အခဏ်း ၇။ Z

36 1 0
                                    

"အစစ အရာရာ ဂရုစိုက်ပါနော် ကိုယ်တော်။ ကျန်းမာရေးတင်မကဘူး ထိခိုက်မိတာတွေကိုပါ ဂရုစိုက်ပါ။ ငချစ်မြ၊ ငသူ.. ကိုယ်တော် အမိန့်ပေးတယ်နော်.. ထီးဘုရား.. ယင်‌တောင်မနားစေနဲ့။ မောင်မင်းတို့.. တာဝန်ပဲကွယ့်။ ကိုယ်တော်ရယ် ရန်ပုံခွင်းကို ခေါ်လို့မရဘူးလား ဟင်။ ဖုန်းအားသွင်းဖို့ရော ပါရဲ့လား။ မြတ်ထည့်ပေးတဲ့ဆေးတွေ သေချာသောက်နော်။ အအေးမခံနဲ့။ ဗိုက်ဆာရင်လည်း တစ်ခုခုတော့ အမြန်စားလိုက်နော်။ ငသူ... ညတိုင်းနွားနို့တစ်ခွက်.. သေချာဆက်နော်။ အင်း.. ကိုယ်တော်.. ဝတ်လဲတော် ကိုယ်တိုင်လဲရမှာနော်.. မြတ် လုံလောက်အောင် ထည့်ပေးလိုက်တယ်လို့။ ငချစ်မြ..""မြတ်ငယ်.. မောင်တော့်ကို မှာကြားထားသမျှ အလုံးစုံ မှတ်မိပါတယ်။ လိုက်လဲလိုက်နာပါ့မယ်။ ငချစ်မြတို့ကိုလည်း မြတ်ငယ်မှာကြားထားတာ နားတွေပူနေပါပြီကွယ်။ လေယာဉ်ထွက်ဖို့ အချက်ပေးနေပြီမြတ်ငယ်။ မောင်တော် လေယာဉ်ပေါ်တက်တော့မယ်။ မောင်တော် မှာကြားတာတွေ မမေ့ပါနဲ့နော်။ ညနေတိုင်းဖုန်းခေါ်ပါမြတ်ငယ်။ မောင်တော် မြတ်ငယ်အသံကြားရလေမှ နေ့တိုင်းသာယာပါလိမ့်မယ်။ ကိုင်း.. မောင်တော် သွားတော့မယ်""ဟင်း.."လူလေးယောက်ထံက တစ်ပြိုင်နက် ထွက်ပေါ်လာတဲ့ သက်ပြင်းချသံက ကျယ်လောင်တာမို့ နံဘေးကလူတွေတောင် လှည့်ကြည့်ရသည်အထိ။ ဘဏ္ဍာစိုးဉီးချစ်မြက ထီးဘုရားခရီးဆောင်အိတ်ကို လက်ကဆွဲလျက်.. ငသူကတော့ ကျောပိုးအိတ်ထဲ စာရွက်စာတမ်းများနဲ့ ထီးဘုရားလက်ပ်တော့ကို ထည့်လွယ်လျက်.. အရိပ်အခြေကြည့်နေရတဲ့ ခေါင်ဖုရားမျက်နှာတော် ပျက်ယွင်းရုံမျှမက.. မျက်ဝန်းက မျက်ရည်စတွေက .. ကြည်လဲ့လာတာမို့ သက်ပြင်းသာချလိုက်ရတာပင်။ ရန်ပုံခွင်း ခေါင်ဖုရားလက်မောင်းကို ကိုင်ဆွဲထားရင်း ထီးဘုရားရဲ့ မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နေရသည်။ ရာဇအိ‌နြေ္ဒဆည်ကာ ခပ်ထန်ထန် ရပ်နေပေမယ့်... လှုပ်ရှားရိုက်ခတ်တဲ့ ရင်အစုံမို့မောက်နေသည်က.. ထီးဘုရားရဲ့ ရင်တွင်းကအခြေအနေကို ကောင်းစွာနားလည်စေတာမို့လည်း.. ရန်ပုံခွင်း စိတ်မကောင်းအတော်ဖြစ်ရသည်။ ထီးဘုရားနဲ့ ခေါင်ဖုရား ရယ်.. ဒီလောက်တောင်ပဲ ချစ်မြတ်နိုးကြရလေသလား..။ "ထီးဘုရား.. စိတ်ချတော်မူပါ။ ရန်ပုံခွင်း အသက်ကိုရင်းပြီး .. ခေါင်ဖုရားကို စောင့်ရှောက်ပါ့မယ်ဘုရား""မှန်ပါခေါင်ဖုရား၊ ငယ်ကျွန်တို့ ထီးဘုရားကို နေ့ညမလစ်လပ်ရအောင် စောင့်ရှောက်ပါ့မယ်ဘုရား။ စိတ်ချတော်မူပါ။ ထီးဘုရား.. လေယာဉ်ထွက်ချိန်နီးပါပြီဘုရား။"ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို လွှတ်လိုက်ဖို့ နှစ်ဉီးစလုံးက သတ္တိမရှိ။ မဖြစ်မနေ လွှတ်လိုက်ရပြီးမှ.. ကျောခိုင်းဖို့လည်း မတတ်နိုင်.. ဘုန်းရှိန်ရောင်ဝါ.. တွေဝေနေမိသည်။ "ကဲ..ကဲ.. ကိုယ်တော်.. ငသူတို့ အခက်တွေ့နေတော့မယ်.. ကြွပေတော့.. ဟိုရောက်ချိန် မြတ်ဆီ အကြောင်းကြားပါအုံး။ လေယာဉ်က လေးနာရီလောက်ပဲစီးရမှာနော်။ အိပ်ချိန်ဂရုစိုက်ပါ ကိုယ်တော်။ ကိုင်း.. ကြွပေတော့။ ကာယကံဝစီကံမနောကံတို့နဲ့ ပစ်မှားမိတာရှိပါရင် ခွင့်လွှတ်တော်မူပါတော့ကိုယ်တော်"ရုတ်တရက် ဒူးထောက်ချပြီး ဉီးသုံးကြိမ်ချလိုက်တဲ့ ကြင်သူကို .. ဘုန်းရှိန်ရောင်ဝါ ဖေးမကာ ထ စေလိုက်ပြီး.. ပါးကိုအုပ်ကိုင်လျက် စူးစူးစိုက်စိုက် ငေးကြည့်လိုက်ရသည်။ ဒီမျက်နှာတော်လေးကို ၇ ရက်ကြာ ခွဲထားဖို့.. အတော်ခက်ခဲတာပဲလေ။ စိတ်ကိုတင်းကာ ကျောခိုင်းထွက်သွားလေတဲ့ ထီးဘုရားကို မျက်စေ့တစ်ဆုံး ပျောက်ကွယ်သွားသည်အထိ. . မြတ် ရပ်ကြည့်နေမိသည်။ အံကိုတင်းတင်းကြိတ်လိုက်ပြီးမှ.. သူ့မျက်နှာရိပ်ကဲကို ကြည့်နေရှာတဲ့ ရန်ပုံခွင်းလက်ကို တစ်ချက်ကိုင်လိုက်ပြီး..အားတင်းကာ ကိုယ်တော်ဝင်သွားရာ လေယာဉ်ဂိတ်ပေါက်ဝကိုကျောခိုင်းလိုက်ရသည်။ **ဉီးရီးတော် ဒီပါစံ.. ဘယ်လိုစိတ်မျိုးနဲ့ ဉီးရီးတော် တေဇကို ခွဲခွာသွားပါလိမ့်နော်။ ငါ့မှာ.. လေးငါးလလောက်.. ဆုံတွေ့ရတဲ့ ကိုယ်တော့်ကို မခွဲနိုင်မခွာရက်နဲ့ .. မကြာခင်ပြန်လာမှာသိလျက်နဲ့တောင် ရင်ကွဲပက်လက် ရုပ်ပျက်ရသေးတာ.. ဒီလောက်တောင် နှစ်ပေါင်းများစွာ ချစ်မြတ်နိုးလာခဲ့တဲ့.. ချစ်သူကို အသက်ပါစွန့်ပြီး ထားရစ်ခဲ့ဖို့ ဘယ်အရာက.. တွန်းအားပေးလိုက်ပါလိမ့်.. ဒီကိစ္စက ကျိန်စာနဲ့များ ပတ်သက်နေလေမလား.. အခွင့်သာရင်.. ရန်ပုံခွင်းတို့ကို မေးကြည့်အုံးမှထင်ပါရဲ့လေ..**********"ကိုယ်ရံတော်ကြီး.. ဉယာဉ်နဲ့ ရေကန်အစပ်က ခြံစည်းရိုးမှာ ခြေရာလက်ရာပျက်တာ မြင်ခဲ့ပါတယ်။ လိုက်စစ်ပေးပါအုံး။"တိက္ခရဲ့ ခပ်တိုးတိုး အသိပေးခြင်းက.. ရန်ပုံခွင်းမျက်ခုံးတွေကို ပင့်တက်သွားစေပြီး တစ်ဆက်တည်း..ဖြစ်နိုင်ခြေတွေကိုပါ.. တွေးပူမိစေသည်။ ထီးဘုရား.. နိုင်ငံရပ်ခြားခရီးထွက်နေစဉ်.. ခေါင်ဖုရားက နန်းတွင်းအခြေအနေများကို ထိမ်းသိမ်းပြီး.. အရာအားလုံးအခြေမပျက်စီမံနေပေမယ့်.. ရန်ပုံခွင်း စိတ်မချ။ တိက္ခခေါ်ဆောင်ရာကို လိုက်ကြည့်တော့ .. ရေကန်ကြီးတစ်ဘက်ခြမ်း တောစပ်မှာ ခြံစည်းရိုးတစ်နေရာ အနေအထားပျက်နေတာမို့.. သေချာအောင် စေ့ငုလိုက်ရသည်။ လူဝင်တဲ့လက္ခဏာမျိုးမဟုတ်ပေမယ့်.. ရန်ပုံခွင်း မပေါ့ဆရဲ။ ချက်ချင်းဖုန်းထုတ်ကာ.. ဇာမဏိ ဆီဖုန်းဆက်ရ‌တော့သည်။ "ဇာမဏိ.. ပြင်ဉီးလွင်က အခြေအနေများ သိပါရစေ""ရန်ပုံခွင်းကိုယ်ရံ‌တော်ကြီး.. ပြင်ဉီးလွင်မှာကတော့ မျက်စေ့အောက်မှာပဲ ရှိပါတယ်။ အခြေအနေထူးခြားလို့လား""ဆိုပါ‌တော့ ဇာမဏိ။ အထူးဂရုစိုက်ပါအုံး။ တိတ်တခိုးဆက်သွယ်လို့ရတဲ့နည်းလမ်းတွေကို သတိထားပြီး.. ထူးခြားချက်မှန်သမျှ ငါ့ဆီပို့ဖို့ မမေ့လေနဲ့နော်""ကောင်းပါပြီးကိုယ်ရံတော်ကြီး။ လတ်တလောတော့.. ငြိမ်ငြိမ်သက်သက်ပါပဲခင်ဗျာ"ရန်ပုံခွင်း.. ခေါင်းတစ်ညှိမ့်ညှိမ့်နဲ့သာ ဖုန်းကိုချလိုက်ပြီး.. အခြေအနေပျက်တဲ့ ခြံစည်းရိုးအပြင်ကိုထွက်ကာ တောတောင်ထဲ.. သဲလွန်စရလိုရညား တစ်ဖာလုံလောက် အဝေးဆီ အထိ လှည့်လည်သွားလိုက်သည်။ပေါ့ဆလို့မရတာ ရန်ပုံခွင်းသေချာသိနေသည်။ မသင်္ကာစရာ ဘာမှမတွေ့တာမို့လည်း..တိက္ခကိုခေါ်ပြီး.. ခေါင်ဖုရားစံမြန်းရာ.. စာသင်‌ဆောင်လေးဆီ အမြန်ပြန်လာခဲ့သည်။ ထီးဘုရားကို လွမ်းဆွတ်နေလျက်က ..အခြွေအရံတန်းလျားက ကလေးတွေကို စာသင်ဆောင်လေးထဲ စိတ်လက်ရှည်စွာ စာသင်ပေးနေတဲ့ ခေါင်ဖုရားကို တိက္ခတို့ ချစ်လို့မဝကြ။ အရင်နဲ့မတူတဲ့ အဆင့်အတန်းဆိုပေမယ့် အရင်အတိုင်း နှစ်လိုဖွယ်ကောင်းစွာ.. ဖော်ရွေဆဲဖြစ်တဲ့ ခေါင်ဖုရားကို စောင့်ရှောက်နေတာ တိက္ခပဲမဟုတ်။ ထီးဘုရားရဲ့ ကိုယ်ရန်တော် ရန်ပုံခွင်းကလည်း အနားမှာ တစ်ဝဲလည်လည်နဲ့ စောင့်ရှောက်နေရသည်။ ထီးဘုရားနဲ့ ဉီးချစ်မြတို့ စီမံထားခဲ့တဲ့ စာရွက်စာတမ်းတွေက.. ခေါင်ဖုရားဆီတန်းတန်းမတ်မတ် ဆက်သဖို့ရောက်လာကြတာကြောင့်လည်း.. အပြင်ကသူစိမ်းဝန်ထမ်းတွေနဲ့ တွေ့ဆုံရတဲ့ခေါင်ဖုရားကို.. ရန်ပုံခွင်းစိတ်မချမိ။ "ရန်ပုံခွင်း.. ငါကိုယ်တော်ခရီးထွက်ခိုက်.. ခေါင်ဖုရားရဲ့ အသက်ကို မောင်မင်းစောင့်ရှောက်ရမယ်။ ရန်သူက .. မမြင်ရတဲ့ရန်သူဖြစ်တဲ့အပြင်.. အသက်ကိုနှုတ်ယူမယ်လို့ ကြေညာပြီး..အချက်ကောင်းစောင့်နေတာ မောင်မင်းသိတဲ့အတိုင်းပဲ။ မနီးမဝေးကနေ.. အခြေအနေအားလုံး လွှမ်းခြုံလို့.. တစ်ချက်မလပ် အကဲခတ်နေကွဲ့။ သူစိမ်းသူကျက်.. ဘယ်သူမှ စိတ်မချရဘူးနော်။ ဉီးရီးတော် နန္ဒ ပြင်ဉီးလွင်မှာဆိုပေမယ့်... လက်တံရှည်တဲ့သူမို့.. သူဘာလုပ်နေတယ်ဆိုတာာ ချက်ချင်းသိရမယ်မဟုတ်ဘူး။ အစားအသောက်ကိုလည်းသတိထား။ အင်း..