော်မူပါ။ ငယ်ကျွန် ‌ခေါင်ဖုရားအနားတစ်ဖဝါးမခွာဘဲ စောင့်ရှောက်ပါ့မယ်ဘုရား။ သက်ဉီးကိုလည်း ငယ်ကျွန်တို့ ရအောင် ခေါ်လို့ ခေါင်ဖုရားအနား ခစားစေပါ့မယ်ဘုရား""အင်း.. ကောင်းပြီကွယ်။"သက်ပြင်းချကာ နောက်ဆံတစ်ငင်ငင်နဲ့ ထီးဘုရားကြီး ကြွသွားလေတော့မှ.. ရန်ပုံခွင်းလည်း ခေါင်ဖုရားဆီ အပြေးပြန်အခစားဝင်ရတော့သည်။ခေါင်ဖုရားသည်ကား.. .. ကိုယ်ဝန်ကြီးတစ်ကားကားနဲ့ .. သားတော်နှစ်ပါး စံမြန်းမယ့် အိမ်ရှေ့စံဆောင်ခန်းထဲ စိတ်လိုလက်ရ ပြင်ဆင်နေလေပြီ။"ဟိုမှာ.. ဗီဒိုထည့်မယ်။ .. ဒီဗီဒိုနောက်က အတွင်းလမ်းနဲ့ တစ်ဆက်တည်း အပေါက် ထားမယ်။ ဒီကုတင်နှစ်လုံးကို.နံရံတစ်ဘက်စီမှာကပ်လိုက် ရန်ပုံခွင်း.. အင်ဂျင်နီယာကြီး.. မီးရော.. စားပွဲရော.. အားလုံး ဆင်တူပဲ လုပ်မယ်။ ကုတင်ခြေရင်းက သလွန်ငယ်လေးတွေကို အရောင်မခွဲနဲ့နော် ဉီးညို။ စာအုပ်စင်ကို ဟောဒီဘက်ခြမ်းမှာ တစ်ခုတည်းဆင်ပါ။ ဒီအလယ်တည့်တည့်မှာ အဲကွန်းတပ်မယ်။ ရေချိုးကန် နှစ်ခုထည့်မယ်နော်.. တစ်ခုကို အခုလောလောဆယ်တော့ ခဏမှောက်ထားရမှာပဲ.. ရန်ပုံခွင်း.. မောင်မင်းကို ကိုယ်တော် ပြောစရာရှိတယ်.. တိက္ခနဲ့အတူ ဆောင်ခန်းထဲ လိုက်ခဲ့ကြ"မှာကြားစရာရှိတာတွေ စုံလင်နေအောင်မှာကြားပြီး .. ဘုရင့်ဆောင်ခန်းထဲ ပြန်ကြွသွားတဲ့ ခေါင်ဖုရားကို ရန်ပုံခွင်းတွဲခေါ်လာခဲ့သည်။"တိက္ခ.. ကိုယ်တော်ပေးတဲ့စာအိတ်တွေကို သေချာသိမ်းဆည်းထားလား။ စာအိတ်ပေါ်မှာ မောင်မင်းဖွင့်ဖောက်ရမယ့် အချိန်ရေးထားတယ်။ နေ့ရက်ကိုသေချာဂရုစိုက်ပြီး ဖွင့်ဖောက်ပါ။ အဲ့ဒီအထဲကအတိုင်း.. ကိုယ်တော် စိတ်ချမယ်"တိက္ခ ရင်ဘတ်ထဲထည့်ထားတဲ့စာအိတ်လေးကိုစမ်းလိုက်မိသည်။"မှန်လှပါ ခေါင်ဖုရား""ဝဏ္ဏ.. မောင်မင်းထွန်းဆီဖုန်းဆက်လိုက်စမ်းပါ။ နို့ဗူးလေးတွေ ပေါင်းခိုင်းထားတာ .. ရနေပြီဆိုရင် သန့်ပြန့်တဲ့ဗူးထဲထည့်ထားလို့။ ဝယ်ထားတဲ့နို့မှုန့်တွေ အနှီးတွေ အဆင်သင့်ပြင်ထားတာ သေချာပြန်စစ်နော်။ ကိုယ်တော်က နို့တိုက်ကျွေးလို့မရတာမို့ သားတော်လေးတွေကို ဗိုက်အဆာခံခိုင်းလို့ မရဘူး သေချာလုပ်ကြ""မှန်ပါ .. အသင့်ပြင်ဆင်ထားပြီးကြောင်းပါ ဘုရား""ရန်ပုံခွင်း.. တင်မမအတွက်.. ကုသိုလ်ပြုပေးပါလို့.. သူ့မိခင်ဆီ ဒီငွေကို ပို့ပေးလိုက်ပါ။ ဟင်း...."