အပိုင်း(၃) : သဘောထား

26.8K 2K 101
                                    


{Zawgyi🌿}

.... ဆရာလေး...
ကျေးဇူးပြုပြီး ကျွန်တော့်ကို
ခင်ဗျားကလေးတွေလို
သဘောမထားလို့ရမလား??...

***

At 10:09 AM....

"ကဲ.. ပြောပါဗျ.. ဥက္ကဋ္ဌရယ်....။  မနက်စောစောစီးစီးကတည်းက လော်နဲ့အော်ထားတာ ဘာကိစ္စရှိလို့လဲ? ... ကျွန်တော်တို့မှာ လယ်ထဲက အလုပ်တွေ မပြီးဘဲနဲ့ကို ပြန်လာရတာ... ။ အခုလဲ ပြောတော့ဗျ ... ကျွန်တော်တို့ အိပ်ချိန်တွေ ရှိသေးတယ်.....။"

ဥက္ကဋ္ဌကတော့ လေးငါးယောက်တော့ ထိုင်၍ရသော တန်းလျားလေးပဲပေါ်မှာ ရုပ်ရှင်ထဲကအတိုင်း လက်ဖက်ရည် အကြမ်းလေးကို သောက်ပြီး မိန့်ခွန်းခြွေဖို့ ချောင်းတဟန့်ဟန့် လည်ချောင်းတရှင်းရှင်းနဲ့ပင်....။ ရွာသူ ရွာသားတွေက ဥက္ကဋ္ဌ အရန်သင့် ခင်းပေးထားသော ဖျာကြမ်းတွေပေါ် ထိုင်ပြီး တစ်ယောက် တစ်ပေါက်နဲ့ပင်....။

"အဟမ်း!... အဟမ်း! တော်ကြတော့ဟေ့ အရေးကြီးတာ ပြောမလို့။"

"မိုးဖြူ ဘာဖြစ်လို့လဲ?"

ရွာသားတစ်ယောက်၏ မေးသံကြောင့် ဥက္ကဋ္ဌမှာ တံတွေးတောင် မျိုမကျဖြစ်ရသည်။ စိတ်ဆိုးသော်ငြား ရိုးသားသော ကိုယ့်ရွာသားများအကြောင်းသိသည်မို့ ပွင့်ပွင့်လင်းလင်း ပြောတတ်တာကိုတော့ ဗွေယူလို့မရ။ ဗွေယူရင်လဲ တစ်သက်လုံး စိတ်ဆိုးပြေရတော့မယ်မထင်....။

"ငါ့သမီး မိုးဖြူက ဘာမှမဖြစ်ဘူး....။ ဖြစ်တာက မနေ့ကပဲ မြို့က ဆရာလေးအသစ် ရောက်လာတယ်။"

"ဆရာလေး.. ဟုတ်လား? မနေ့ကလား? ကျုပ်တို့တော့ မမြင်မိပေါင်....။"

"ဟဲ့.. ဘယ်မြင်မလဲ ဆရာလေးက လမ်းသလားနေတာမှ မဟုတ်တာ။ သူလဲ သူ့သိက္ခာနဲ့သူပေါ့..။ သွားကြည့်မှပဲ မြင်မှာပေါ့...။"

"ဒီဆရာလေးကရော.. အရင်ဆရာတွေလိုပဲ ပြောင်းဖို့ စာတင်ပြီး ဇွတ်အတင်း ထွက်သွားမှာပဲ မလား? ကျွန်တော်တို့မှာ သံယောဇဉ် တွယ်မိလိုက်၊ သူတို့က ထားခဲ့လိုက်နဲ့၊ ဖြစ်နိုင်ရင် ကိုယ့်ရွာကပဲ ဆယ်တန်းအောင်၊ ပညာတတ် ဘွဲ့ရလေးတွေကိုပဲ ဆရာခန့်ချင်တော့တယ်။ မြန်မာနိုင်ငံချင်း တူတာတောင် ကျုပ်တို့ဘက်က တောကျလို့ ခေါင်လို့ မနေချင်ကြပါဘူး...."

ပြယ်(ခင်ဗျားမှ မရရင် ရူးတော့မလို့)-S1Where stories live. Discover now