ဇာမဏိကိုအနားပို့ထားပေမယ့် ဉီးရီးတော်က ပါးနပ်လွန်းတယ်။ စိတ်မချရဘူးရန်ပုံခွင်း"ခရီးမသွားမီ ညီလာခံခန်းဆောင်ထဲ ရန်ပုံခွင်းကိုခေါ်ကာ စိတ်လက်မသာမယာ မိန့်ကြားသွားတဲ့ ထီးဘုရားစကားကို ပြန်လည်ကြားယောင်မိတာမို့ လက်ထဲက ဓါးရှည်အရိုးကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး.. ခေါင်ဘုရားစံရာ သလွန်ဘေးကို.. ရန်ပုံခွင်း.. ခပ်တည်တည်ပဲ ဝင်ရပ်လိုက်သည်။ ရတနာအိမ်နိမ့်စံတွေရဲ့ အမျိုးမို့ .. ဆိုပြီး မင်းတြားကြီးက ခွဲခြားဆက်ဆံခဲ့ခြင်းမရှိတဲ့ ဉီးရီး‌တော်ကို .. မင်းသား မဟာမင်းရှိန် ကိစ္စနဲ့ပတ်သက်ပြီး အိမ်နိမ့်စံဖို့ အမိန့်ချထားကတည်းက ရန်ပုံခွင်း အထူးသတိထားခဲ့ရတာ။ အခုလို မင်းတြားကြီး နန်းတော်ထဲမရှိချိန်.. ခေါင်ဖုရားကို စောင့်ရှောက်ရမှာ ရန်ပုံခွင်းရဲ့ တာဝန်ပဲဖြစ်သည်။ အနားလာရပ်တဲ့ ရန်ပုံခွင်းကို .. စာရွက်စာတမ်းတွေ စစ်ဆေးရင်းလက်မှတ်ထိုးပေးနေတဲ့ မြတ်... တစ်ချက်လှည့်ကြည့်မိသည်။ နန်းတော်ထဲမှာ.. အနီးအနားမှာ.. ကလေးတွေရော ရံရွေတော်တွေရော၊ ဝဏ္ဏနဲ့ တိက္ခရော.. မုန့်မျိုးစုံလုပ်ပြီးကလေးတွေကို ကိုယ်တိုင်လာကျွေးနေတဲ့ စားတော်ကဲကြီး‌ရော.. ရှိနေပါလျက်က ရန်ပုံခွင်းက ဘာလို့များ အသင့်အနေအထားနဲ့ ရပ်နေပါလိမ့်.. မြတ် နားမလည်။ ကိုယ်တော် စင်ကာပူကိုသွားတာ သုံးရက်ရှိနေပြီ။ ဒီရက်တွေထဲ ငချစ်မြ စီမံပေးနေတဲ့ စက်ရုံကိစ္စကို ဝဏ္ဏနဲ့အတူ စီစဉ်ပေးနေရတာ။ ကုန်အမှာစာပမာဏနဲ့ ထုတ်ကုန် ပမာဏ မကိုက်လို့ အကြပ်တွေ့နေကြောင်း လာလျှောက်တဲ့ စက်ရုံမှူးကို ရန်ပုံခွင်းကြည့်နေပုံက ဝါးစားမတတ်။ "ဝဏ္ဏ .. ကိုလွင်ခန့်ရောက်လာရင်.. ငါတို့ စက်ရုံဘက် သွားကြရ‌အောင်။ စက်ရုံမှူး ငတင်ထွန်း.. အရင်ပြန်နှင့်လေ။ ထုတ်ကုန်ပမာဏ များနေတာက စီမံရလွယ်ပါတယ်။ လတ်တလော အမှာစာထဲကပမာဏ အတိုင်းပဲ ထုတ်ထား။ နို့ညှစ်စက်ကို သုံးပြီး နို့သိပ်များတဲ့ အကောင်တွေကို ညှစ်လက်စ ဆက်ညှစ် .. ပြီးရင် နို့အရည်အသွေးကောင်းတဲ့ကောင်တွေကိုသတ်သတ်ခွဲထုတ်ထားပြီး အဲ့ကောင်တွေကို ပိုတဲ့နို့တိုက်မယ်။ ဘုရားရှင်လက်ထက်က..ဃနာနို့ဆွမ်းစီစဉ်တဲ့ သုဇာတာ သတို့သမီးက နွားမတစ်ထောင်ကရတဲ့နို့ကို နွားမ ငါးရာကိုတိုက် ၊ အဲ့နွားမ ငါးရာရဲ့နို့ကို နွားမ နှစ်ရာ့ငါးဆယ်ကိုတိုက်နဲ့.. အရသာအဆီသြဇာ တိုးအောင်လို့ စီမံလာခဲ့တာ.. အဆင့်ဆင့်နဲ့.. နောက်ဆုံး ကောင်းမွန်လှတဲ့နို့ဓမ်းကို အဝသောက်ထားရတဲ့ နွားမရှစ်ကောင်ဆီက နို့ကိုသာ ဃနာနို့ဆွမ်းချက်လှူလို့ အဲ့ဒီနို့ဆွမ်းအာဟာရနဲ့ .. ဒုက္ခရစရိယ ကျင့်ရာက ထတော်မူတဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီး အင်အားဖြစ်ခဲ့ရဖူးတယ် လို့.. ဓမ္မပဒမှာ ပါတယ် ငတင်ထွန်း။ ကိုယ်တော်တို့လည်း ဒီနည်းလမ်းကျင့်သုံးနိုင်တာပဲလေ။ ကိုယ်တော် ကြွလာခဲ့မယ် နွားမကိုသာ ကောင်ရေခွဲထားလိုက်တော့။ ကဲ ပြန်တော့"အမှာစာအတိုင်း ကုန်ပစ္စည်းတင်ပို့ပေးဖို့.. လက်မှတ်ထိုးပေးလိုက်ကာ.. စက်ရုံမှူးကို..ပြန်လွှတ်လိုက်တဲ့ ခေါင်ဖုရားရဲ့ အတွေးနဲ့ ဖြေရှင်းပုံလေးတွေက .. အနီးအနား.. စာအံနေကြတဲ့ ကလေးတွေအတွက် မြတ်ဘုရားဖြစ်တော်စဉ်ကို ပုံပြင်ပြောသလို.. ဗဟုသုတရစေသည့်အပြင်.. အခက်ခဲတွေ့နေတဲ့ စက်ရုံမှူးအတွက်လည်း.. အဆင်ပြေသွားစေတာပင်။ ထိုအခိုက်မှာပဲ... ဉယာဉ်ထဲက သစ်ပင်ကြီးပေါ် ခုန်တက်သွားတဲ့လူတစ်ယောက်.. ခေါင်ဖုရားအနား ရန်ပုံခွင်းနဲ့ တိက္ခတို့ နှစ်ယောက်ကို အခြေအနေကြည့်ရင်း .. အတွင်းအိတ်ကပ်ထဲက ပေါက်ဓါးငယ်ကိုစမ်းကာ.. အခွင့်သာဖို့တိတ်တဆိတ် စောင့်နေသည်ကိုကား.. သတိမူမိသူတစ်ဉီးမှ မရှိပေ။ *****🍃🍃 သွေးရောင်လွှမ်းတဲ့ ကိုင်းပင်တွေကြားထဲ မြတ်တစ်ယောက်တည်း အရပ်လေးမျက်နှာ.. ဘယ်ကိုမှ မမြင်ရ။ မိုးကောင်းကင်ကြီးကလည်း အနီရောင်.. လေကြမ်းကတိုက်ခတ်နေတာမို့လည်း .. ကိုင်းပင်တွေက ယိမ်းထိုးနေလေသည်။ မြတ် တစ်ယောက်တည်း ဘယ်ဆီသွားရမယ်မသိ လမ်းပျောက်နေတုန်း.. တော်လဲသံကြီးကြားလာရပြီး မြတ်အနောက်နား မိုးကောင်းကင်ထက်ကနေ.. တံခါးတစ်ချပ်ပွင့်လာခဲ့သည်။ မှောင်မိုက်နေတဲ့ တံခါးနောက်ကွယ်ကနေ မြတ်ကိုကြည့်နေတဲ့ မျက်လုံးအိုအိုကြီးနှစ်လုံးနဲ့ အရိုးခေါင်းတစ်ခု.. ဟောက်ပက်ဖြစ်နေတဲ့အရိုးခေါင်းမျက်လုံးနေရာက မြတ်ကိုစိုက်ကြည့်နေတာ မသိုးမသန့် ခံစားရပြီး အထိတ်တလန့်နဲ့ မြတ်ပြေးထွက်လာခဲ့ရသည်။ ပြေးရင်းပြေးရင်း မောလာတာ..နဲ့... ခြေကုန်လက်ပန်းကျကာ မြတ် လဲကျသွားရသည်။ မြတ်အနောက်က ..ဆံပင်ဖားလျားချထားပြီး.. စုတ်ပြတ်တဲ့ အဝတ်အစားနဲ့ မိန်းမအိုကြီးတစ်ယောက်..ပခုံးပေါ်မှာ အရိုးခေါင်းကြီးတင်လို့.. အပြေးလိုက်လာတာကြောင့်.. လန့်ပြီးပက်လက်လန်သွားခိုက်.. နောက်ကလိုက်လာတဲ့ ဆံပင်ဖားလျား မိန်းမကြီးကို မြတ်ဘယ်ဘက်ရင်ဘတ်ထဲက ရောင်စဉ်ဖြာတဲ့ အလင်းတစ်ခု စူးထွက်လာပြီး.. ထိုအလင်းက တားလိုက်တာမို့ .. အရိုးခေါင်းနှင့်တကွ မိန်းမကြီးပါ နက်ကျယ်တဲ့အသံကြီးနဲ့ အော်ပြီး ပြာအတိဖြစ်အောင် လောင်ကျွမ်းသွားလေတော့သည်။ အိမ်မက်ဆိုးကနေ.. ဖြုန်းကနဲ မြတ်လန့်နိုးလာတော့.. တစ်ကိုယ်လုံး ချွေးတွေရွဲနင့်နေတော့သည်။ အိမ်မက်တွေမကောင်းလိုက်တာ ကိုယ်တော်.. မြတ်ဆီ မြန်မြန်ပြန်လာပါတော့လား။ ကိုယ်တော်ကြီး ခရီးထွက်သွားတာ ငါးရက်ရှိပြီ။ တစ်ပါတ်နဲ့ပြန်လာဖို့ စီစဉ်ထားပေမယ့်.. နှစ်နိုင်ငံအရေးတင်မဟုတ်တော့ဘဲ သုံးနိုင်ငံအရေး ကို ဆွေးနွေးရမှာမို့.. ‌နောက်ထပ် ငါးရက် ကြာလိမ့်အုံးမည်တဲ့။ ဖုန်းဆက်တိုင်း.. နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စီရီကာ ဖလှယ်ခွင့်ရပေမယ့်.. အဆောင်ခန်းထဲ မြတ်တစ်ယောက်တည်း အထီးကျန်လှသည်။ ကိုယ်တော်နဲ့ ဖုန်းပြောပြီးတိုင်း စိတ်သက်သာရာရပေမယ့် မြတ်တစ်ကိုယ်တည်း .. ကုတင်ထက်မှာ ကိုယ်တော့်ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း လွမ်းဆွေးခြင်းတို့နဲ့ အိပ်စက်ရခက်ခဲတဲ့နေ့တွေကြည့်သာ။အိပ်ပျက်လို့ထင်ပါရဲ့ ခုတစ်လော မြတ် ကျန်းမာရေးသိပ်မကောင်းချင်။ အားနည်းနေသလိုမျိုး.. ခြေလက်မသယ်ချင်။ မနက်ပိုင်း ကလေးတွေ စာသင်တာ စောင့်ကြည့်ရင်း စက်ရုံနဲ့ ကားမျောတွေကိစ္စ စီမံနေပေမယ့်.. ညနေပိုင်းကျတော့ မြတ် မနေသာတော့လို့ .. နန်းဆောင်ထဲ ပြန်ဝင်လာပြီး အိပ်လိုက်တာ။ ဆောင်းတွင်းအိမ်မက် ကယောက်ကယက်ဆိုပေမယ့်.. မက်တဲ့အိမ်မက်က .. ထိတ်လန့်စရာကောင်းလှတာမို့.. မြတ် ဖုန်းကိုထုတ်လိုက်ပြီး ကိုယ်တော့်ကို ဖုန်းခေါ်ဖို့ကြိုးစားလိုက်သည်။"ခေါင်ဖုရား.. မင်းသားသတိုးမဟာမင်းရှိန် အခစားဝင်ကြောင်းပါဘုရား"ဝဏ္ဏအသံကြောင့် .. မြတ် ဝမ်းသာသွားရသည်။ "အို .. မဟာလာသလား။ မြန်မြန်ဝင်ခိုင်းလိုက်ပါ""ခေါင်ဖုရား.. ကျန်းခန့်သာလို့ မာပါရဲ့လားဘုရား"မွတ်အောင်ချောလှတဲ့ မဟာက ခေတ်မီအဆင်အပြင်များနဲ့ နန်းဆောင်ခန်းထဲ လှမ်းဝင်လာကာ မြတ်ရှေ့နား ဒူးထောက်လိုက်သည်။ "မဟာ.. လာလာ ဒီမှာလာထိုင်ပါ။ ကိုယ်တော် ခရီးထွက်သွားလို့ မြတ်ပျင်းနေတာ""ခေါင်ဖုရား အနား မဟာ မထိုင်ဝံ့ကြောင်းပါ။ ခေါင်ဖုရား.. ထီးဘုရားအမိန့်တော်ရှိခဲ့ပါတယ်။ ခေါင်ဖုရား အလည်အပတ်ထွက်လိုရင် မဟာ့ကို လမ်းထောက်ပြဖို့ မိန့်ခဲ့ပါတယ်ဘုရား။ ဒီနေ့ အချိန်ရှိပါသေးတယ် ခေါင်ဖုရား.. မဟာနဲ့အတူ လိုက်ပါ့မလားဘုရား""နေတောင် အတော်ညိုနေပြီပဲ မဟာ။ ညမိုးချုပ်မှပြန်‌ရောက်တော့မှာ။""ခေါင်ဖုရား.. မနက်ဖြန် နဲ့ သန်ဘက်ခါက ပိတ်ရက်ပါဘုရား။ မဟာ့အိမ်မှာ ကျိန်းစက်ပြီး.. ရန်ကုန်မြို့ထဲ အပျင်းပြေ လည်ပတ်ကြရအောင်ပါဘုရား""အင်း.. ဒီလိုဆိုရင်တော့ မမဆီလည်း ဝင်လို့ရမယ် မဟာ။ အော် နောက်ပြီး မြတ် ဘောကန်ဖိနပ်တွေလိုချင်တယ်။ ဝဏ္ဏ.. မောင်မျိုးတို့အဖွဲ့ကို ခြေထောက်တွေတိုင်းခဲ့စမ်းပါ။ ဖိနပ်ကောင်းပါမှ ဘောကန်ရတာ အဆင်ပြေတာ။ အင်္ကျီအနီကတော့ ကျောနံပါတ်နဲ့ နာမည် ပေးလိုက်ရင်ရပြီ။ ဝဏ္ဏ မင်းဆီပေးထားတဲ့ စာရင်းရှိရဲ့နော်။ နောက်ပြီး ဗလာစာအုပ်နဲ့ မေးခွန်းစာအုပ်လည်းဝယ်ရမယ် ကလေးတွေ အစမ်းစာမေးပွဲဖြေခိုင်းရမှာလေ။ မဟာရယ်.. ရံရွေတွေက ဂါဝန်ဝတ်ဖူးချင်တာတဲ့လေ.. မြတ်ကတော့ ဂါဝန်ဆိုဒ်စုံ ရနိုင်တဲ့နေရာ မမဆီမေးပြီး ဝယ်ရတော့မှာ.. ကဲ ဝဏ္ဏ ငါ့ကို အဝတ်နဲနဲထည့်ပေးနော်.. တိက္ခရော ပြောလိုက်အုံး ငါတော့ ဆရာကိုလွင်ခန့်ဆီ ဖုန်းဆက်အုံးမယ်။ ရန်ပုံခွင်း.. မောင်မင်းကတော့.. နန်း‌တော်ကို ငါ့ကိုယ်စား စောင့်ရှောက်ပေတော့"မဟာမင်းရှိန်..