သက်ပြင်းရှိုက်ရုံသာ ရှိုက်တဲ့ ‌ခေါင်ဖုရားကို. . ရန်ပုံခွင်း ဖေးမကာ.. သလွန်ထက် လှဲလိုက်စေသည်။သက်ဉီးဆီက ကြားထားပြီးသားဖြစ်တဲ့ ရာခိုင်နှုန်းကို .. ရန်ပုံခွင်းရဲ့ သက်တမ်းထဲက ဖဲ့လို့ဖြည့်ပေးလိုက်ချင်ပါရဲ့.. အပူရုပ်ကို ဟန်လုပ်နေရတဲ့ ငယ်ကျွန်တွေ.. နန်းရင်းဝန်ကြီး ငိုရှိုက်သံကြားမှာ.. မျက်ရည်ခိုးကျခဲ့ရတဲ့ ရက်တွေက များခဲ့ပြီ။ ယာယီသွေးတိုးတယ်ဆိုတဲ့ ခေါင်ဖုရားရဲ့ ကိုယ်ဝန်ဆိပ်တက်သည့်လက္ခဏာကတော့ လျော့မသွား.. ခေါင်ဖုရားခမျာ.. နို့ဆန်ပြုတ်နဲ့ အာဟာရလုပ်နေရရှာတာ။"အာ့.. ရန်ပုံခွင်း... ခဏ..""ခေါင်ဖုရား.. ခေါင်ဖုရား.. ဘာများခံစားရလို့လဲ ဘုရား""ကိုယ်တော်.. ခါးက နာတယ်.. အား... မောင်တော်"သလွန်ထက်မှာ မှေးအိပ်ပျော်နေရာက ရုတ်တရက်ကြီး နာကျင်လာရတဲ့ခေါင်ဖုရားကို .. တိက္ခ ချက်ချင်းပွေ့ချီကာ.. ငနိုင့်ကားပေါ်တင်ပြီး.. ဆေးရုံဆီသို့ မောင်းထွက်လာခဲ့ကြ‌တော့သည်။*********"မနက်ပိုင်းမှာတော့ ဆွေးနွေးသဘောတူထားခဲ့တဲ့ အချက်တွေကို ဖတ်ကြားပါမယ်ခင်ဗျာ ညနေပိုင်းမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်တဲ့ သဘောတူညီမှုစာချုပ်တွေနဲ့ . သဘာဝဓါတ်ငွေ့တူးဖော်ခြင်းစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ဖြစ်ပါတယ်ခင်ဗျာ"သူရဇ္ဇရဲ့ အစီအစဉ်ကြေညာချက်ကို ထီးဘုရားကြီး ကျေကျေနပ်နပ် ခေါင်းညှိမ့်လိုက်သည်။ သ‌ဘောတူညီချက်တွေကို ဖတ်ကြားအတည်ပြုပြီးတာနဲ့ ဘုန်းရှိန်ရောင်ဝါ အစည်းအဝေးခန်းမှာရှိနေဖို့မလိုတော့ပေ..။ နှစ်နိုင်ငံခေါင်းဆောင်တွေ လက်မှတ်ထိုးကြရုံသာပင်။ ဘုန်းရှိန်ရောင်ဝါ ထပ်မထိုင်နေလိုတော့.. စိတ်က နန်းတော်ကိုသာ ပြန်ရောက်နေပြီ။"မင်းကြီး.. ဉီးဆောင်သူပီသစွာပဲ နှစ်နိုင်ငံအကျိုးစီးပွားအတွက် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့တာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုယ်စား ကျွန်တော် စီးပွားကူးသန်းဝန်ကြီးနဲ့ အဖွဲ့က ကျေးဇူးတင်ရှိပါတယ်"မင်းကြီးဘုန်းရှိန်ရောင်ဝါ.. နှစ်သက်စွာပြုံးလိုက်သည်။"ကျွန်တော်တို့နိုင်ငံရဲ့ သမ္မတကြီး