"အရင်တုန်းကတော့ ငါလည်း သူ့ကို သွေးအေးပြီး ရက်စက်တတ်တဲ့ လူစားမျိုးလို့ပဲ ထင်ထားခဲ့တာ။ ဒါပေမဲ့ သူက ချီရှူးလို သွေးအေးတတ်တဲ့ ပုံမျိုး မဟုတ်ဘူး။ ချီရှူးက သွေးဆူလွယ်ပေမဲ့ သူက အဲ့လိုမျိုး မဟုတ်ဘူး"

"ကျိုးချန်ကလေ... သွေးအေးပြီး ရက်စက်တတ်တဲ့လူလား" ကျွန်တော် ဒီစကားလုံးတွေကို လက်မခံနိုင်ချေ။

"ဟုတ်တယ်။ သူက မင်း ကျောင်းစာနဲ့ ပတ်သက်ပြီးတော့ မင်းကို ဂရုစိုက်ပေးတာကို ကြည့်ပြီး ငါ အံ့ဩသွားမိတာလေ။ သူက နဂိုဆို ရှုပ်ရှုပ်ယှက်ယှက်တွေ သဘောကျတာမှ မဟုတ်တာ"

ဝမ်းယန်က ကျွန်တော့ကို ပြုံးပြီး ကြည့်ရင်း ပြောတယ်။

"ငါ အခုတော့ သိသွားပြီ။ သူ သွေးအေးတယ်ဆိုတာမျိုးက သူ့အတွက် အရေးမပါတဲ့လူတွေအတွက်ပဲ"

ဒီ စကားတွေဟာ ကျွန်တော့သံသယတွေကို မလွင့်ပျယ်စေရုံသာမက ပိုပြီးတော့တောင် သင်္ကာမကင်း ဖြစ်လာရပါတော့တယ်။

"ဘာလို့လဲ... ကျွန်တော့ကျမှ ဘာလို့ အထူးတလည်ဖြစ်နေရတာလဲ"

ဝမ်းယန်လည်း သေချာသိတဲ့ပုံ မပေါ်။ သူက ခေါင်းကို ခါရမ်းကာ ပြောတယ်။

"ငါလည်း မသိဘူး... ဪ ဟုတ်သား... ငါ စဉ်းစားမိတာ တခုတော့ ရှိတယ်"

"ဘာလဲ"

"ငါ ကျိုးချန်ကို တခါ မေးဖူးသေးတယ်။ သူ နိုင်ငံခြား မထွက်ခင်တုန်းကပေါ့။ အဲ့တုန်းကတောင်မှ သူက တရုတ်ပြည်မှာပဲ နေမယ်လို့ ပြောခဲ့သေးတာ။ ဒါပေမဲ့ သိပ်မကြာဘူး။ ရုတ်တရတ်ကြီး နိုင်ငံခြားထွက်သွားပါလေရော။ အခုမှ ပြန်စဉ်းစားကြည့်‌မိတော့ အဲ့အချိန်က မင်းနဲ့ ချီရှူး တွဲပြီး သိပ်မကြာခင်လောက်ဖြစ်မယ်"

ကျွန်တော် သိတယ်။ ဒီ ကိစ္စဟာ ကျွန်တော်နဲ့ တနည်းနည်း ပတ်သက်နေတယ်လို့ ဝမ်းယန်က ပြောချင်နေတာ။

ဒါပေမဲ့ ကျွန်တော့ဆီ 'ဘာလို့လဲ' ဆိုတဲ့ မေးခွန်းက ကျန်နေသေးတုန်းပဲ။

ကျန်တဲ့ ကိစ္စတွေကိုတော့ ဝမ်းယန်လည်း မသိပါဘူး။ တယောက်အကြောင်း တယောက် စပ်စုရအောင်အထိ ဝမ်းယန်နဲ့ ကျိုးချန်နဲ့က အဲ့လောက်ကြီးထိလည်း မရင်းနှီးကြပါ။

နွမ်းလျရွက်ဝါWhere stories live. Discover now