မျက်လုံးအပြူးသားနဲ့သာ.. ခေါင်ဖုရား ကို ငေးကြည့်ရင်း ဝမ်းသာနေမိသည်။ သူ့ထက် ငါးနှစ်ကျော်ကျော် ငယ်တဲ့ ခဲအိုလေးက.. နန်းတွင်းသားတွေ အတွက် ဒေါင့်စေ့အောင်စဉ်းစားနေတာတဲ့လေ။ ဒီလိုချစ်ဖွယ်‌ကောင်းတာမို့လည်း နောင်တော်ကြီး နန်း‌တော်က စိတ်ရောလူပါ မခွာနိုင်အောင် တမ်းတမ်းစွဲရှာတာကိုး။ ‌"ခေါင်ဖုရား.. ရန်ပုံခွင်း လျှောက်ပါရစေဘုရား။"နန်းတော်အပြင်ထွက်ဖို့ စိတ်လောနေတဲ့ ခေါင်ဖုရား.. သလွန်ထက်ပြန်ထိုင်တော့မှ.. ရန်ပုံခွင်း အနားတိုးကပ်ကာဒူးထောက်လိုက်သည်။"အလုံစံအိမ်တော်မှာ.. ကျိန်းစက်ဖို့ ဒိဗ္ဗကို အကြောင်းကြားလိုက်ပါ့မယ်ဘုရား။ အလုံစံအိမ်တော်မှာ စိတ်အေးချမ်းသာ နားနေဖို့ ရန်ပုံခွင်းက အတင့်ရဲပြီး တင်လျှောက်ပါတယ်ဘုရား။"မြတ် ခပ်ဆဆ လေး စဉ်းစားလိုက်ပြီး ရန်ပုံခွင်းစီမံတဲ့အတိုင်း လိုက်နာဖို့ တိက္ခတို့ကို အမိန့်ပေးလိုက်သည်။ ရန်ပုံခွင်း အမူအယာတို့ကို သတိပြုမိမှ.. ဒီခရီးတိုလေးမှာ မြတ်သိလိုသမျှ သိရအောင် စုံစမ်းနိုင်မယ့်အရေး .. ကြိုတွေးရင်း အကွက်ချလိုက်တော့သည်။ 💫🌺🌸💫💫🌺🌸💫"ခေါင်ဖုရား.. ကြွတော်မူမယ်နောင်တော်.. မင်းသား မဟာမင်းရှိန်ပါ ညအိပ်စံတော်မူပါမယ်တဲ့။ အဲ့ဒါ ကြိုတင်အကြောင်းကြားပါတယ်‌နောင်တော်။ ကိုယ်ရံတော် ရန်ပုံခွင်းကို နန်းတော်အပ်ခဲ့မှာမို့.. ညီတော်နဲ့.. ဝဏ္ဏတို့ကိုသာ နောက်ပါအဖြစ် ခေါ်ပါတယ်။ အဲ့ဒါ နောင်တော် သင်တန်းကျောင်းခေတ္တပိတ်ပြီး .. စောင့်ရှောက်ဖို့ ကိုယ်ရံတော်ကြီး.. အမှာရှိလာပါတယ်နောင်တော်""ခေါင်ဖုရား.. အလုံစံအိမ်ငယ်မှာ စက်တော်ခေါ်ဖို့ နောင်တော် ပြင်ဆင်ထားမယ် ညီငယ်။""နောင်တော်.. ခေါင်ဖုရား နန်းတွင်းက ခေတ္တပြောင်းစံတုန်း .. ခြံစည်းရိုး အခြေပျက်တာ သေချာ စုံစမ်းမှာမို့လို့.. နောင်တော် ခေါင်ဖုရားကို အသက်နဲ့လဲလို့ စောင့်ရှောက်ပါလို့လဲ မှာပါတယ်""ခြံစည်းရိုး ပျက်တယ်လား။ ဒါဆို.. ကိုယ်ရံတော် ရံပုံခွင်းကို စိတ်မပူဖို့ပြောလိုက် တိက္ခ။ ‌နောင်တော် အားလုံးစီစဉ်ထားမယ်"ခေါင်ဖုရားကို .. ဒိဗ္ဗ အနီးကပ်မခစားဖူးသေးပေမယ့်.. တိက္ခစကားအရ.. သဘောထားပျော့ပျောင်းတဲ့သူဖြစ်သလို.. စိတ်ပြတ်သားသူလည်းဖြစ်တယ်ဆိုတာမို့.. အမတော် တောင်ညာစံနဲ့ ကွဲပြားလေမလားမသိ။ တောင်ညာစံဒေဝီကို . . ဒိဗ္ဗကိုယ်ရံတော် အဖြစ် ခစားခဲ့တာ နှစ်လတာလောက်ဆိုပေမယ့်.. နူးညံ့သိမ်မွေ့ပြီး... အနေအေးလွန်းတဲ့ တောင်ညာစံ‌ဒေဝီက.. ပညာတော်သလို.. ဉာဏ်လည်းထက်မြက်တာ ဒိဗ္ဗသိခဲ့ရတယ်လေ။ ဒါကြောင့်လည်း ကျောက်မျက်ရတနာဆိုင်နဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းကို ထီးဖုရားရဲ့ ရွှေနန်းသခင် ကုမ္ပဏီလက်အောက်မှာ.. ထည့်သွင်းကာ အရိပ်ခိုရင်း.. ကုမ္ပဏီလက်ခွဲတစ်ခု ထူထောင်ကြပ်မတ်နေတာကို ကိုယ်ရံတော်ကြီး ရန်မျိုးအောင်တောင် ခဏခဏ ချီးမွမ်းရသေးတာမဟုတ်လား။ ခေါင်ဖုရားကတော့.. ငယ်ရွယ်သူမို့ .. စိတ်မြန်တာ ပိုလိမ့်မယ်လို့ ဒိဗ္ဗထင်ထားမိပေမယ့်.. သခင်ကို ငယ်ကျွန်က ဝေဖန်နေတာမဖြစ်သင့်တာမို့ .. အိပ်ခန်းကိုသာ .. ရွှေနန်းရှင် ဂုဏ်သရေနဲ့ညီအောင် ပြင်ဆင်နေမိတော့သည်။ 💫🌺🌸💫💫🌺🌸💫မရမ်းကုန်းမြို့နယ်.. လူကုန်ထံရပ်ကွက်ထဲက .. တစ်ဧကနီးနီးကျယ်ဝန်းတဲ့ ခြံထဲ နံ့သာရောင်နှစ်ထပ်တိုက်လေး က ဆိတ်ဆိတ်ငြိမ်ငြိမ်..။ မီးရောင်ခပ်မှိန်မှိန် ထွန်းထားတဲ့ခြံဝင်းထဲ .. ခေတ်မီကားမျိုးစုံ အရောင်စုံတို့ .. နေရာယူထားကြပြီး.. အိမ်အောက်ထပ်နဲ့ အိမ်ပေါ်ထပ် ဝရံတာမှာ လူတစ်ချို့ စုစုရုရုနဲ့ .. စကားလက်စုံကြနေကြသည်။ မဟာ့ရဲ့ မင်းမဟော် စံအိမ်က ကျစ်လစ်သလောက် ခမ်းနားသည်။ မဟာတစ်ယောက်တည်းနေပါတယ်လို့ ပြောပြစရာမလိုအောင်ပဲ.. ဧည့်ခန်းတစ်ခွင်.. မဟာ့ဓါတ်ပုံများကသာနေရာယူထားပြီး.. အိမ်ဉီးခန်း.. မှာတော့ အကိုဖြစ်သူ ထီးဘုရားနဲ့ ခဲအို တို့ မင်္ဂလာဆောင်နှင်းစဉ်က မင်္ဂလာဓါတ်ပုံကြီးကို နံရံအပြည့် ကပ်ထားလေသည်။ "ခေါင်ဖုရား..။ လူများနေလို့ စိတ်ကြည်သာရဲ့လားဘုရား။ မဟာ့သူငယ်ချင်းတွေနဲ့ စနေတနင်္ဂနွေဆိုရင် ပါတီပွဲလေး လုပ်နေကျပါဘုရား။ အလုပ်ပင်ပန်းလို့ အပန်းဖြေရတာပါ။ မဟာ့သူငယ်ချင်းတွေနဲ့မိတ်မဆက်ခင်.. အိမ်တော်ကို လိုက်ပြပါ့မယ် ခေါင်ဖုရား.. တစ်ကယ်လို့ ရန်ပုံခွင်းစကားကို ရွှေနားမဆင်လိုပါက.. မဟာ့အိမ်မှာတည်းခိုပါလား..မဟာလဲ စကားပြောဖို့အဖော်ရအောင်လေ ဘုရာ့""မဟာ.."မဟာတို့ကို လှည့်ကြည့်နေကြတဲ့သူငယ်ချင်းတွေအရှေ့မှာပဲ ခေါင်ဖုရားရဲ့ ခပ်တိုးတိုး ခေါ်သံကြောင့် .. မင်းသား မဟာမင်းရှိန် ကိုယ်ကိုယို့ပြီး နားထောင်တော့.."မြတ်လို့ ခေါ်နိုင်တယ်လေ။ မဟာ့သူငယ်ချင်းတွေရှေ့.. ခေါင်ဖုရားဆိုတော့ ထူးဆန်းနေမယ် မဟုတ်လား မဟာ"နှဖူးက တွန့်ချိုးနေတဲ့ မျက်ခုံးတန်းများနဲ့.. သျှောင်ကိုဖျက်ပြီး ထိပ်မှာစုခြည်ထားတဲ့ ဆံနွယ်ရှည်တို့ထဲက တစ်ချို့တစ်လေ နှဖူးပေါ် ဝဲကျနေတဲ့ မျက်နှာတော်ကို မဟာတစ်ချက်ငေးလိုက်ပြီး.. သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးဖို့တောင် သိပ်မရဲချင်။ မြင့်တဲ့အရပ် တင့်တယ်တဲ့ကိုယ်နေဟန်ထား.. ထူသလိုနဲ့ နီဆွေးတဲ့နှုတ်ခမ်း.. ဝိုင်းချင်ပေမယ့်.. သွယ်ဆင်းတဲ့မေးရိုးတို့အပြင်.. ဖြူဝင်းလှတဲ့ အသားအရေတို့က.. ရှပ်အင်္ကျီအဖြူအောက်ကနေ.. လင်းဖြာကျနေသလို..။ ထီးဘုရားစိတ်နှလုံးကိုသိမ်းကြုံး သိမ်းပိုက်ထားနှင့်ပြီးတဲ့ ဤလူသားဆီမှာ. . မဟာနားမလည်တဲ့ အရှိန်အဝါတစ်ခုကိုလည်း ခံစားလိုက်ရတာမို့.. ခပ်မြန်မြန်ပဲ အဖြေပေးရသည်။ "ခေါင်ဖုရား.. ဒီလိုပဲ ခေါ်မှ အပြစ်လွတ်မယ်ဘုရား။ နေရာဒေသထက် .. အသရေက ပိုအ‌ရေးကြီးတာမို့.. ခေါင်ဖုရားကို သူငယ်ချင်းလိုမျိုး ရင်းနှီးမခေါ်ဝံ့ပါဘုရား""ဟာ.. ဒါဆို ပါတီထဲ ငါမလာတော့ဘူးမဟာ.. စံအိမ်ကိုပဲ ကြွတော့မယ်..."မင်းမဟာ. . ခေါင်ဖုရား လက်တစ်ဘက်ကို အသာကိုင်ဆွဲကာ လက်ဖမိုးကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီး.. ကိုယ့်ကိုယ်ကို အားတင်းလိုက်ရသည်။"မြတ်.. ဒါဆို မဟာတို့ အိမ်တော်ကိုအရင် ကြည့်မလားဟင်။ ပြီးမှ သူငယ်ချင်းတွေနဲ့ မဟာ မိတ်ဆက်ပေးပါ့မယ်။""အဲ့လိုမှပေါ့ မဟာရယ်။ ကဲ ရှေ့ကလမ်းပြ။ ကိုယ်တော်က ည ၈ နာရီ.. ဖုန်းဆက်လိမ့်မယ် မဟာ.. စံအိမ်ကို ၈ နာရီမထိုးခင် မြတ်ရောက်ချင်တယ်။ ကိုယ်တော်နဲ့ဖုန်းပြောရမယ်လေ"ပွင့်ပွင့်လင်းလင်း မိန့်ရင်း ကြည်ကြည်လင်လင် ပြုံးသွားတဲ့ ခေါင်ဖုရားကို မဟာ.. လက်ကဖေးမခေါ်ပြီး မဟာ့ အိပ်ခန်းနဲ့.. ရန်မျိုးအောင်ရဲ့ အိပ်ခန်းတို့ကို ပြသရင်း.. ဖခမည်းတော်နဲ့မယ်တော်တို့ အမှတ်တရပစ္စည်းတွေကို သိမ်းဆည်းရာ အခန်းထဲ စုံနေအောင် ပြလိုက်သည်။ "မဟာ.. ဒါက ဉီးရီးတော် တေဇာမဟုတ်လား။ ဒါဆို သူ့ဘေးက ဉီးရီးတော် ဒီပါစံပေါ့ ဟုတ်လား။ သေချာကြည့်စမ်းပါ .. မြတ်နဲ့ မတူဘူးလား"မိသားစု အယ်လ်ဘမ်ထဲက ဓါတ်ပုံတွေကိုကြည့်ရင်း ဉီးရီ‌တော် ဒီပါစံ့ပုံကို မြင်တာနဲ့ မဟာ့ဘက် လှည့်မေးလာတဲ့ ခေါင်ဖုရားကို မဟာဖြေဖို့ မရဲ။ "ဉီးရီးတော် ဒီပါစံ့အကြောင်း ခေါင်ဖုရား.. အဲ .. မြတ်သိလို့လားဘုရား""သိတာပေါ့ မဟာရယ်.. အရှက်ရှိရင် အသက်နဲ့ဆေးလိုက်စမ်းဆိုလို့.. ဉီးရီးတော်အတွက်အသက်ပေးသွားခဲ့တာ ဆို" "အင်း.. ဟုတ် .. ဟုတ်ပါတယ် မြတ်။ အဲ့ဒီအကြောင်းတွေ မပြောကြတော့အောင်လေ။ ကြည့်လို့ဝရင် မဟာတို့ အောက်ထပ်က ပါတီပွဲကို သွားကြပါစို့ဘုရား။ သူငယ်ချင်းတွေ စောင့်နေပါမယ်""အဟင်း.. မဟာ.. ဘုရားကြီးမထည့်ပါနဲ့ဆို""အာ... ဟုတ်သားပဲ မထည့်တော့ပါဘူး မြတ်ရယ်။"ကျက်သရေရှိရှိပြုံးလိုက်တဲ့ ခေါင်ဖုရားက.. မိဘနှစ်ပါးဓါတ်ပုံရှေ့.. ဒူးလေးတုပ်ကာ ကန်တော့လိုက်ပြီးမှ အခန်းက ထွက်လာလေသည်။ မြတ်အတွေးထဲမှာ.. ဉီးရီးတော် ဘယ်မှာရှိနေမလဲ သိချင်နေမိသည်။ မြတ်မသိအောင်ဖုံးကွယ်ထားတဲ့အချက်တွေက မဟာ့ဆီက သိရမှာတော့မဟုတ်။ လှေကားရင်းမှာ ဝဏ္ဏနဲ့ တိက္ခအပြင်.. မဟာ့ ကိုယ်ရံတော် ဝင်းသူ တို့တင်မက.. မဟာ့သူငယ်ချင်းတွေ စုရုံးပြီး မြတ်တို့ဆင်းအလာကို စောင့်နေကြလေသည်။မဟာ့ တေးသံသွင်းလုပ်ငန်းတူ မိတ်ဆွေသူငယ်ချင်းတစ်ယောက်စီနဲ့ မိတ်ဆက်ပေးပေမယ့် မြတ်အားလုံးကို မမှတ်မိ။ တစ်ချို့က အဆိုတော် တွေ၊ တစ်ချို့က မော်ဒယ်တွေ၊ တစ်ချို့က ထုတ်လုပ်သူနဲ့ ဒါရိုက်တာတွေ။ လူတိုင်းကို ပြုံးပြနှုတ်ဆက်ပြီး.. အသိအမှတ်ပြုပေမယ့်.. မြတ်စကားပြောချင်စိတ်မရှိ။ မြတ်နဲ့ တူလွန်းလှတဲ့ ဉီးရီးတော် ဒီပါစံရဲ့ ရုပ်သွင်ကိုသာ ပြန်မြင်ယောင်နေမိသည်။ "မြတ်ကြည်သာဟန် နော်။ မဟာ့ ခဲအိုဆိုလို့.. မဟာ့မှာ အမရှိသေးတာလားလို့ အံ့သြနေမိတာ.. ဒါနဲ့ .. မဟာ့အကိုနဲ့ ဘယ်လို ဆုံဖြစ်ကြတာလဲ ဗျ""ဟုတ်တယ်.. ဒီခေတ်မှာ ဂေးဆိုပေမယ့်လည်း ခွဲခြားဆက်ဆံတာမရှိကြတော့ပါဘူး။ မဟာ့ အကိုက ဂေးဖြစ်မယ်မထင်ထားဘူး။ ဒါကြောင့်မဟာက အကိုကိုပွဲတစ်ခါမှမထုတ်တာကိုး.. ခဲအိုလေးကိုတော့ ဒီတစ်ခေါက် ပွဲထုတ်လာသားပဲ။ ကဲ ပြောပြပါအုံး.. ဒီလောက်ချောတဲ့ခင်ဗျားကို မဟာ့အကိုက ဘယ်လိုကြံလိုက်တာလဲဆိုတာလေး""ဒီမှာ.. ဥက္ကာမောင်နဲ့ ခင်အောင်... ဒါ မဟာ့ အကိုပဲမဟုတ်ဘူး။ ငါ့ အကိုလည်းဟုတ်တယ်။ ဘယ်လိုဆုံတယ်သိရရင် မင်းက ဝတ္ထုရေးမလို့လား။ ဟို က ဓါတ်ပုံကိုကြည့်လိုက်.. အဲ့ဒီမှာ အဖြေရှိတယ် သိလား။ ဒါ .. မြတ်ကြည်သာဟန် လို့မင်းခေါ်ရမယ့်လူမဟုတ်ဘူး.. ခေါင်ဖုရားလို့ တမ်းတပြီး ဒူးထောက်ရမယ့်သူ။ ခေါင်ဖုရားနှုတ်ကတစ်ခွန်းဟတာနဲ့ မင်းတို့ဇက်ပေါ် ဓါးဝဲပြီးသားပဲ။ တန်ရာတန်ရာစကားပြောစမ်း"မြတ် အဖြေပေးဖို့တောင် မလုပ်လိုက်ရ.. ခနဲ့တဲ့တဲ့ဆိုလာသူကို မြတ်ရှေ့ကနေကာဆီးကာ ရန်စကားဆိုတဲ့သူက ဉီးရီးတော် မောင်မောင်ရဲ့ သားလတ် .. မင်းနိုင်။ ခနဲ့လာတဲ့ လူနှစ်ယောက် ရုပ်ပျက်ကာထွက်သွားတော့မှ မြတ်ရှေ့ မင်းနိုင်ဒူးထောက်ပြီး ခစားလေသည်။ "မင်းနိုင်ပါ ခေါင်ဖုရား။ ကျွန်တော်မျိုးကိုမမှတ်မိလောက်ဘူးထင်ပါရဲ့""မှတ်မိပါတယ် မင်းနိုင်။ ကျေးဇူးလည်းတင်ပါရဲ့။ သူတို့လည်း ပြောချင်တာပြောကြပါစေ.