အမျှော်အမြင်ကြီးမားတာကလည်း ကျေးဇူးတင်စရာအချက်ပါပဲ။ ရိုးသားခြင်းနဲ့ ဖြောင့်မတ်ခြင်းဟာ... တစ်သက်စာ‌ဆောင်ထားသင့်တဲ့ လက်စွဲတော် ကိုယ်ကျင့်တရားပဲ ဝန်ကြီး။ ယခုခြေလှမ်းကစတင်ပြီး.. ကိုယ်တော်တို့နှစ်နိုင်ငံ ပိုမိုရင်းနှီးစွာ လက်တွဲသွားနိုင်ဖို့ မျှော်လင့်ပါတယ်"ပြုံးရွှင်စွာဖြင့် တစ်ရင်းတစ်နှီးစကားဆိုလာတဲ့ မင်းကြီးကို တရုတ်သံတမန်တွေနဲ့ စီးပွားကူးသန်းဝန်ကြီးတို့ အံ့သြနေကြရသည်။ တည်ကြည်လွန်းပြီး သမာဓိရှိတဲ့ မင်းကြီးက ဒီနေ့တော့ ပြုံးရွှင်နေလို့ပဲ။နှစ်နိုင်ငံသ‌ဘောတူညီချက်တွေကို ဖတ်ကြားနေစဉ်မှာပဲ မင်းတြားကြီးရှေ့ ခုံပေါ်မှာတင်ထားတဲ့ ဖုန်းက မည်လာတော့သည်။ဘယ်တုန်းကမှ ဖုန်းကိုကိုယ်တိုင်သုံးလေ့မရှိတဲ့ မင်းတြားကြီး ... ခေါင်ဖုရား ပျောက်သွားတဲ့ အချိန်ကတည်းက . . ဖုန်းကို‌ကိုယ်နဲ့မခွာထားခဲ့တာ..အခုလည်း ကျင့်ဝတ်နဲ့မညီစွာ.. နိုင်ငံတော်အဆင့်အစည်းအဝေးမှာ.. မင်းတြားကြီးရဲ့ ဖုန်းမည်လာတော့သည်။ဖုန်းစကရင်ပေါ်က ချစ်ဇနီး ဆိုတဲ့ စာလုံးလေးတွေကြောင့် အစည်းအဝေးခန်းထဲက ဘယ်သူ့ကိုမှ အားမနာနိုင်တော့ဘဲ မင်းတြားကြီး ဖုန်းကိုင်လိုက်တော့သည်။"မောင်တော်.. အား.. အ အ.. မြတ် ဗိုက်နာလို့.. ဆရာမကြီးဆီ သွားနေပြီ.. မြန်မြန်လာပါ .. အား.. အီးဟီး... နာတယ် မောင်တော်.. မောင်တော်"မင်းတြားကြီး သတိုးတေဇရောင်ရှိန် ဖုန်းကိုင်လျက်က.. မျက်နှာမှာ သွေးဆုတ်ဖြူလျှော်သွား ပြီ ချက်ချင်းပဲ နီမြန်းလာတော့သည်။"မောင်တော် အခုချက်ချင်းပြန်လာပြီမြတ်ငယ်"ထိုင်ရာက ထကာ တရုတ်ဝန်ကြီးနဲ့ သမ္မတကြီးတို့ကို လက်‌ဆွဲနှုတ်ဆက်လိုက်ပြီး.. မင်းကြီး စိတ်လှုပ်ရှားစွာဖြင့်.. နှုတ်ဆက်လိုက်လေသည်။"ကိုယ်တော် အရေးကြီးလို့ ပြန်ကြွပြီ။ လုပ်ငန်းအားလုံး အောင်မြင်ပါစေ"သမ္မတကြီး နဲ့ အစည်းအဝေးကို ထားရစ်ခဲ့ပြီး ဆေးရုံဆီလိုက်လာတဲ့ မင်းတြားကြီး အင်္ဂုလိမာလသုတ်ကို တစ်လမ်းလုံးရွတ်လျက်..တစ်ဘက်ကလည်း ခေါင်ဖုရားစီစဉ်ထားခဲ့တဲ့ ကိစ္စတွေအလုံးစုံ ပြည့်စုံမှုရှိမရှိ.. ဖုန်းတစ်လုံးနဲ့ ညွှန်ကြားရင်း. ..