။ မဟာ မျက်နှာပျက်နေပါ့မယ်။ မင်းလည်းထတော့""ဒီကောင်တွေက ကပ်ပါးတွေ ခေါင်ဖုရား။ အဲ့ကောင်တွေကို ဒီပါတီက မဖိတ်ဘူး။ မဟာ့ဆီက အဆက်အသွယ်ရလိုရညား..လာပြီး ကပ်ရပ်နေကြတာ။ ဘယ်လိုကလေကဝဆီက ဘာကြားထားလို့ အခုလို အလေနတ္တောစကားတွေ လာပြောနေမှန်းမသိဘူး""ထားပါတော့ မင်းနိုင်။ ဒါနဲ့ မင်းကရော အဆိုတော်ပဲလား""မှန်ပါ့ခေါင်ဖုရား။ အဆိုတော်ပါပဲ။ တေးစီးရီးတစ်ခွေထွက်ထားပြီး.. နာမည်မရတာနဲ့ နောက်ထပ် သီချင်းအသစ်တွေလုပ်ရင်း အခြေအနေကောင်းအောင် စောင့်နေပါတယ်။""ဒါဆိုလည်း ကိုယ်တော့်ကို.. မင်းနိုင်ရဲ့ သီချင်းတွေ နားထောင်ရအောင်‌ပေးလေ။ ကိုယ်တော့် သူငယ်ချင်းတွေကို လည်းနားထောင်ခိုင်းရမှာပေါ့။ ဒါမှ နောက်ထပ်‌တေးစီးရီးထွက်ရင်.. လူသိများလာမှာ"မင်းနိုင် ဇက်ကိုပွတ်လျက် ရှက်ပြုံးပြုံးလိုက်ရသည်။ "ထုတ်လုပ်သူ ဉီးရန်မျိုးအောင်က .. ဒီတစ်ခွေလူသိမများရင် နောက်တစ်ခွေထုတ်မပေးဘူးတဲ့ ခေါင်ဖုရား။ ကျွန်တော်မျိုးက ညံ့တော့ .. အကုန်ကျများတာကို မကာမိဘူးလေ""အော်.. ဒါဆို ကိုယ်တော့်ထုတ်လုပ်ရေးကထုတ်ပေးတာပေါ့ ဟုတ်လား။ နေပါအုံးလေ.. ကိုယ်တော် မနက်ဖြန် ရန်မျိုးအောင်ကို‌တွေ့ရင် ဒီ ကိစ္စ မေးကြည့်ပါအုံးမယ်။ အားမလျှော့နဲ့ ဟုတ်လား""မှန်ပါ.. ခေါင်ဖုရား..ကျွန်တော်မျိုး စားစရာ ပြင်ဆင်ပေးရမလား ဘုရား""နေပါစေ မင်းနိုင်.. စံအိမ်ကျမှ စားတော့မယ်။""ခေါင်ဖုရား မင်းနိုင် အရဲစွန့်လို့ လျှောက်ပါရစေ။. မနက်ဖြန် .. ရတနာစံအိမ်ကို ကြွပါလား ဘုရား။ ဖေဖေကလည်း ဝမ်းသာမှာ.. ထီးဘုရားနဲ့ ထိမ်းမြားပြီးကတည်းက တစ်ခါမှ အိမ်ကို မကြွဖူးသေးဘူးဘုရား။ ရတနာစံအိမ်သားတွေကလည်း နန်းတွင်းမဝင်ရဘူး အမိန့်ကြောင့် ခေါင်ဖုရားကို မဖူးရသေးပါဘူးဘုရား"မြတ် မင်းနိုင်ရဲ့ စကားကြောင့် အကြံတစ်ခု ရုတ်ကနဲရလိုက်သည်။ ဟုတ်တာပဲ။ အငယ်ဆုံးသမီးရဲ့မောက်မာမှုကြောင့် ရတနာစံအိမ်သားတွေ အိမ်နိမ့်စံကနေ နန်းတွင်းဝင်ခွင့်ပိတ်သွားခဲ့တာ မထိမ်မြားမီကတည်းကလေ။ သူတို့အိမ်ကို အလည်သွားလိုက်တော့လည်း.. တစ်ခုခု သိလာရမှာပေါ့"ကောင်းပါပြီ မင်းနိုင်။ မနက်ဖြန်ကျ စံအိမ်ကိုလာခဲ့ပြီးလမ်းထောက်ပြပေါ့"ခေါင်ဖုရားသဘောတူညီမှုကို မင်းနိုင်ဝမ်းသာအားရ ဖြစ်ပြီး ဖခင်ဆီအမြန်ဖုန်းဆက်ကာ.. အကြောင်းကြားသလို. .. တိက္ခကတော့ မျက်လုံးမျက်ဆံပြူးစွာဖြင့် ကိုယ်ရံတော် ရန်ပုံခွင်းနဲ့ အကို ဒိဗ္ဗဆီ ချက်ချင်းအကြောင်းကြားရတော့သည်။ အန္တရာယ်များလိုက်တဲ့ ခရီးတိုပါပဲလေ။ ပါတီပွဲလေးက .. ဆက်လက်ကျင်းပနေဆဲ။ မဟာ့ရဲ့ များပြားတဲ့ အပေါင်းအသင်းများကတော့ .. လွတ်လွတ်လပ်လပ် စားသောက်နေကြလေသည်။ မြတ်.. ထိုလူတွေကို ငေးကြည့်နေရင်းက .. ဒီလောက်များပြားလှတဲ့ လူတွေထဲ ကိုယ်တော်လဲမပါပါ့လား လို့တွေးရင်း မြတ် လွမ်းဆွတ်မှုဒီရေမြင့်တက်လာပြန်သည်။ အချိန်ကား.. ည ၇ နာရီ။ "တိက္ခ.. အလုံစံအိမ်ကို သွားကြစို့.. မင်းတို့ ဒီက ထမင်းဟင်းစားချင်လား။ ဒါမှမဟုတ် နေ့တိုင်းစားရတာနဲ့မတူတာ စားချင်လား။""မှန်ပါ.. ကိုယ်ရံတော် ဒိဗ္ဗ ရောက်ပါတော့မယ်ဘုရား။ အလုံစံအိမ်တော်မှာ ပွဲတော်တည်ဖို့ ပြင်ဆင်ထားကြောင်းပါဘုရား။""ကောင်းပြီလေ"မကြာခင် ဒိဗ္ဗရောက်လာပြီး.. မြတ်တို့ကို ခေါ်ဆောင်ကာ စံအိမ်ဆီ ထွက်လာခဲ့ကြသည်။ "ဒိဗ္ဗ..""ဘုရား""ကိုယ်တော် ဒီနေ့ အရက်သောက်ချင်တယ်""မှန်လှပါ.. ငယ်ကျွန် ပြင်ဆင်ပေးပါ့မယ်ဘုရား""တိက္ခနဲ့ ဝဏ္ဏကိုလည်း နဲနဲတိုက်မယ်ကွယ်။ သူတို့ခင်ဗျာ ငါ့ကို စောင့်ရှောက်နေရတာနဲ့ လူငယ်သဘာဝ မပျော်ကြရဘူး""မသင့်တော်....""သင့် မသင့်ဆိုတာ ကိုယ်တော် ဆုံးဖြတ်မယ်လေ တိက္ခ။ မင်း.. ကြိုက်တတ်တာမျိုး.. ဝယ်ခြေကွယ်""မှန်လှပါ.. စံအိမ်တော်မှာ အမျိုးစုံသော အရက်များရှိပါတယ် ခေါင်ဖုရား။ နိုင်ငံခြားဧည့်သည်များ တည်းခိုတဲ့အခါ. . ဧည့်ခံလေ့ရှိပါတယ်ဘုရား။ ငယ်ကျွန် မပြင်းတဲ့ ယမကာကိုပြင်ဆင်ဆက်သပါ့မယ်ဘုရား"ဒိဗ္ဗရဲ့ ဧည့်ဝတ်ကြေခြင်းကတော့ အံ့စဖွယ်ပေ။ ပွဲတော်ကလည်း.. များပြားစုံလင်သလို.. အိပ်ခန်းကလည်း .. ခမ်းနားလှပေသည်။"ဒီအိပ်ခန်းက.. ထီးဘုရားရဲ့ အိပ်ခန်းပါဘုရား။ စိတ်တိုင်းမကျတဲ့ အချက်များရှိပါက မိန့်တော်မူပါ။ ငယ်ကျွန် အနီးအပါးမှာ ရှိပါ့မယ်ဘုရား။"မကြာခင်မှာပဲ .. ကိုယ်တော့်ဆီက ဖုန်းဝင်လာတာမို့ .. မြတ် စိတ်အေးလက်အေး စကားပြောပြီး.. နန်းတော်ပြင်ပရောက်နေတဲ့မြတ်ကို စိတ်ပူပန်နေရှာတဲ့ကိုယ်တော့်ကို ..နှစ်သိမ့်လိုက်ရသည်။ ကိုယ်တော် မြတ်နဲ့ အကြာကြီးစကားမပြောနိုင်.. စစ်စရာ အတည်ပြုစရာ စာရွက်စာတမ်းတွေက ပုံထပ်နေတာမို့.. မြတ်အလိုက်တသိ..ဖုန်းချလိုက်ရသည်။ ဒီလိုအပြင်ရောက်လာချိန် မြတ် စမ်းကြည့်သင့်တဲ့ကိစ္စကို နဲနဲတွေဝေမိပေမယ့်.. ဖြစ်အောင် စမ်းကြည့်သင့်တယ်လို့တွေးမိသည်။ အရက်မူးရင် ဖုံးထားသမျှ ပေါ်မယ်မဟုတ်လား။ မြတ် အကြံအတိုင်း ဒိဗ္ဗစီစဉ်ပေးထားတဲ့ အရက်တွေကို.. ခပ်များများလေးစပ်လိုက်ကာ.. တိက္ခနဲ့ ဝဏ္ဏတို့ကို အိပ်ခန်းထဲ ခေါ်လိုက်သည်။ "ငါ့ကို မြည်းပေးစမ်းပါ တိက္ခ.. ရော့ ဝဏ္ဏရော တစ်ခွက်.. ငါစပ်ထားတာ ကောင်းလားလို့"မပြင်းတဲ့ ယမကာဆိုပေမယ့်.. အူအရိုင်းဖြစ်တဲ့.. တိက္ခနဲ့ ဝဏ္ဏအတွက်တော့. အတော်မူးအောင် တတ်နိုင်သည်။ "ကိုင်း.. တိက္ခ.. ဘယ့်နှယ်လဲ.. အရသာက ဘယ်လိုလဲ။ ‌ဟေ့ ဝဏ္ဏ မင်းကတော်ပြီလား.. တစ်ခွက်ပဲရှိသေးတာလေ။ ဟား.. ပျော့ပါပေ့ကွာ" မြတ်.. တိက္ခနဲ့ ဝဏ္ဏရဲ့အခြေအနေကို.. အကဲခတ်တော့... ဝဏ္ဏ ခေါင်းငိုက်စိုက်ကျချင်နေပြီး..တိက္ခကတော့ အိနြေ္ဒကြီးနဲ့ ထိုင်ကာ..ခပ်တည်တည်ကြီးမူးနေလေပြီ။ မြတ်... အသံကိုအနိမ့်ဆုံးအနေအထားနှင့် .အမိန့်သံမပါ.. သူငယ်ချင်းတွေလို သဘောမျိုး စကားစလိုက်သည်။ "ဝဏ္ဏ.. မင်း.. ဟို ကျိန်စာကိုသိလား။ အဲ့ဒါက ပျက်သွားပြီမဟုတ်လား။ ဘာလို့ ဉီးညိုတို့က အလကားကြောက်နေကြတာလဲ ရန်ပုံခွင်းက ဘာလို့ အရမ်းဂရုစိုက်နေတာလဲ ဆိုတာရော မင်းသိလား"မြတ်အမေးကို ဆတ်ကနဲ .. တွန့်သွားအောင် တုန့်ပြန်တာက ဝဏ္ဏမဟုတ်။ တိက္ခပဲဖြစ်သည်။ ဝဏ္ဏကတော့ .. ခေါင်းစိုက်နေလျက်က.. ဝူးဝူးဝါးဝါးနဲ့ ဖြေပေးနေတာ ဘာပြောမှန်း မြတ် နားမလည်။ "ဒီကျိန်စာက သိပ်ဆိုးတယ်.. သိပ်ဆိုးတယ်.. ငယ်ကျွန့်ရင်ကိုခွဲဖို့ .. အရှိန်နဲ့လာနေတာ.. လာတဲ့လားရာ မသိလို့.. ခေါင်ဖုရားကို ဟောသလို.. အုပ်ဆိုင်းပြီး.. ကာကွယ်ပေးချင်တာ. အေ့"လက်ကိုဝိုင်းပြီး တစ်ချက် ယိမ်းသွားတဲ့ တိက္ခမျက်ဝန်းများက စူးရှတောက်ပြောင်လျက်.."အဲ့ကျိန်စာကြောင့်ပဲ.. ထီးဘုရားက.. မင်းသားကို ဆွေခန်းမျိုးခန်းဖြတ်ထားတာလေ။ မင်းသားငယ်လေး သနားစဖွယ်.. နန်းတော်က နှင်ထုတ်ခံရပြီးမှ.. အပြင်လောကမှာ ကျန်းမာနေတယ်။ အဲ့ဒီဆိုးယုတ်တဲ့ကျိန်စာက နန်းအပြင်ကို လိုက်မလာနိုင်ဘူးထင်ပါ့.. အဟွန်း... မိတ်ဆွေ... . မနက်ဖြန် အိမ်နိမ့်စံတို့ဆီအလည်အပါတ်မကြွဖို့ ...ခေါင်ဖုရားကို လျှောက်တင်ပေးစမ်းပါ. ဘေးတော့ မရှိစေရပါဘူး.. ဒီမှာ.. ငယ်ကျွန်တိက္ခ.. ‌ဟောဒီရင်ကိုခွဲလို့... အသက်ကိုယူပြီးမှ.. ဒင်းတို့ ခေါင်ဖုရားကို လုပ်ကြ....အွတ်ဖုဖု" တိက္ခခပ်မူးမူးနဲ့ အားတက်သရော..ကျွဲခိုးပေါ်တော့မယ်ကြံကာမှ... သတိကောင်းတဲ့ ဝဏ္ဏက.. မူးနေတာတောင် တိက္ခပါးစပ်ကို ဇွတ်ပိတ်ချလိုက်ပြီး.တားလိုက်ကာ...နှစ်ယောက်သား ကြမ်းပြင်ပေါ်.. ဒူးထောက်ကာ ဝပ်နေတော့သည်။ အချိန်ရှိခိုက်.. အမိန့်အာဏာနဲ့ ခြောက်မေးဖို့ပြင်တုန်း အခန်းတံခါးခေါက်လာတာမို့ အခွင့်မသာလိုက်။"ခေါင်ဖုရား.. ယမကာများ လွန်ပါ့မယ်ဘုရား။ ဒိဗ္ဗအခစားဝင်ပါ့မယ်ဘုရား။"တံခါးဖွင့်ပြီး နို့တစ်ခွက်ကိုကိုင်လျက် ဝင်လာတဲ့ ဒိဗ္ဗ .. ကြမ်းမှာဝပ်နေကြတဲ့ တိက္ခတို့ကို ကြည့်ရင်း.. နဲနဲ အံ့အားသင့်သွားရသည်။ "ခေါင်ဖုရား.. နွားနို့လေး သုံး‌ဆောင်ပါဘုရား။ အားနည်းတဲ့ကိုယ်ခန္ဓာက ယမကာဝင်ချိန် ပိုနုံးချိပါလိမ့်မယ်ဘုရား" "အဟင်း.. ဒိဗ္ဗ. . ကိုယ်တော့်ကို အားနည်းတယ်လို့ ဘာလို့မြင်တာလဲ။ ဒီမှာ ကိုယ်တော် အကျန်းမာကြီးရှိတယ်လေ။ ယမကာလည်း မသောက်ရသေးပါဘူး.. ကိုယ်တော်စပ်တဲ့အရက်ကို တိက္ခတို့ကိုမြည်းခိုင်းတာ ဒီပုံတွေဖြစ်ကုန်လို့ ကိုယ်တော့်အပြစ်မကင်းဘူး ဒိဗ္ဗ။ ကဲ.. နို့ကိုထားခဲ့။ တိက္ခတို့နှစ်ယောက်ကို အိပ်ခန်းထဲပို့လိုက်ပေတော့။ ဒီနေ့တော့ သေချာနားကြပါစေ။"ခပ်ပြုံးပြုံးမိန့်လာတဲ့ ခေါင်ဖုရားအမိန့်အတိုင်း.. မူးနေကြတဲ့ ညီဖြစ်သူနဲ့ ဝဏ္ဏတို့ကို အိပ်ခန်းထဲ ဒိဗ္ဗပို့ရသည်။ ခေါင်ဖုရားက .. တိက္ခတို့အိပ်ခန်းအထိ လိုက်ပါလာပြီး ငမူးနှစ်ကောင်ကို စောင်ခြုံပေး.. အဲကွန်းညှိပေး.. စသည်ဖြင့် ပြုစုနေတာမို့.. ဒိဗ္ဗ ခေါင်ဖုရားစိတ်ထားကို အံ့သြရပြန်သည်။ လူငယ်သလောက် စိတ်ထားကောင်းလှတဲ့ ခေါင်ဖုရားမှာ.. မည်သည့်ရန်သူရှိပါသလဲ။ တိက္ခအဆိုအရ.. ပါတီပွဲမှာ..စော်ကားမော်ကားပြောဆိုချင်ကြသူတွေကို အသာတစ်ကြည် ခွင့်လွှတ်ပေးလိုက်တဲ့ ခေါင်ဖုရား.. အိမ်နိမ့်စံတွေ အလည်အပါတ်ဖိတ်တာကို ခွင့်ပြုတော်မူတဲ့ ခေါင်ဖုရား.. နန်းတွင်းကို နေချင့်စဖွယ်သာယာာအောင် ဖန်တီးတဲ့ ချစ်စဖွယ် အမူအကျင့်တွေနဲ့ ခေါင်ဖုရားအပေါ်.. ဘယ်သူက..အညှိုးရှိနေသလဲ။ ထီးဘုရားတို့ ညီအကိုအပေါ် ကျရောက်နေတဲ့ ကျိန်စာအကြောင်း ဒိဗ္ဗသိသင့်သလောက် သိထားပေမယ့်.. နန်းတော်ခြံဝင်းပျက်စီးတဲ့အတွက် အသက်နဲ့လဲပြီးကာကွယ်ခိုင်းတဲ့ ကိုယ်ရံတော် ရန်ပုံခွင်းစကားက.. ဒိဗ္ဗအတွက်..ပဟေဋိတစ်ခုပမာ။ တိက္ခက ဒီကိစ္စမှာနှုတ်အတော်လုံတယ်ဆိုရမည်။ နန်းတွင်းမှာနေသူမို့ သိလောက်မှာဆိုပေမယ့် အကိုအရင်းကို တစ်တစွန်းတစ်စမျှ မဟ။ တစ်သက်လုံး တည်တည်တံ့တံ့ စည်းကမ်းမဖောက်ဖူးတဲ့ ညီဖြစ်သူက.. ခေါင်ဖုရားရှေ့ ဒူးတုပ်ဝပ်လို့ မူးနေနိုင်တာ.. တော်ရုံ စိတ်ဒုက္ခတော့ ဟုတ်ပုံမရ။ ငယ်စဉ်ကတည်းက ကိုယ်ရံတော် ဇာမဏိအနား ပညာသင်ရင်း အလုံစံအိမ်ကို တာဝန်ယူထားရတဲ့ ဒိဗ္ဗ ထပ်မစဉ်းစားတတ်တော့ပြီ။ ဒိဗ္ဗ.. တွေးတောရင်းနဲ့ပဲ... အခန်းတံခါးကိုမှီကာ ခေတ္တငိုက်မြည်းလိုက်ရသည်။ သိုင်းသင်တန်းကျောင်း ဖွင့်ထားတဲ့ ရွှေနန်းရှင်ရဲ့ စံအိမ်တော်မို့ ထိပါးရဲသူမရှိပေမယ့်.. ဒိဗ္ဗမပေါ့ဆရဲပါ.. ခေါင်ဖုရား အခေါ်တော်ရှိချိန် ချက်ချင်းအခစားဝင်ဖို့ .. အသင့်အနေအထား.. တစ်ညလုံး အခန်းပြင်မှာ ရှိနေမိ‌တော့သည်။ 🌞🌞🌞 မနက်ခင်းရဲ့ ... နေရောင်ခြည်က.. စံအိမ်တော်ပြတင်းတံခါးများကတစ်ဆင့် စံအိမ်အတွင်း.. ဝင်လာလေပြီ။ အလုံစံအိမ်တော်ရဲ့ စံအိမ်မှူး.. သိုင်းသင်တန်းကျောင်းရဲ့ ကျောင်းအုပ်.. ကိုယ်ရံတော် ဒိဗ္ဗ ကတော့.. မီးဖိုခန်း အဝမှာ ဓါးကိုလွယ်လျက် ရပ်နေရသည်။ ထို့ပြင်.. စိုးရိမ်ကြီးတဲ့ မျက်နှာထားနဲ့ပါ.. မီးဖိုခန်းထဲ.. လည်တစ်ဆန့်ဆန့် မျှော်နေရပြန်သည်။ "တစ်လှမ်းမှ ဝင်မလာနဲ့ ဒိဗ္ဗ။ ကိုယ်တော်ပြင်ဆင်ပြီးတော့ ပြောမယ်" ဆိုတဲ့ အမိန့်ကို ဒိဗ္ဗစိတ်နဲ့တောင် မလွန်ဆန်ရဲ။ မီးဖိုခန်းထဲမှာတော့ .. အိုးခွက်သံ ဆေးကြောသံ.. ကြော်လှော်သံတွေ.. ဆူညံလို့။ ဒိဗ္ဗနံဘေး.. ကြမ်းပေါ်ဒူးထောက်နေတဲ့ စားတော်ကဲကတော့ သိလိုစိတ်တွေနဲ့.. လောနေလေပြီ။ မွှေးပျံ့တဲ့ ထမင်းကြော်ရနံ့ကြောင့် ဒိဗ္ဗဗိုက်ထဲ ဂွီကနဲ မည်လာတာမို့... စားတော်ကဲကြီး မော့ကြည့်လေသည်။"ကိုင်း.. ဒိဗ္ဗ.. ဝဏ္ဏတို့ကို နှိုးခြေတော့... ကိုယ်တော် ထမင်းကြော်ထားပြီးပြီ။ ကိုယ်တော့်လက်ရာကို မင်းတို့ ထီးဘုရားတောင် မမြည်းစမ်းရသေးဘူး.. မြန်မြန်လုပ်.. ကိုယ်တော် ဆာနေပြီ"ဒိဗ္ဗ.. ယောင်တောင်ပေါင်တောင် ဖြစ်သွားပြီး.. ဝဏ္ဏတို့ကို သွားနှိုးဖို့ ပြင်ပြီးမှ.. စားတော်ကဲကိုသာ သွားခိုင်းလိုက်ရသည်။ "ခေါင်ဖုရား.. ပင်ပန်းတော်မူပါပြီ။ ငယ်ကျွန် ကျန်တာ ဆက်လုပ်ပါ့မယ်ဘုရား။ အဆောင်ခန်းပြန်လို့ နားတော်မူပါလား။ မနက်စာပွဲတော် အဆောင်ခန်းကို ပို့သပါ့မယ်ဘုရား""အာ.. မဟုတ်ဘူးလေ။ မင်းတို့နဲ့ အတူ ငါ မနက်စာစားမယ်။ ဟော.. ဝဏ္ဏတို့ လာကြ.. ငါ့လက်ရာ ထမင်းကြော်လာစားကြ""အမလေး.. ခေါင်ဖုရား မီးဖိုခန်းထဲ... ငယ်ကျွန်တို့ တာဝန်ပေါ့လျော့မိပါတယ် ဘုရား.. အပြစ်ပေးတော်မူပါ""ခေါင်ဖုရား.."မီးဖိုချောင်ထဲက ခေါင်ဖုရားရှေ့.. အပြစ်သားအနေနဲ့ တိက္ခကပါ.. ဒူးထောက်လိုက်ကြသည်။ထိုစဉ်.. မင်းနိုင်ကလည်း ခေါင်ဖုရားကို အိမ်အလည်ခေါ်ဖို့ ရောက်လာတာမို့.. ဒီဖြစ်စဉ်ကို မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နဲ့သာ ငေးနေရတော့သည်။ "ဟာ.. ဘာအပြစ်လဲ.. ကိုယ်တော် မင်းတို့နဲ့ မနက်စာအတူစားမလို့လေ။ ဒီလိုချက်ပြုတ်ချင်နေတာ.. ကြာပြီ။ အခုမှစိတ်ထဲ နေသာတော့တယ်""ငယ်ကျွန်များက ခေါင်ဖုရား..နဲ့ တစ်စပ်တည်း တစ်ရာမ်တည်း.. မစားဝံ့ပါဘုရား။ သနားတော်မူပါဘုရား""ကိုင်း.. ဒါဆိုလည်း.. မောင်မင်းတို့.. ဟိုဘက်ခြမ်းမှာစားကြ။ ငါ ဒီဘက်ခြမ်းမှာ စားမယ် ဟော မင်းနိုင်ရောက်လာပြီလား။ လာ တစ်ခါတည်းဝင်ထိုင်လိုက်.."ပန်းကန်ကိုင်ပြီး ထမင်းကြော်တွေ ထည့်ဖို့လုပ်နေတဲ့ ခေါင်ဖုရားကို.. ဝဏ္ဏက လက်ကတွဲပြီး ထိုင်စေလိုက်ကာ.. စားတော်ကဲကြီးကတော့.. ခေါင်ဖုရားလက်ထဲက ပန်းကန်နဲ့ ဂေါ်ပြားကို.. နှဖူးနဲ့ကြမ်း ထိလုမတတ် ငုံ့ကာ ယူလိုက်ရသည်။"ခေါင်ဖုရား.. ငယ်ကျွန်တို့.. ပြင်ဆင်ပါရစေဘုရား။ နားတော်မူပါဘုရား"ဝဏ္ဏ စကားသံကြားမှပဲ.. တိက္ခနဲ့ ဒိဗ္ဗတို့ညီအကို သတိဝင်လာပြီး ..ပြာပြာသလဲ ပွဲတော်ခင်းကျင်းရတော့သည်။ စားတော်ကဲကြီးကတော့.. အသက်ထွက်လုမတတ်.. တုန်လှုပ်နေတော့တာမို့.. ပန်းကန်တွေသယ်လာပေးရတာပဲ.. ဝန်ထုပ်တစ်ခုသဖွယ်။ ဝဏ္ဏကတော့ ခေါင်ဖုရားအနားကပ်ထိုင်လိုက်ပြီး..ကျန်လူအားလုံး.. စားပွဲရှည်ရဲ့ တစ်ဘက်မှာ ပူးကပ်ထိုင်ကြလေသည်။"အောင်မယ်..ရာရာစစ... မောင်မင်းတို့က ခေါင်ဖုရားနဲ့တစ်စပ်တည်း.. စားသောက်နေကြတာပဲ.. ဝင်းသူ.. ဓါးယူခဲ့စမ်း"အိမ်ထဲဝင်လာတဲ့ မဟာ့ မျက်လုံးများက ဒေါသတွေတစ်ညီးညီးလောင်နေတာ.. ရုပ်သွင်နဲ့မလိုက်ဖက်အောင်ပင်။ တန်ဘိုးထားရတဲ့ ခဲအိုလေးက.. ငယ်ကျွန်တွေနဲ့ တစ်စားပွဲတည်း ပွဲတော်တည်တာသာ.. ထီးဘုရားသိကြည့်စမ်း..။"အို .. မဟာ. . လာလာ.. ဒေါသမထွက်ပါနဲ့ .. မြတ် တို့ သူငယ်ချင်းတွေပဲ.. အတူတူထမင်းတစ်ခါတော့စားရမယ်လေ။ ဒါက နန်းတော်လဲမဟုတ်ဘူး။ ဝဏ္ဏ .. နောက်တစ်ပန်းကန်ထည့်ခဲ့။ မဟာ.. လာ မြတ်အနားလာထိုင်နော်။ စိတ်ဆိုးမနေပါနဲ့ .. သူတို့စိတ်မကောင်းဖြစ်နေလိမ့်မယ်"မနက်စာထမင်းစားပွဲက.. စက်ရုပ်တွေကို နေရာချထားသည့်နှယ်.. ခေါင်ဖုရား တစ်ဇွန်းခပ်လျင် မင်းမဟာကစပြီး.. ကျန်လူအားလုံးတစ်ဇွန်းခပ်ကြသည်.. ခေါင်ဖုရား.. တစ်လုပ်စားတဲ့အခါ.. အားလုံး တစ်လုပ်ပါးစပ်ထဲထည့်ကြသည်။ ခေါင်ဖုရားဇွန်းချတဲ့အခါ စားပွဲပေါ် လက်တင်ထားသူ ဇွန်းကိုင်ထားသူ တစ်ယောက်မှ မရှိ။ ပန်းကန်တစ်ဝက်လောက်ကုန်တော့.. မြတ်.. လက်ရှိအခြေအနေကို ရယ်ချင်လာမိတော့သည်။ "ခိ.. ခစ် ..ခစ်.. အဟား"ခေါင်းငုံ့ကာ ထမင်းစားရင်းက ရုတ်တရက် ရယ်မောလိုက်တဲ့ ခေါင်ဖုရားကြောင့် အားလုံး ကြောင်ငေးကုန်ကြပေမယ့်.. အလုံစံအိမ် သိုင်းသင်တန်းကျောင်း ကျောင်းအုပ်ကြီး ကိုယ်ရံတော် ဒိဗ္ဗ ယောင်ယမ်းကာ.. လိုက်လံရယ်မောမိလေသည်။ နောက်နားကနေ အရိပ်အခြေကြည့်နေတဲ့ စားတော်ကဲကတော့ ဘာဖြစ်မှန်းမသိတာနဲ့ပဲ.. မျက်လုံးကြီးပြူးလာလေပြီ။"စားတော်ကဲကြီး.. ကော်ဖီဖျော်ပေးပါ။ မြတ်တို့.. ‌ကော်ဖီသောက်ကြမယ်။"ဝဏ္ဏနဲ့ တိက္ခတို့ချက်ချင်းထပြီး.. စားတော်ကဲအနား ကော်ဖီဖျော်ဖို့ကူညီနေကြခိုက်.. ဒိဗ္ဗကတော့ ရေနွေးအိုးကိုယူကာ.. မြတ်နဲ့ မဟာ့အတွက် ရေနွေးခွက်ထည့်ပေးနေလေပြီ။ မဟာ.. စောစောက အထိတော့ ကျွန်သဘောက်တွေနဲ့ အတူ ထမင်းစားရတာ စိတ်တိုင်းမကျသလို စိတ်ကောက်သလို ဖြစ်နေပေမယ့်.. ထမင်းဝိုင်းမှာ ပျော်ရွှင်ရယ်မောနေတဲ့ ခေါင်ဖုရားနှင့်အတူ.. ကြည်နူးနေကြတဲ့ ငယ်ကျွန်တွေကို ကြည့်ရင်း.. မဟာ့ရင်ထဲ အပျော်ကူးစက်လာသည်။ အခုမှ မိသားစုတစ်စုသဖွယ် အကိုတွေကို ညီငယ်တွေက ထမင်းခူးကျွေး ပြုစုပေးနေသည့် ခံစားချက်က နွေးထွေးလှသည်။ မဟာ အသက် ၂၀ မပြည့်မီတည်းက နန်းတော်ပြင်ပမှာ တစ်ယောက်တည်း စံနေခဲ့ရတာ ရံရွေတွေ အပါးတော်မြဲတွေနဲ့ နေခဲ့ပေမယ့် တစ်ပါးတည်း ပွဲတော်တည်ရတဲ့နေ့တွေကြည့်သာ။ ခေါင်ဖုရား က သခင်အနေနဲ့ လာပေမယ့်.. ငယ်ကျွန်တွေ အနေမခက်အောင် ပြောဆိုတတ်ပြီး မိသားစုလိုနွေးထွေးတဲ့ ခေါင်ဖုရားကို ဒိဗ္ဗကတော့ အလေးထားလိုက်တာမှ.. ထားစရာနေရာမရှိ။ ရုပ်တည်ပြီး အရယ်အပြုံးနည်းလှတဲ့ ဒိဗ္ဗက ခေါင်ဖုရားရယ်မောတဲ့အခါ လိုက်ရယ်နေသည်၊ ခေါင်ဖုရား လိုချင်တာရှိလျင် ချက်ချင်းရစေအောင် စွမ်း‌ဆောင်သည်။ မနက်ပွဲတော်တည်ပြီးတာနဲ့ ခေါင်ဖုရားတောင်းဆိုမှုအတိုင်း သင်တန်းကျောင်း ကျောင်းအုပ်ဆိုတဲ့ ဂုဏ်ကို ငယ်ငယ်နဲ့ရထားအောင် ဓါးရေးကျွမ်းကျင်တဲ့ ကိုယ်ရံတော် ဒိဗ္ဗ.. ခေါင်ဖုရားရှေ့မှာ စိတ်ပါလက်ပါ ဓါးရေးပြနေတာ ကြည့်လို့တောင်ကောင်းသေးသည်။ မဟာနဲ့ နောင်တော်ထီးဘုရားကို ချစ်မြတ်နိုးကြတဲ့ ငယ်ကျွန်တွေမှန်သော်လည်း ခေါင်ဖုရားအပေါ် တွယ်တာမှုက ညီငယ်လေးတစ်ယောက်ကို ချစ်လို့အလိုလိုက်နေကြပုံနှင့်တောင် တူသေးသည်လို့ မဟာ မြင်နေမိသည်။ ရတနာစံအိမ်.. အိမ်နိမ့်စံတို့ထုံးစံအတိုင်း အခြွေအရံမရှိ ကြေးရတတ်အသိုင်းအဝိုင်းနဲ့ ဝင်ဆန့်ရုံ ထည်ဝါတဲ့ စံအိမ်က အရင်တုန်းက ရတနာမယ် နေခဲ့တဲ့ နေရာ။ ဉီးရီးတော်တို့ကို တိုက်ခဲ့တဲ့ကျိန်စာကို မြတ် မယုံချင်ပေမယ့် ဒီစံအိမ်မှာ အစပြုတာမို့ မြတ် သေချာသိချင်စိတ်တို့ဖြင့် လိုက်လာခဲ့တာ။ တိက္ခနဲ့ ဝဏ္ဏတို့ မျက်နှာပျက်နေတာကိုတောင် ဂရုမစိုက်ချင်မိတော့။ စံအိမ်ထဲ လှမ်းဝင်လိုက်တာနဲ့ ဉီးရီးတော်မောင်မောင်နှင့်အတူ အိမ်နိမ့်စံ မိသားစုကြီတစ်စုလုံး နေစရာမရှိအောင် ဧည့်ခံကြသည်။ ဧည့်ခန်းထိပ်က သလွန်ထက် မြတ်နေရာယူပြီးတာနဲ့ မြတ်ရှေ့မှာဒူးထောက်ခစားကြတဲ့ ထိုမိသားစုကို မြတ် သေချာအကဲခတ်လိုက်သည်။ မိသားစုထဲက သမီအကြီးဆုံး တင်တင်ကြီးရဲ့အကြည့်ကို မြတ်မကြိုက်ပေမယ့် မြတ်ကျောပေါ် ဒေါက်ဖိနပ်နဲ့ နင်းဖို့ကြိုးစားဖူးတဲ့ သမီးငယ် စုရတနာကအစ ခြေရင်းမှာ ဝပ်စင်းခစားကြတာမို့ မြတ် ဘာကိုမှဘွေမယူလိုတော့။ ဉီးရီးတော် မောင်မောင်.. အိမ်နိမ့်စံဘဝ ရတနာမယ်ရဲ့ မောင်ဖြစ်တာမို့ ဉီးရီးတော်အဖြစ် အသိမှတ်ပြုမခံရပေမယ့်.. မြတ်ကတော့ ဉီးရီးတော်ရဲ့ မျက်ဝန်းအကြည့်များက ရိုးသားတာမို့ မြတ် ခင်မင်မိသလို သနားလည်းသနားမိသည်။ "ခေါင်ဖုရား အိမ်နိမ့်စံတို့ဆီ ကြွလာခဲ့တာ ဝမ်းသာမဆုံးပါဘူးဘုရား။ ပွဲတော်တည်ဖို့ ပြင်ဆင်ထားကြောင်းပါဘုရား။ ကျွန်တော်မျိုးတို့မိသားစုကိုချီးမြှောက်သောအားဖြင့် စိတ်ကြည်သာစွာ ပွဲတော်တည်ပါလားဘုရား"ဉီးရီးတော်ရဲ့ စကားကို မြတ် ငြင်းလိုက်ရသည်။ တိက္ခနဲ့ ဝဏ္ဏတို့ အသင့်အနေအထားက မြတ်ထင်ရာမဆိုင်းဖို့ သတိပေးနေသလို စံအိမ်ထဲရောက်ကတည်းက စိတ်မကြည်သာတော့တဲ့ မြတ် တစ်ခုခုက စူးစိုက်ကြည့်နေသလို.. ကျောမလုံသလို ခံစားနေရတာ အဆင်မပြေပါ။ "ပွဲတော်မတည်တော့ဘူး ဉီးရီးတော်။ မဟာနဲ့ သွားစရာကိစ္စတွေက များတယ်။ ကျောင်းဖွင့်ရက်ကို နန်းတော်ထဲ ကိုယ်တော်ရှိမှဖြစ်မှာမို့လို့ ဒီနေ့ ပြီးပြတ်ရမယ့်ကိစ္စတွေ အားစိုက်ဆောင်ရွက်ရမှာ။ ဒီအချိုမုန့်ပဲ သုံးဆောင်ပါ့မယ်"မြတ်ရည်ညွှန်းတဲ့ အချိုမုန့်ဆိုတဲ့ ပန်းကန်တွေက စားပွဲပေါ်မှာ အမျိုးအစားစုံလင်များပြားလှလေသည်။ ကိုယ်ရံတော် တိက္ခ.. မြတ်နဲ့မဟာ့အကြား ဒူးထောက်ဝင်လာပြီး ပန်းကန်ထဲက မုန့်များကို နဲနဲစီ မြည်းစမ်းကြည့်ပြီး ဘေးကင်းပြီဆိုတော့မှ.. မြတ်လက်ထဲ မုန့်ပန်းကန်ကို ယူကာ ပေးလေသည်။ ဒီလောက်ဂရုစိုက်နေပုံအရ.. မြတ်မှာ‌ဘေးအန္တရာယ်ရှိနေတာများလား။ ထိုခဏမှာပဲ မင်းသားမဟာနဲ့ မြတ်တို့ကို စားသောက်ဖွယ်ရာ စုံလင်စွာဧည့်ခံနေရင်းက တင်တင်ကြီး.. အသာထသွားကာ အခန်းတစ်ခုထဲ ဝင်သွားပြီး တခါးကို အနည်းငယ်ဟလျက် အထဲကချောင်းကြည့်တာ မြတ် သေချာမြင်မိသည်။ အလင်းအနည်းငယ်ကြောင့် မြတ်မြင်လိုက်ရတာက မျက်ဝန်းများကစူးရှပြီး အိုစာလှတဲ့ မျက်နှာတစ်ခြမ်း။ ထိုမျက်နှာမျိုး မြတ် မြင်ဖူးသလိုလို.. စိတ်ထဲမသတီတာကလည်း ပိုဆိုးလာခဲ့သည်။ ထိုမျက်လုံးက မြတ်ကို ကြည့်နေရင်း မျက်ရည် ပေါက်‌ပေါက်ကျလာပြီး.. တောက်ခတ်သံ ခပ်တိုးတိုးကို မြတ် သေသေချာချာ မြင်လိုက် ကြားလိုက်ရသည်။ ထိုတောက်ခတ်သံကြောင့် ဉီးရီးတော် ဆတ်ကနဲတုန်သွားရသလို ဒူးတုပ်ခစားနေတဲ့ မင်းနိုင် ခပ်ဆတ်ဆတ်ထသွားပြီး တံခါးကို ဆောင့်ပိတ်လိုက်ကာ စိတ်မကောင်းသည့်မျက်နှာထားနဲ့သာ မြတ်အနားပြန်ရောက်လာတော့သည်။ "ခေါင်ဖုရား.. ကျွန်တော်မျိုးနဲ့အတူ တေးသံသွင်းဌာနကို လေ့လာကြည့်ပါလားဘုရား။ ဒီနေ့ ကျွန်တော်မျိုး သီချင်းသွင်းဖို့ရှိပါတယ်ဘုရား။ ထွက်ထားပြီးတဲ့ အခွေမူရင်းလည်း ကျွန်တော်မျိုး ဆက်သပါ့မယ်၊ ခေါင်ဖုရား လိုက်လေ့လာပါဘုရား"စိတ်အနှောက်အယှက်ဖြစ်တာမျိုးမဟုတ်ဘဲ မသတီစရာ ခံစားချက်က မြတ်ကို စံအိမ်ထဲမှာ ဆက်ထိုင်မနေနိုင်အောင် တွန်းအားပေးလာလေသည်။ စားသောက်ဖွယ်ရာတစ်ခုကိုမှ မတို့မထိဘဲ မင်းနိုင်နှင့်အတူ ပြန်ထွက်လာခဲ့တဲ့ မြတ်ကို .. မဟာနဲ့ ဒိဗ္ဗတို့ ခြံရံလိုက်ပါလာခဲ့သည်။ "ခေါင်ဖုရား.. စိတ်ညစ်စရာတွေ့လိုက်လို့လား .. မျက်နှာအတော်မသာမယာဖြစ်နေတာပဲ။ အိမ်နိမ့်စံတွေကို သနားနေတာလားဘုရား။ မင်းနိုင် ဒင်းအပြစ်တွေပဲ ခေါင်ဖုရားကို မတန်မရာ အိမ်လည်ကြွချီဖို့ ပူဆာတယ်""အော်မဟာရယ် အမျိုးအဆွေတွေဆိုတာ ဒီလိုပဲ ကူးလူးဆက်သွယ်ဖို့လိုတယ်လေ။ ငါ စိတ်မကောင်းတာမဟုတ်ပါဘူး။ ပင်ပန်းလို့ပါ"မြတ်ရဲ့ ဖာဖာထေးထေး စကားတွေကြောင့် မင်းနိုင်ကိုအပြစ်တင်နေတာ ရပ်သွားပေမယ့် မဟာ့မျက်နှာပေါ်က မကျေနပ်မှုက လျော့မသွား။ တေးသံသွင်းဌာနရောက်တာနဲ့ မြတ်နဲ့ မဟာတို့ကို လာကြိုဆိုသူက ကိုယ်ရံတော် ရန်မျိုးအောင်ပဲဖြစ်သည်။ဝဖိုင့်တဲ့ ကိုယ်ခန္ဓာ၊ ပြည့်ဝိုင်းတဲ့မျက်နှာတို့နဲ့ မလိုက်ဖက်စွာပဲ ပေါ့ပေါ့ပါးပါး အပြေးလာ ကြိုဆိုတဲ့ ရန်မျိုးအောင်က ‌မြတ်နံဘေးက ကားတံခါးကို ဖွင့်လိုက်ပြီး ဒူးထောက် ခစားလေသည်။ မကျေနပ်နေတဲ့မဟာကတော့ အရှေ့ကားပေါ်ကဆင်းလာတဲ့ မင်းနိုင်ကို မျက်စောင်တစ်ထိုးထိုးနဲ့သာ။ အသက် ၅၀ ကျော် ရန်မျိုးအောင် ဒူးထောက်နေတာကို လူအများက ဝေ့လည်လည်ကြည့်လာကြတာမို့ မြတ် ကမန်းကတန်း ထခိုင်းလိုက်ရသည်။ကိုယ်တော့်စီးပွားရေးတစ်ခုဖြစ်တဲ့ တေးသံသွင်းလုပ်ငန်းက တစ်ကယ်တော့ ဆွေမျိုးများ အထူးသဖြင့် ရတနာအိမ်နိမ့်စံတစ်မျိုးတစ်ဆွေလုံးအတွက် မှီခိုရာစီးပွားတစ်ခုအနေနဲ့ ထူထောင်ပေးထားတာဖြစ်ကြောင်း ရန်မျိုးအောင်က ရှင်းပြတာမို့ မြတ်သိရပြန်သည်။ ကိုယ်တော်ဟာ ဆွေမျိုးတွေကို အတော်ချစ်တာပဲ။ သမိုင်းတရားခံ ရတနာမယ်ရဲ့ အမျိုးအဆွေတွေကို သေသေချာချာ အစစ အဆင်ပြေနေအောင် ဖန်တီးပေးထားတာပဲ။ ချစ်ရတဲ့ လင်ယျောက်ျားကို တမ်းတရင်း အကြီးအကဲပီသလွန်းတဲ့ ချစ်သူကို လွမ်းမိပြန်သည်။ မင်းနိုင် အသံသွင်းခန်းထဲ အသံသွင်းနေတာကို ထိုင်နားထောင်နေကြတဲ့ လူတိုင်းက မင်းနိုင်ရဲ့ အသံသြဇာနဲ့ သီဆိုတတ်မှုကို ချီးမွမ်းကြရသည်။"ရန်မျိုးအောင် .. မင်းနိုင်က ဒီလောက် အသံကောင်းပြီးအဆိုပိုင်နိုင်တာ ဘာလို့မအောင်မြင်တာလဲ"မြတ်ခပ်တိုးတိုးမေးတော့ ရန်မျိုးအောင် ခေါင်းလေးငုံ့ကာ အဖြေပေးသည်။"ခေါင်ဖုရား..အနုပညာအလုပ်က စန်း လိုပါတယ်ဘုရား။ အဆိုကောင်းပြီး အသံသြဇာပြည့်စုံသူတွေ မအောင်မြင်ကြတာ အများကြီးပါဘုရား။""မဟုတ်သေးပါဘူး။ သူ့သီချင်းတွေ ကိုယ်တော်နားထောင်ဖူးပါတယ်။ ကောင်းပါရဲ့နဲ့ .. ဘာလို့များ လူကြိုက်မများကြတာလဲ။ ဒါဆို သူ့အ‌ခွေက အရှုံးပေါ်ခဲ့တာပေါ့ ဟုတ်လား""မှန်ပါ ခေါင်ဖုရား။ မင်းနိုင်ကိုယ်တိုင်ကတော့ ကြိုးစားပါရဲ့ဘုရား။ သူ့နောက်က အကုသိုလ် အရိပ်က မိုးထားတယ်ထင်ပါ့ဘုရား။"အကုသိုလ် အရိပ် ဆိုတာ ကျိန်စာကိုဆိုလိုတာဖြစ်တာမို့ မြတ် မနက်ပိုင်း ကြုံလာရတဲ့ အဖြစ်ကို တိုင်ပင်ဖို့ ရန်ပုံခွင်းကိုတောင် သတိရလာမိသည်။ မဟာကတော့ မင်းနိုင်သီဆိုမှုတွေကို တည့်မတ်ပေးရင်း .. ပါရမီပါစွာပဲ သင်ပြပေးနေတာမို့ မြတ် မဟာတို့ကို အသံသွင်းခန်းထဲ ထားရစ်ခဲ့ပြီး တိက္ခကိုသာခေါ်ကာ အသံသွင်းခန်းက ထွက်လာခဲ့မိသည်။ "ခေါင်ဖုရား ငယ်ကျွန့်အလုပ်ခန်းမှာ လိုက်ပါနားနေပါလားဘုရား။ ပွဲတော်တည်ဖို့ ငယ်ကျွန် ကောင်းတဲ့ နေရာစီစဉ်ပါ့မယ်ဘုရား။" ရွှေနန်းသခင် ကုမ္ပဏီကြီးကတော့ မြတ်ပထမတစ်ခေါက် ရောက်တုန်းကလိုပဲ ၄ ထပ်တိုက် တစ်ခုလုံးမှာ လုပ်ငန်းခွဲများ စနစ်တစ်ကျ ခွဲထားကာ.. ထည်ထည်ဝါဝါ ရှိနေသည်။ ရန်မျိုးအောင်ရဲ့ အလုပ်ခန်းထဲ နေရာတစ်ကျထိုင်မိတာနဲ့ မြတ် တိက္ခကို မဟာတို့ အပေါ်ထပ်တက်လာခဲ့ကြဖို့ ပြန်ခေါ်ခိုင်းလိုက်ရသည်။ ရန်မျိုးအောင်ရဲ့ ရုံးခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ဖဘုရားနဲ့ မယ်မယ်တို့ ဓါတ်ပုံတွေအပြင်.. ဉီးရီးတော် တေဇာနဲ့အတူ ရန်မျိုးအောင် ငယ်စဉ်ကပုံတွေကို ဝေ့ကြည့်ရင်း မြတ် စကားစ လိုက်သည်။"အင်း... ရန်မျိုးအောင် မောင်မင်း ဖဘုရားကို စောင့်ရှောက်ခဲ့ရတုန်းက.. သိပ်ပင်ပန်းခဲ့လား။ ဖဘုရားကတော့ အခု အရမ်းကို အေးချမ်းနေပြီ။ မောင်မင်းက ကိုယ်ရံတော် မဟုတ်တော့ဘူးဆိုတော့ ဘယ်သူ့ကိုမှ မခစားရတော့ဘူးပေါ့ လေ။ ဒါနဲ့ ဖဘုရားဆီရော ရောက်ရဲ့လား ရန်မျိုးအောင်""မှန်ပါ.. ခေါင်ဖုရား.. နှစ်စဉ်တိုင်း