ဆေးရုံကိုရောက်လာတော့သည်။ခွဲခန်းအတွင်း.. အသင့်အနေအထားနဲ့ လှဲနေရတဲ့ မြတ်.. တစ်မှေးအိပ်ပျော်သွားရာက နိုးထလာခဲ့သည်။"မြတ်ငယ်.. နေသာရဲ့လား ဟင်.. မောင်တော် ဒီမှာရှိတယ်နော်"လက်ကို ဆုပ်ကိုင်ထားရင်း.. စိတ်ပူပန်နေရှာတဲ့ လင်တော်မောင်ကို မြတ် ... နောက်ဆုံးအနေနဲ့ အားရအောင် စေ့စေ့ ကြည့်နေမိသည်။"မောင်တော် .. မြတ်ကို ဆုတစ်ခုပေးပါ""မြတ်ငယ် ဘာဆုလိုချင်လဲ ဟင်""တစ်ကယ်လို့... မဖြစ်မနေကြုံလာခဲ့ရမယ်ဆိုရင်.. မြတ်ငယ်ကို လက်လွှတ်ပေးဖို့ ဆုပါ မောင်တော်"ဘုန်းရှိန်ရောင်ဝါ .. မေးကြောကြီးထောင်ထလာသည်အထိ အံကြိတ်လိုက်သည်."မောင်တော့် ဆုကို မြတ်ငယ်ရပါပြီ။ မြတ်ငယ်ကို မောင်တော်က ဆုထပ်ပေးချင်သေးတယ် မြတ်ငယ်။ မောင်တော့်ဆုက မြတ်ငယ်လက်ဝယ်မှာရှိထားပြီးသား ဆုပါ။ မောင်တော်က မြတ်ငယ်ကို ဘယ်သောအခါမှ ပစ်မထားဘူးဆိုတဲ့ ဆုလေ။ အဲ့ဒီဆုအပြင်.. မြတ်ငယ်ရဲ့လက်ကို ဘယ်‌တော့မှ မလွှတ်ဘဲ ဟောဒီလို အမြဲဆုပ်ကိုင်ထားမယ်ဆိုတဲ့ ဆုပဲ မြတ်ငယ်ရယ်""မောင်တော်က ဉာဏ်များလိုက်တာ""မြတ်ငယ်။ ဟောဒီမောင့်တော့်ရင်ခွင်ကလေ.. မြတ်ငယ်တင်မက သားတော်လေးနှစ်ပါးကိုပါ လုံခြုံအောင်ထွေးပွေ့ထားနိုင်တဲ့အထိ ကျယ်ပြန့်ပါတယ်ကွယ်။ ဘုရားကိုအာရုံပြုပါနော်။ မောင်တော်တို့ ညစဉ် အတူတကွ ဝတ်ပြုခဲ့တဲ့ကုသိုလ်တွေ. .. မြတ်ငယ် ကျန်းမာချမ်းသာခြင်းမှာ အထောက်အပံ့ဖြစ်ပါစေ"တစ်ယောက်ကိုတစ်ယောက် လက်ချင်းဆုပ်ကိုင်ထားရင်း.. ငေးစိုက်နေကြတဲ့သူတို့ကို ခွဲခန်းဝတ်စုံအပြည့်နဲ့ သက်ဉီးက ခွဲခွာစေသည်။"ခွဲခန်းဝင်ရတော့မယ် ထီးဘုရား.. စိတ်ပူတော်မမူပါနဲ့ဘုရား သက်ဉီးနဲ့ ကောင်းမြတ်တို့ ခွဲခန်းထဲ အတူရှိနေပါမယ်။ ခေါင်ဖုရား.. သက်ဉီး ဆောင်ယူပါ့မယ်ဘုရား။"သက်ဉီးတွန်းယူသွားခဲ့တဲ့ ကုတင်လေးကို နောက်ကနေ ငေးမျှော်ကြည့်ရင်း ကျန်နေရစ်ခဲ့ရတဲ့ ဘုန်းရှိန်ရောင်ဝါနဲ့အတူ.. ကိုယ်ရံတော်တွေ ခွဲခန်းအရှေ့ အဆင်သင့်စောင့်ဆိုင်းနေခဲ့တာ သုံးနာရီခန့်ကြာပြီ။မျက်လွှာချထားပြီး အိနြေ္ဒရရ ထိုင်နေပေမယ့်.. ဘုန်းရှိန်ရောင်ဝါရဲ့ ရင်တစ်ခုလုံး.. လှုပ်ရှားနေတာ ထိမ်းသိမ်းမရတတ်နိုင်အောင်ပင်။ဇွန်လ ၁ ရက်... မနက် ၄ နာရီ.. အရုဏ်တက်စ..အောင်မြင်တဲ့ ငိုသံလေးနှစ်ခုကို .. အားရပါးရ ကြားလိုက်ရပြီးနောက် ... ဘုန်းရှိန်ရောင်ဝါအရှေ့ကို.. သားတော်နှစ်ပါး.. ကျန်းမာစွာဖြင့် .. ရောက်လာခဲ့လေသည်။ချီလာတဲ့သက်ဉီးကတော့ မျက်နှာမသာယာ။ငိုနေကြတဲ့ကလေးတွေ.. ထီးဘုရားပွေ့ပိုက်ခြင်းမှာ. . အငိုတိတ်ကြပေမယ့်... သက်ဉီးမျက်နှာကိုကြည့်ပြီး လူတိုင်းစိတ်မချကြ။"သက်ဉီး မြတ်ငယ်ရော.. မြတ်ငယ်""မှန်ပါ.. သတိမလည်လာသေးလို့ .. ဆရာမကြီးများ အထူးကြပ်မတ်နေကြပါတယ်ဘုရား""ဘာ""ခေါင်ဖုရား.. သွေးဆိပ်တက်တဲ့ဝေဒနာက.. ရုတ်တရက်တိုးလာတာမို့ပါဘုရား။ သားအိမ်ကိုထုတ်ယူလိုက်ပြီး.. အပြီးသတ်သွေးလဲလှယ်ဖို့.. ပြင်ဆင်နေပါပြီဘုရား။ စောင့်တော်မူပါအုံး။ ကိုယ်ရံတော်ကြီး နို့မှုန့်ဖျော်ဖို့ ပစ္စည်းတွေရော အခန်းထဲရောက်ပြီလား။ ထီးဘုရား ကလေးတွေ အခန်းထဲ ရွှေ့ပြီး နို့တိုက်ကျွေးရပါမယ်ဘုရား။ ထီးဘုရား ‌ဆေးရုံခန်းထဲကစောင့်တော်မူပါ။ ခေါင်ဖုရားကို အထူးကြပ်မတ်ဆောင်ထဲရွှေ့ပြီးတဲ့အခါ ကောင်းမြတ် အကြောင်းကြားပါလိမ့်မယ်ဘုရားထီးဘုရား.. အသံတိုးညင်းတုန်ယင်စွာဖြင့်.. သက်ဉီး လက်ကို ကိုင်လျက် မေးသည်"သက်ဉီး... မြတ်ငယ်.. မြတ်ငယ်.. သက်သာလာမယ်မဟုတ်လား ဟင်"သက်ဉီး မဖြေတတ်ပါ။ ဖြေလည်းမဖြေချင်ပါ။ကြိုးစားပြီး ဆေးနဲ့သွေးနဲ့ကုသနေတဲ့ ဆရာမကြီးတွေအပေါ် သက်ဉီးယုံကြည်သလို.. ခေါင်ဖုရားရဲ့ ကံကြမ္မာအပေါ်လည်း ယုံကြည်ချင်မိပေမယ့်.. သက်ဉီးတတ်ထားတဲ့ပညာအရ.. ရာခိုင်နှုန်းနည်းပါးတာကို‌တော့.. ဝန်မခံလို့မရ။"ထီးဘုရား.. မှန်ပါ.. ခေါင်ဖုရားပဲမဟုတ်လား ဘုရား။ လောကဓံကို ကိုယ်ဝန်ကြီးနဲ့ တစ်ပတ်လှည့်ပစ်ခဲ့တဲ့ ခေါင်ဖုရားပါဘုရား.. ကျွန်တော်မျိုးတို့ အကောင်းဆုံး ရင်ဆိုင်ကြရအောင်ပါဘုရား။ အခုလောလောဆယ်.. အရှင့်သားနှစ်ပါး.. နို့ဆာတော်မူကြလိမ့်မယ်ဘုရား။ အခန်းထဲကြွတော်မူပါတော့ဘုရား"အနှီးထုပ်လေးတွေထဲ .. ခံတွင်းရဲရဲလေးတွေ နဲ့ နီတာရဲလေးနှစ်ပါးကို မွေးကင်းစလှည်းလေးထဲထည့်ကာ..