ပစ္စည်းလေးပါးလှူဒါန်းဖို့ ရောက်ကြောင်းပါဘုရား""ဒါနဲ့ ရန်မျိုးအောင်.. ဉီးရီးတော် တေဇက ကိုယ်ရံတော် ဘာလို့ မထားတာလဲ။ ရန်ပုံခွင်းက မယ်မယ့်ရဲ့ ကိုယ်ရံတော်ဆိုပေမယ့် .. အခု ထီးဘုရားကိုစောင့်ရှောက်နေတာ.. သန်မာသွက်လက်လွန်းတယ်။""မှန်ပါ ခေါင်ဖုရား... အရှင့်သား ကိုယ်ရံတော် ခွန်ဖ.. မင်းသားဒီပါစံကိုစောင့်‌ရှောက်စေတဲ့အချိန်ကစပြီး အရှင့်သားမှာကိုယ်ရံတော် မထားလိုကြောင်း လျှောက်ထားခဲ့တာမို့ ထီးဘုရားကြီးသတိုးဘုန်းရာဇ သဘောတူခဲ့တာပါဘုရား။""အင်း.. ဒီလိုကိုး.. ဒါနဲ့ ရန်မျိုးအောင်.. ဉီးရီးတော် တေဇာ ကို ကိုယ်တော် တွေ့ချင်တယ်။ ထီးဘုရားကလည်း ဉီးရီးတော်ကို ကိုယ်တော်နဲ့ တွေ့စေချင်တယ်တဲ့။ မိသားစုမဟုတ်လား။ ထီးဘုရားဟာ ဆွေမျိုးတွေ ကို စောင့်ရှောက်သလို အခြွေအရံတွေကိုလည်း မိသားစုလိုပဲ သဘောထားတယ်လေ။""ခေါင်ဖုရားရဲ့ ဂုဏ်သတင်းကလည်း မွှေးပျံ့လှပါတယ်ဘုရား။ နန်းတော်ကို ထိမ်းသိမ်းပြီး ကလေးတွေရှေ့ရေး စီမံပေးနေတာ ငယ်ကျွန် အဝေးကနေ မှန်းဆလို့ ကြည်ညိုရပါတယ်။ အခုလည်း ကလေးတွေအတွက် အဓိက ရန်ကုန်မြို့ထဲ ခြေချလာတာမဟုတ်ပါလားဘုရား""ဒါဘာမှမဟုတ်ပါဘူး ရန်မျိုးအောင်ရယ်။ ကိုယ်တော်က ကလေးချစ်တတ်တာကြောင့်ပါ။""အရှင့်သားလည်း ကလေးချစ်တတ်ပါတယ်ဘုရား။ ထီးဘုရားငယ်စဉ်ကဆိုရင်.. အရှင့်သားနဲ့ မင်းသားဒီပါစံလက်ပေါ်က အောက်မကျဘူးဘုရား။ နန်းဆောင်ခန်းကစပြီး မြင်းခင်းရာအထိ.. မင်းသားနှစ်ပါးတို့ ထိမ်းကြောင်းခဲ့ကြတာပါဘုရား""အင်း ဒီသံယျောဇဉ်ကို ဖြည့်စည်းပေးချင်လိုက်တာ ရန်မျိုးအောင်ရယ်။"ရန်မျိုးအောင် ရင်ထဲမှာ ယိုဖိတ်လာတဲ့ အကြင်နာတရားက . ခေါင်ဖုရားရဲ့ ခပ်တိုးတိုးစကားအဆုံးမှာ.. တောင့်မခံထားနိုင်တော့။ နှစ် သုံးဆယ်နီးပါး မျိုသိပ်လာခဲ့တဲ့ ကိစ္စက .. ရန်မျိုးအောင်ရှေ့က လူငယ်ပြီး ဂရုဏာနဲ့ မေတ္တာကို မျက်ဝန်းများမှာ ဆင်ယင်ထားတဲ့ ခေါင်ဖုရားရှေ့ ပွင့်ထွက်လာသည်အထိ ခေါင်ဖုရား တတ်နိုင်ပေသည်။ "မှန်ပါ။ အရှင့်သားက ငယ်ကျွန်တို့နဲ့ မဝေးတဲ့အရပ်မှာ ကျန်းမာလျက်ရှိပါတယ်ဘုရား။ ဒီကမြစ်တစ်ဘက်ကမ်း.. ဟိုး ခပ်လှမ်းလှမ်း တွံ့တေးမြို့မှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေပါတယ်ဘုရား။ အတိတ်ဒဏ်ရာ နက်လွန်း နာလွန်းလို့ .. နန်းတော်နဲ့စပ်သမျှ ဘာမှမမြင်လိုမတွေ့လို ဘူး မိန့်ကြားချက်အတိုင်း .. ငယ်ကျွန် အဝေးကစောင့်ရှောက်ထားပါတယ်ဘုရား။""ဟာ.. ဒါဆို မဝေးဘူးပဲ ရန်မျိုးအောင်.. ကိုယ်တော်ပြန်ကြွလာရင် သွားတွေ့ရမယ်။ အဲ့ဒီအဓိပ္ပါယ်မရှိတဲ့ ကျိန်စာကြောင့်တော့ မိသားစုတစ်ကွဲတစ်ပြားနဲ့ နေရတာ စိတ်မချမ်းသာဘူး။ မဟာ့ကိုလည်း နန်းတော်ထဲပြန်ခေါ်မှပဲ"ရန်မျိုးအောင် .. မဝေခွဲတတ်တော့။ မှန်လား မှားလား။ ဘာပဲဖြစ်ဖြစ်.. ခေါင်ဖုရားလို ကြင်နာတတ်တဲ့ မိဖုရားကြောင့် နန်းတော်ကြီးက အရင်လို စည်ပင်လာတာ တစ်ဆင့်စကားနဲ့တောင် ကြည်နူးဖို့ကောင်းနေပြီ။ ကျိန်စာအကြောင်းလည်သိထားပြီးပြီဖြစ်တဲ့ ခေါင်ဖုရားက ဒီကိစ္စကို ကိုင်တွယ်နိုင်လိမ့်မယ်လို့ ရန်မျိုးအောင် ယုံကြည်နေမိသည်။မြတ် ဉီးရီးတော် တေဇာ့ကို တွေ့ချင်စိတ်တွေပြင်းပြနေမိသည်။ ဉီးရီး‌တော်သာလျင် ရေရေရာရာ ရှင်းပြနိုင်မယ့် ဉီးရီးတော် ဒီပါစံအကြောင်း သိလိုလှပြီ။ ဒီကိစ္စကြားထဲမှာ ဟ နေတဲ့ အပိုင်းကို မြတ် မသင်္ကာမိ။ မြတ်ကို အုပ်မိုးထားချင်တဲ့ တိက္ခရဲ့ အခက်အခဲက ဘာများလဲ။ ရန်ပုံခွင်းရဲ့ ပူပန်မှုကဘာများလဲ။ မဟာရော ဉီးရီးတော်တေဇာရော နန်းတော်ပြင်ပမှာ ကျန်းမာနေကြတယ်ဆိုတာက တိက္ခပြောသလိုပဲ ကျိန်စာက နန်းတော်ပြင်ပကို မလိုက်လာနိုင်လို့ပဲလား။ နန်းတော်အပြင်ရောက်သွားသူတွေက ကျိန်စာနဲ့ အလှမ်းဝေးသွားတာများလား။ မြတ် တွေးနေပေမယ့် အဖြေက မရေရာ။ တစ်ကယ်လို့ ဒါကသာ အဖြေဆိုရင်.. မြတ်မယုံချင်တဲ့ အဲ့ဒီကျိန်စာကို ကျောမှာစိုက်ရင်း ဝန်ထမ်းနေရတဲ့ကိုယ်တော့်ကို နန်းတော်ကနေ ကိုယ်တိုင်ခေါ်ထုတ်ပြီး ဟိုးအဝေးမှာ အတူ ပျော်ပျော် သွားနေဖို့ပဲ တွေးမိတော့သည်။ မြတ် ... ကိုယ်တော်နဲ့ ခွဲနေဖို့ကတော့ ... ဘယ်တော့မှ မဖြစ်နိုင်တဲ့ ကိစ္စပဲလို့.. ဆုံးဖြတ်ထားမိပြန်သည်။ ဒီနေ့လောက် ခွဲနေရတာကိုက လစ်ဟာမှုတွေနဲ့ .. ဖြေရာမရတာ ကိုယ့်ကိုယ်ကို အသိဆုံးပဲလေ။ ရုတ်တရက် ရတနာစံအိမ်က မျက်လုံးနဲ့ တောက်ခတ်သံကို သတိရလာမိတာမို့.. မင်းနိုင်ကို တစ်ဉီးချင်းခေါ်တွေ့လိုက်မိသည်။ "မင်းနိုင်။ ငါ့ကို သူငယ်ချင်းလိုသဘောထားပြီးပြောစမ်း။ စောစောက မင်းအိမ်က အဘွားအိုက ဘယ်သူလဲ။ တင်တင်ကြီးကရော ဘာလို့ အဲ့လို ခိုးကြောင်ခိုးဝှက်လုပ်ရတာလဲ။ အဲ့အဘွားအိုက ဘာလို့ ငါ့ကို အခစားမဝင်တာလဲ။ မှန်မှန်ဖြေစမ်း မင်းနိုင်။ ငါ အမှန်အတိုင်းသိချင်တယ်"မင်းနိုင် နှုတ်ခမ်းတစ်ဘက်ကို ကိုက်ထားရင်း ခေါင်ဖုရားရှေ့ ဒူးထောက်လိုက်သည်။ "အခုပြောလို့မရကြောင်းပါ ခေါင်ဖုရား။ နောက်တော့ ကျွန်တော်မျိုး စာပို့လိုက်ပါ့မယ်။ ဖေဖေ့ကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ် ခေါင်ဖုရား။ ကျွန်တော်မျိုးမှာ သိပ်ကြီးတဲ့ အခက်အခဲနဲ့မို့ပါဘုရား""ကောင်းပြီ မင်းနိုင်။ ဒီနေ့က စပြီး နောက် နှစ်ရက် အချိန်ပေးတယ်။ ငါ မင်းကို ယုံလို့ ခွင့်ပေးလိုက်တာ မင်းနိုင်။ ငါ အဖြေကို သိချင်တယ်" မင်းနိုင်နဲ့ ရန်မျိုးအောင်တို့ကို နှုတ်ဆက်ပြီး မြတ်နဲ့မဟာတို့ ရည်ရွယ်ထားတဲ့အတိုင်း.. ရန်ကုန်တစ်ပါတ် လှည့်လည်ကာ ဝယ်စရာရှိတာဝယ် အပ်စရာရှိတာ အပ်ပြီး ညနေပိုင်း မြတ်သူငယ်ချင်းများနဲ့ ဆုံလိုက်သည်။ မင်းမော်တို့တစ်စုကတော့ လူမစုံကြတော့။ မင်းမော်နဲ့ စိုးလင်းတို့ မတည့်အတူနေနှစ်ယောက်သာ မြတ်နဲ့ဆုံဖြစ်ကြတော့သည်။ မြတ်လည်း သူငယ်ချင်းတွေကို အကူညီတောင်းစရာတစ်ခု ပွင့်ပွင့်လင်းလင်း တောင်းလိုက်ပြီး.. လူချင်းခွဲကာ မမ အိမ်ကိုခဏ ဝင်နှုတ်ဆက်ပြီးတာနဲ့ နန်းတော်ကိုသာ တန်းပြန်လာခဲ့တော့သည်။အရှင်နဲ့ဝေးတဲ့ နန်းတော်က ဝါးအစည်းပြေသလို ဖြစ်နေမှာစိုးရိမ်တယ်ဆိုတာထက်.. ကိုယ်တော့်ကိုယ်ငွေ့နဲ့ ဝေးတဲ့ အိပ်ယာမှာ မြတ် အိပ်လို့မှမပျော်တာ။ ဒီညတော့ ကိုယ်တော့် အရိပ်နဲ့ အငွေ့အသက်ကို ဖမ်းရင်း .. နန်းဆောင်ခန်းထဲ ပျော်အောင် အိပ်နိုင်လိမ့်မယ်ထင်ပါရဲ့ လေ။ လွမ်းလိုက်တာ ကိုယ်တော်ရယ်.. မြတ်ကို ပစ်မထားဘူးဆိုပြီး... မြတ်တစ်ယောက်တည်း ယောင်ချာချာဖြစ်နေပြီလေ။ *********ဒီဇင်ဘာလ...မြက်ခင်းကို ဖြတ်တိုက်လာတဲ့ ဆောင်းလေအေးအေးက.. သလွန်ထက်မှာ ထိုင်ရင်း.. ကလေးတွေစာသင်နေတဲ့ ဆရာကိုလွင်ခန့်ကို ကူညီကာ စာမေးပွဲဖြေထားတဲ့ စာအုပ်တွေ စာစစ်ပေးနေသည်။ တစ်လွင့်လွင့် ဝဲနေတဲ့ တင်းတိမ်များနဲ့ .. ခပ်လှမ်းလှမ်းမှာ အညောင်းပြေ ပြေးလွှားနေတဲ့ တိုးပွားတို့ စုံတွဲကို မြတ်ငေးရင်း သတိရစိတ်တွေကို နှစ်သိမ့်နေရသည်။ ကိုယ်တော့်အကြင်နာဖြစ်တဲ့ စာသင်ဆောင်လေးထဲ ကလေးတွေနဲ့ အချိန်ကုန်ရင်း .. နန်းတော်ကိုစောင့်ရှောက်နေခဲ့တာ.. အခုဆို ၁၀ ရက်ရှိပြီ။ ကိုယ်တော့်ကိုဖုန်းဆက်တိုင်း ပြန်လာဖို့ မြတ် မလောမိ။ အလုပ်တွေအာရုံစိုက်နေရမယ့် ချစ်ရသူကို စိတ်ဝန်ထုပ် ထပ်မပိုးပေးချင်ပါ။ စာစစ်နေရင်းက မြတ် ဖုန်းကို စာတိုတွေဆင့်ကဲဝင်လာသည်။မင်းမော် ဆီက စာက.. "အောက်လမ်းဆရာမကြီးက ရတနာစံအိမ်မှာ ရှိတယ်လို့သတင်းရတယ်။ တစ်ခါတစ်လေ.. ဝရံတာမှာ ထွက်ရပ်နေတတ်လို့ အရပ်က လန့်နေကြတယ်တဲ့။ အဲ့ဒီဆရာမကြီးဆိုသူက ရတနာစံအိမ်က သမီးကြီး တင်တင်ကြီးကို ဂျူလီယန် ဆိုတဲ့နာမည်နဲ့ နာမည်ကြီးမော်ဒယ်ဖြစ်အောင် အဆောင်တွေစီရင်ပေးနေတာလို့ သတင်းရတယ် သူငယ်ချင်း။ တင်တင်ကြီး သူ့မိတ်ဆွေ တက်သစ်စမင်းသမီးကို ရောင်းတဲ့အဆောင်ဆိုတာ ဒီပုံပဲ။ ထပ်သိရရင် ပို့ပေးမယ်နော်" .အင်းကွက်နဲ့ အစီအရင်တစ်မျိုး ပုံကိုပါ ပို့ပေးလိုက်တာမို့ မြတ် သဘောပေါက်လာမိသည်။ တစ်ဆင့်သတင်းစကားဆိုပေမယ့် မြတ်.. သေချာစုံစမ်းလိုသည်။ ရတနာအိမ်နိမ့်စံတို့ က .. နာမည်ကြီးရုံလောက်ပဲ ဒီလိုကိစ္စတွေလုပ်ကြတာလား။ ဒါက ကောလဟလတစ်ခုမဟုတ်တာတော့ .. မြတ် သေချာသိနေတာပဲလေ။ နောက်ထပ် မင်းနိုင်ဆီက..စာတိုလေး တစ်စောင်. ."