တွန်းသွားခဲ့ကြပြီမို့.. ဘုန်းရှိန်ရောင်ဝါလည်း ခွဲခန်းဘက် လည်တဆန့်ဆန့်နဲ့သာ.. ထွက်လာခဲ့ရသည်။"ကိုင်း.. ရန်ပုံခွင်း.. သားတော်လေးတွေကို သေချာနေရာချ။ ဆရာမ.. နို့ဖျော်တာသေချာ ကြည့်ထားကြ နောက်ပိုင်းမောင်မင်းတို့ ပြုစုရမှာ ခင်မိ.. မယ်မင်း.. ဘာလုပ်နေလဲ။ နို့ဗူးကိုင်ထားလေ။ ဟော အငိုလည်းမတိတ်ကြပါ့လား"ဘယ်သူချီချီ အငိုမတိတ်တဲ့ မွေးကင်းစလေးတွေက ဖခမည်းတော် ဘုန်းရှိန်ရောင်ဝါချီလိုက်တော့မှ အငိုတိတ်တာမို့.. ထီးဘုရားကြီး.. မချိပြုံးလေး ပြုံးလိုက်ရပြန်သည်။"သားတို့ မယ်မယ်ကို ရှာနေကြသလားကွယ်။ မယ်မယ် နေကောင်းပါလိမ့်မယ် နော်.. အခု‌တော့ ဖခမည်းတော်က သားတို့ကို နို့တိုက်မယ်ကွယ်။မင်းတြားကြီးလက်ထဲကျမှ ဇိမ်ကျပြီးအငိုတိတ်ကြတဲ့ မင်းသားလေးတွေကို .. ရန်ပုံခွင်းနဲ့ ခင်မိတို့ တစ်ယောက်စီ ပွေ့ချီထားတော့မှ.. မင်းကြီး လူနာကုတင်ပေါ် တင်ပလ္လင်ခွေထိုင်ရင်း သားကြီးကို ပွေ့လိုက် သားငယ်ကို ပွေ့လိုက်နဲ့ နို့တစ်လှည့်စီတိုက်ပေးရတော့သည်။"မယ်တော်ရဲ့ သားတော်တွေ ပီသပါပေတယ်.. အဟင်းဟင်း.. သူများကိုင်တာ မကြိုက်ကြတာလည်း သွေးထဲကပါလာတာပဲကိုးကွဲ့..။ မကြာပါဘူးသားတော်လေးရယ်.. မယ်မယ် သားတော်ကို ချီပါလိမ့်မယ် နော်။"သားတော်လေးကို ရင်မှာထွေးပွေ့ကာ နို့ဗူးတိုက်ကျွေးရင်း.. အခန်းတံခါးဝဆီကိုသာ လှမ်းမျှော်နေတဲ့ မင်းကြီးကို ရန်ပုံခွင်းတို့.. အနားက လိုအပ်တာ ဖြည့်ဆည်းရင်း..ငိုချင်စိတ်တွေကို မျိုချနေရတာ ခံစားရမသက်သာ.."သက်ဉီးက လာခဲလိုက်လေ ရန်ပုံခွင်း.. ကိုယ်တော် စိတ်ပူတယ်""မှန်ပါ ငယ်ကျွန်သက်ဉီးဆီဖုန်းဆက်ပါ့မယ်ဘုရား""ဒေါက် ဒေါက်"တံခါးခေါက်သံနှင့်အတူ ဆေးရုံအခန်းတံခါး ပွင့်လာပေမယ့် သက်ဉီးကတော့ ဝင်မလာဘဲ အခန်းပေါက်ဝမှာပဲ ရပ်နေပြီး.. ကုတင်ပေါ်က မင်းတြားကြီးကို ငေးစိုက်ကာ.. အရုပ်ကျိုးပြတ်.. ငိုင်နေလေသည်။သားတော်ငယ်လေးကို ပွေ့ချီကာ နို့ဗူးတိုက်နေတဲ့ မင်းကြီးဘုရား.. သက်ဉီးအနေအထားကို မြင်ရုံနဲ့.. အဓိပ္ပါယ်ကို .. ရိပ်မိလိုက်တာမို့.....လက်ထဲက လွတ်ကျတဲ့နို့ဗူး...နို့လွတ်သွားလို့ အားရပါးရငိုတဲ့ နီတာရဲကလေးတွေနဲ့ အပြိုင်...ဆေးရုံခန်းထဲ.. ငိုကြွေးနေကြသူတွေဖြင့်... ထိုနေ့ရဲ့ လှပခြင်းဟာ အဆုံးသတ်ခဲ့ရတော့သည်။ ဖတ်ရတာအဆင်ပြေကြပါစေဗျာ။အပိုင်းသစ်လေးမျှော်ပါခင်ဗျ။မိတ်ဆွေတို့ရဲ့ ဝေဖန်စကားတွေကြားချင်သေးတယ်ဗျာ။အားလုံးပဲ ဘေးကင်းရန်ကင်းကြပါစေ။

ကြီးမြတ်လေသော နှလုံးသားWhere stories live. Discover now