ကျွန်တော်မျိုးရဲ့ အိမ်မှာ အပမှီသလို မှီခိုနေတဲ့ သူရှိပါတယ် ခေါင်ဖုရား။ ထိုလူက အပြစ်သား ဒွေးတော်ရဲ့ သေတမ်းစာနဲ့ . အိမ်မှာမှီခိုနေပါတယ်။ မိသားစုရဲ့ အနာဂတ်ကို ကျိန်စာတစ်ခုနဲ့ အလဲအလှယ်လုပ်ခဲ့တဲ့ အပြစ်သားဒွေးတော်ချန်ထားရစ်ခဲ့တာမို့ ကျွန်တော်မျိုးတို့ မလွန်ဆန်ဝံ့ကြပါဘုရား။ ထီးဘုရားသိခဲ့ရင် တစ်အိမ်လုံး ခေါင်းဖြတ်အသတ်ခံရပါလိမ့်မယ်ဘုရား။ သေတမ်းစာက ဒီပုံထဲက အတိုင်းပါဘုရား။ ခေါင်ဖုရား သနားညှာတာသောအားဖြင့် .. ကျွန်တော်မျိုးတို့ မိသားစုကို ခွင့်လွှတ်တော်မူပါဘုရား"ဓါတ်ပုံကို မြတ် သေချာချဲ့ကြည့်တော့ .. လက်ရေးစာမူတစ်ခု"ရတနာစံအိမ်‌တော်မှာ မှီခိုစေဖို့ခွင့်ပြုထားတဲ့ မည်သူ့ကိုမဆို အသက်သေသည်အထိ ဘေးမသန်းအောင် ကျွေးမွေးစောင့်ရှောက်ပေးမည်။ ထိုကတိစကား မတည်ပါက ရတနာစံအိမ်မိသားစု ပျက်စီးခြင်းဖြင့်သာ.. ကြုံရပါစေ။ ရတနာမယ့်အမိန့်"ဘုရား။ မြတ် ရင်ဘတ်ကို ဖိလိုက်ရသည်။ မိုက်လိုက်လေ။ ကျိန်စာလောက်နဲ့တင်မကတာ့ဘူးပေါ့။ ဒါဆိုရင် .. ရတနာမယ်က ထီးမွေနန်းလျာကို မရလို့ မိသားစုအပေါ် အခုလို ပစ်ပစ်ခါခါတွေ လုပ်ခဲ့တာလား။ ဉီးရီးတော် တေဇကို ချစ်လို့ ကြံမိကြံရာ ကြံလိုက်တာလား။ အောက်လမ်းဆရာမကြီးဆိုသူရဲ့ မျက်လုံးအကြည့်များနဲ့ တောက်ခေါက်သံကို ပြန်ကြားလာရပြီး .. မြတ် စိတ်မသက်မသာဖြစ်သွားရသည်။ ကိုယ်တော့်ကို ပြောပြရင် ဉီးရီးတော်မောင်မောင်တို့ တစ်မိသားစုလုံးကို အပြစ်ပေးတော့မှာသေချာတယ်လေ။ ဒါဆို ဘာလုပ်သင့်လဲ။ မြတ် တွေးတောနေရင်း ပက်လက်ကုလားထိုင်က ထဖို့အားယူလိုက်တော့ .. ရင်ထဲလှပ်ကနဲ ဖြစ်သွားရသည်။ "အို့.. မူးလိုက်တာ""ခေါင်ဖုရား.. "ပြန်ထိုင်ကျမယ့် မြတ်ကို တိက္ခ အနောက်ကနေ ထိန်းဖက်ထားပြီး အသာအယာ ပြန်ထိုင်နိုင်ဖို့ ကူညီလိုက်ရသည်။"ခေါင်ဖုရား ခေါင်းမူးလို့ပါလားဘုရား။ နန်းတွင်း ဆရာဝန်ကြီး ပင့်လိုက်ရမလား ဘုရား""ဟား.. ရပါတယ် တိက္ခရယ်။ ညတုန်းက စာဖတ်တာ ညဉ့်နက်သွားလို့နေမယ်။ အခုမမူးတော့ဘူး။""ခေါင်ဖုရား အပူအအေးမမျှတတဲ့အခါ.. နာမကျန်းဖြစ်နိုင်ပါတယ်ဘုရား။ အတွင်းဆောင်ဝင်ပါတော့ဘုရား"မြတ်.. ရင်ထဲကနေ နေမကောင်းချင်တော့တာမို့ တိက္ခစကားကိုနားထောင်လိုက်ရသည်။အဆောင်ခန်းထဲရောက်တော့ ... ဝဏ္ဏနဲ့ ခင်မိတို့ လဲလှယ်ပေးတဲ့ အဝတ်ကို ဝတ်လိုက်ပြီး ကိုယ်တော်မရှိတဲ့ဒီအခန်းထဲ တစ်ယောက်တည်း ညတာကုန်ဆုံးရအုံးမှာလို့ တွေးမိတာကြောင့်.. ရင်ထဲလှိုက်ကာဝမ်းနည်းလာမိသည်။ ကုတင်စွန်းမှာထိုင်ရင်း.. ကိုယ်တော့်ကိုယ်သင်းနံ့သင်းပျံ့နေဆဲ ခေါင်းအုံးကို ဖက်ကာ.. ကိုယ်တော့်ကိုလွမ်းလာမိသလို.. ဘာမှန်းမသိတဲ့ ခံစားချက်တွေ ရောထွေးလာတာမို့ ဝဏ္ဏတို့ကို အပြင်ထွက်ကြဖို့တောင်မပြောနိုင်ဘဲ မြတ် ရှိုက်ကြီးတစ်ငင် ငိုမိသည်။ ရုတ်တရက်ကြီး ဝမ်းနည်းပန်းနည်း ငိုကြွေးတဲ့ ခေါင်ဖုရားကို အနားက ခစားနေတဲ့. ဝဏ္ဏနဲ့ ခင်မိတို့ ခြေမကိုင်မိ လက်မကိုင်မိ ဘာလုပ်ရမယ် မသိ ဖြစ်ကုန်ကြတော့သည်။ "တိက္ခ.. ဝင်ခဲ့ပါအုံး။ ခေါင်ဖုရား.. ဘယ်နေရာများ နေမထိထိုင်မသာ နာကျင်လို့ပါလဲ ဘုရား။ ငယ်ကျွန်ကြီးကို မိန့်ပါဘုရား။ ခေါင်းများကိုက်သလားဘုရား။ ခြေလက်တွေများ နာကျင်လာခဲ့သလား ဘုရား။ ဗိုက်များနာတာလားဘုရား။ တိက္ခ.. ဘယ့်နှယ်လဲ၊ စောစောက ဘာများထိခိုက်မိလို့လဲ"ကိုယ်ရံတော် တိက္ခတို့ ခေါင်ဖုရားအနား ဒူးတုပ်ခစားရင်း လက်ကိုကိုင်လိုက် ခြေထောက်ကိုင်လိုက် ဗိုက်ကိုစမ်းလိုက်နဲ့ အဖြေရှာမရ။ မြတ်.. အိပ်ယာထဲလှဲလိုက်ပြီး ကိုယ်တော့်ခေါင်းအုံးကိုဖက်ကာ တစ်ဘက်လှည့်လိုက်သည်အထိ.. တိက္ခတို့ ပြာပြာသလဲဖြစ်နေကြဆဲပင်။ ညနေပိုင်း.. စာသင်ဆောင်ထဲ ခေါင်ဖုရား အခြေအနေအကဲခတ်ဖို့ရောက်လာတဲ့ ရန်ပုံခွင်း စာသင်ဆောင်မှာ မတွေ့တာမို့ ဘုရင့်နန်းဆောင်ဆီ ခပ်သွက်သွက်လျှောက်လာခဲ့တာ.. အခန်းထဲက ခေါင်ဖုရားရဲ့ ရှိုက်သံကြောင့် အတွင်းဆောင်ဝင်ဖို့ခွင့်တောင်မတောင်းနိုင်ဘဲ အပြေးဝင်ချလာခဲ့သည်။"တိက္ခ ခေါင်ဖုရားဘာဖြစ်တာလဲ။ ဘယ်နားထိခိုက်သွားတာလဲ"".............."ထိတ်ထိတ်ပြာပြာ မေးပေမယ့် တိက္ခဆီက အဖြေမလာ။ ခေါင်ဖုရားကတော့ အိပ်ယာထက် ကွေးကွေးလေးလှဲလျက် ငိုကြွေးနေဆဲ။ ရန်ပုံခွင်း ဝဏ္ဏကို ဆရာဝန်သက်ဉီးဆီဆက်သွယ်ခိုင်းလိုက်ပြီး.. ကျန်ရံရွေတွေကို ပြန်လွှတ်လိုက်ကာ အိပ်ခန်းကို ပြတင်းတံခါးတွေပိတ်လျက် အဲကွန်းကို ခပ်နွေးနွေးအနေအထားရ‌အောင် ၂၇ ဒီကရီ စင်တီဂရိတ်မှာ ထားပြီး.. ခေါင်ဖုရားအနား ဒူးတုပ်စောင့်နေမိသည်။ "ခေါင်ဖုရား.. ခေါင်းကိုက်တော်မူပါ့လိမ့်မယ်ဖုရား.. မင်းတြားကြီး မကြာမီပြန်ကြွလာတော့မှာပါဘုရား။ ပွဲတော်တည်ဖို့.. ငယ်ကျွန်ကြီး စီစဉ်ထားပါပြီဘုရား။ ဝမ်းနည်းတော်မမူပါနဲ့ဘုရား"ရန်ပုံခွင်းရဲ့ တိုးတိုး ချော့သံကြောင့် .. မြတ် စိတ်ကိုထိန်းလိုက်သည်။ တစ်ခါမှ မပျော့ညံ့ဖူးတဲ့ ကိုယ့်ကိုယ်ကို အားတောင်မရတော့။ ငိုလိုက်ရလို့ထင်သည်၊ စိတ်ပေါ့ပါးသွားသလိုမျိုး.. သက်သာသွားတာမို့ ရန်ပုံခွင်းဘက်လှည့်လိုက်ပြီး မိန့်လိုက်ရသည်။"ကိုယ်တော် ထမင်းမစားတော့ဘူး ရန်ပုံခွင်း.. နွားနို့တစ်ခွက်သောက်ချင်တယ်။ နောက်ပြီး.. ကြက်ဉပူတင်းစားချင်တယ်။ ဒီညတော့ စောစောအိပ်မယ်။""ငယ်ကျွန်ကြီး အခုပဲ စီစဉ်ပေးပါ့မယ်ဘုရား"သိပ်တောင်မစောင့်လိုက်ရ၊ ရန်ပုံခွင်းကိုယ်တိုင် ယူလာတဲ့ စားချင်လှတဲ့ ကြက်ဉပူတင်းကို ဇွန်းနဲ့ခပ်ပြီး တစ်လုပ်ငုံလိုက်စဉ်မှာပဲ မြတ် ရင်ထဲက လှိုက်တက်လာပြီး ပျို့အန်တော့သည်။ ရေချိုးခန်းဆီပြေးဖို့ အချိန်မရလိုက်.. အားကုန်အောင် အန်ထုတ်လိုက်ပြီးတာနဲ့.. လူက ပျော့ခွေသွားရတော့သည်။ ပူတင်းဆက်ရင်း အနားမှာ ဒူးတုပ်စောင့်နေတဲ့ ရန်ပုံခွင်း တစ်ဝေါ့ဝေါ့နဲ့ အန်ချလိုက်တဲ့ ခေါင်ဖုရားကို အပြေးလေးထိန်းလိုက်ပြီး ကျောတွေ ရင်တွေကို ပုတ်ပေးနေမိသည်။ "ဝဏ္ဏ.. ဆရာဝန် ခေါ်ထားတာ ရောက်ပြီလား။""ကြိုဆိုဖို့သွားနေကြောင်းပါ ကိုယ်ရံတော်ကြီး။""ခေါင်ဖုရား ဆရာဝန်ရောက်ကြောင်းပါ ဘုရား...""ခေါင်ဖုရား.. ခေါင်ဖုရား ဝင်ခွင့်ပြုပါဘုရား"အခန်းထဲ က တစ်ဝေါ့ဝေါ့ အော့အန်သံကြောင့် သက်ဉီး.. ဝင်ခွင့်ရဖို့ အဖြေကိုစောင့်မနေနိုင်။ အခန်းထဲ အပြေးဝင်လိုက်သည်။ ရန်ပုံခွင်းလက်ထဲမှာ ပျော့ခွေနေတဲ့ ခေါင်ဖုရားကို သက်ဉီး လက်လွှဲယူလိုက်ပြီး ကုတင်ထက်လှဲစေကာ နောက်ကဝဏ္ဏကို ဆေးအိတ်ထဲက နားကျပ် ယူခိုင်းလိုက်ရသည်။ လှိုက်ဖိုနေတဲ့ ရင်ကို နားထောင်ရင်း.. စမ်းသပ်ကြည့်တော့ နှလုံးခုန်နှုန်းက မငြိမ်။ သံသယဝင်စရာ ကိစ္စမဟုတ်တာမို့လည်း သက်ဉီး.. ခေါင်ဖုရား ဗိုက်ကိုစမ်းသပ်ရသည်။ "အင်း.. ခေါင်ဖုရား အစားများမှားသလား.. နေ့လည်က ပွဲ‌တော်တည်တာ ဘာတွေပါလဲ ဝဏ္ဏ။ အစာအိမ်မကောင်းတဲ့ လက္ခဏာမျိုးပဲ။ သွေးခုန်နှုန်းလည်းမမှန်ဘူး။ သွေး‌ပေါင်ကတော့ ကောင်းတယ် ဒါပေမယ့် စိတ်မချရဘူး ဒီလောက်အန်နေရင် ရေဓါတ်ဆုံးရှုံးနိုင်တယ်။ ဆေးရုံခေါ်သွားချင်တယ် ကိုယ်ရံတော်ကြီး။ ထီးဘုရားကို ဖုန်းဆက်လျှောက်တင်ပေးပါလား""သက်ဉီး။ ကိုယ်တော့်ကို မလျှောက်တင်ပါနဲ့။ ငါသက်သာသွားမှာပါ။ အစာမကြေလို့ဖြစ်တာနေမယ်။ ဆေးထိုးပေးပါလား"ခေါင်ဖုရားရဲ့ လေသံဖျော့ဖျော့ကြောင့် သက်ဉီးရော ဝဏ္ဏတို့ပါ အားမရကြပေမယ့် အမိန့်တော်ကိုတော့ မလွန်ဆန်နိုင်ပါ။ ဉီးရီးတော် နန္ဒရှိရင် ကောင်းမှာလို့ သက်ဉီးတွေးမိသည်။ ဉီးရီးတော်ကိုဆိုရင်တော့ ခေါင်ဖုရား မတားဘူးထင်ပါရဲ့။ နားခံတော်ကြီးဉီးညိုကလည်း.. ခွင့်ရက်ယူကာ ရွာပြန်နေတယ်ဆိုတော့ ငယ်ကျွန်တွေက.. ခေါင်ဖုရားကို ထပ်မလျှောက်ရဲကြ။ သက်ဉီး သေချာစစ်ဆေးပေးပြီး အအန်ပျောက်ဆေး၊ အစာအိမ်ဆေးနဲ့ လေဆေးတွေကိုပါ ရန်ပုံခွင်းလက်ထဲထည့်ပေးခဲ့သည်။"သက်ဉီး။ ခေါင်ဖုရား ညနေတုန်းက ငိုသေးတာ ဗိုက်နာလို့ဖြစ်နိုင်တာပေါ့ဟုတ်လား။""ညနေတည်းက ‌ခေါ်ရမှာ .. ဝဏ္ဏရယ်။ ငါက အူအတက်ပေါက်မှာစိုးနေတာ။ အခုတော့ အန္တရာယ်မရှိတော့ပါဘူး။ ညရေးညတာ စိတ်မချရရင် အချိန်မရွေးဖုန်းဆက်လိုက်၊ ငါ မှူးမတ်ဆောင်မှာ အိပ်စောင့်မယ်နော်။ ကိုယ်ရံတော် ရန်ပုံခွင်း မနက်‌တော့ ဉီးနိုင်ကို ကားနဲ့လိုက်ပို့ပေးခိုင်းပါအုံး။ ဆေးရုံဂျူတီရှိသေးတယ်လေ"ဆေးတစ်ခွက်သောက်ပြီး အနည်းငယ်သက်သာတာမို့ ခေါင်ဖုရား အိပ်ပျော်သွားတော့မှ ရန်ပုံခွင်းလည်း အဆောင်ကိုပြန်သလို တိက္ခနဲ့ ဝဏ္ဏ လည်းအခန်းအပြင်ဘက် စင်္ကြန် လမ်း‌ဘေး လှဲနေကျ နေရာလေးမှာ အခင်းခင်းပြီးလှဲလိုက်သည်။ ထီးဘုရား ခရီးထွက်သွားကတည်းက ခေါင်ဖုရားကိုစိတ်မချလို့ တိက္ခနဲ့ ဝဏ္ဏတို့ အခန်းပြင်မှာအိပ်စောင့်ခဲ့တာကို ခေါင်ဖုရားမသိအောင် ဖုံးဖုံးဖိဖိ နေခဲ့ပေမယ့် အခုလို နေမကောင်းရှာတဲ့ ခေါင်ဖုရားအနား.. တစ်ဖဝါးမှမခွာချင်ပါ။ ထီးဘုရားကို လွမ်းဆွတ်လျက်နဲ့ နာမကျန်းဖြစ်လာရှာတဲ့ ခေါင်ဖုရားကို ငယ်ကျွန်များ သနားနေမိတော့သည်။

ကြီးမြတ်လေသော နှလုံးသားWaar verhalen tot leven komen. Ontdek het nu